ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်အစပ်ရှိ ရွာများကို စစ်တပ်နှင့် ပအိုဝ်ပြည်သူ့စစ် (PNO)တို့က စစ်ကြောင်းထိုးနေရာ နောင်ဝိုး၊ ပင်စုံ၊ နန်းဖာမူ ရွာများအပါဝင် ၅ နေရာထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်နေကြောင်း သိရသည်။
အင်အား ၁၀၀၀ ခန့်ရှိ စစ်တပ်နှင့် PNO ပြည်သူ့စစ်တို့ ပင်လောင်းမြို့မှ ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး တိုက်ပွဲများမှာ တလ ကျော်နေပြီဖြစ်သလို ပြီးခဲ့သည့်ရက်က ပိုမိုပြင်းထန်လာကာ မြေပြင်စစ်ကြောင်းများအပြင် လေကြောင်းပစ်ကူများပါ သုံး လာကြောင်း စစ်ရှောင်များအား ကူညီနေသည့် ဗန်းမောက်ရွာခံတဦးကပြောသည်။
“တိုက်ပွဲကပြင်းနေတာ ၃ ရက်လောက်ရှိပြီးပေါ့။ ပြီးခဲ့တဲ့ ၂ ရက်၊ ၃ ရက်ကတော့ လေယာဉ်နဲ့ နေ့တိုင်းလာတိုက် တယ်” ဟု သူကပြောသည်။
စစ်ကောင်စီသည် တိုက်လေယာဉ်များအပြင် ဒရုန်းကိုလည်း တွင်တွင်ကျယ်ကျယ် သုံးလာကြောင်းဖယ်ခုံမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကလည်း အတည်ပြု၏။
၎င်းက ” သူတို့ဘက်က အလုံးအရင်းနဲ့ထိုးတော့ နှစ်ဖက်အထိအခိုက်တွေရှိနေတယ်။ တိုက်ပွဲက ဒီနေ့က ရှေ့ရက်တွေ ကလောက် မဆိုးဘူး။ အရှေ့ရက်တွေက ဆိုးတယ်။ အထိအခိုက်တွေ များတယ်။ ဒရုန်းကိုလည်း တော်တော် သုံးလာတယ် ” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်းပြင်းထန်တိုက်ပွဲများကြောင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ထိခိုက်မှုရှိနေပြီး မိုးဗြဲ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း၂ မှ တာဝန်ရှိသူတဦးကလည်း ယခုရက်ပိုင်းအတွင်း ရှမ်းတောင်ပိုင်း၌ ဒဏ်ရ ရ ရဲဘော် ၁၄ ဦးအတွက် အရေးပေါ်ဆေးဖိုးအကူအညီအား လူမှုကွန်ရက်စာမျက်နှာမှတဆင့် ယမန်နေ့က အကူအညီ တောင်းခံထားသည်။
ထို့ပြင် တိုက်ပွဲများကြောင့် ပင်လောင်း-ဖယ်ခုံ လမ်းမကြီးဘေးရှိ ရွာပေါင်း ၁၆ ရွာခန့် စစ်ဘေးရှောင်နေရကာ တချို့ရွာ များ မှာ ထွက်ပြေးမရ၍ တိုက်ပွဲများအကြား ပိတ်မိနေကြောင်း ဒေသခံများက ဆိုသည်။

ဗန်းမောက်ရွာမှ စစ်ရှောင်တဦးက ” ရှောင်နေကြရတာ ၁၆ ရွာလောက်ရှိတယ်။ တချို့ရွာတွေလည်း ပိတ်မိနေ တာရှိသေး တယ်။ အခုတကြိမ်စစ်ကြောင်းထိုးတာက ဆက်တိုက်ပဲ၊ လေးပတ် ကျော်နေပြီ”ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နှင့် ကရင်နီပြည် လွိုင်ကော်မြို့သို့ သွား၍ ကရင်နီပြည်၌ ဆုံးရှုံးနယ်မြေများ ပြန်ထိန်းချုပ်ကာ နယ်မြေအေး ချမ်းအောင် ဆောင် ရွက်သွားမည်ဟု ပြောခဲ့ပြီးနောက် ရှမ်း-ကရင်နီနယ်စပ်ဘက်ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလှုပ်ရှားလာ ခြင်း ဖြစ်ကြောင်း သိရသည်။
ရှမ်းနှင့် ကရင်နီနယ်စပ်ဘက် စစ်ရေးအခြေအနေအပေါ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၁ ဖယ်ခုံဇုန်တပ်ရင်းက “ကရင်နီပြည်ရဲ့တံခါး၊ ခြံစည်းရိုးမှာ တိုက်ပွဲတွေ ပြင်းထန်နေ၊ ရေဘေးလည်း အရေးကြီးသလို၊ စစ်ခွေးကို မောင်းထုတ်ရမှာလည်း အရေးကြီးနေ ပါဝင်ကူညီကြပါ “ဟု အောက်တိုဘာ ၁ ရက်တွင် ဖော်ပြထားသည်။
ရှမ်း-ကရင်နီနယ်စပ်တွင် တိုက်ပွဲတလကျော်လာသည်နှင့် ပတ်သက်၍ KNDF တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းထား သော်လည်း လတ်တလော ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်ကမူ စစ်ရေးအခြေအနေ အသေးစိတ်ကို မသိရသေးသော်လည်း စစ်ကောင်စီ၏ ရည်ရွယ်ချက်မှာ ကရင်နီပြည်ရှိ ဆုံးရှုံးနယ်မြေများကို ပြန်ထိန်းချုပ်လိုခြင်းထက် နေပြည်တော်ကို ကာကွယ် နိုင်ရန် ပိုမိုဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။
လက်ရှိတိုက်ပွဲများဖြစ်ပွားနေသည့် ပင်လောင်း-ဖယ်ခုံနယ်စပ်ကျေးရွာများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင်ရှိပြီး ပင်လောင်းမြို့နယ်သည် အရှေ့ဘက်တွင် ညောင်ရွှေ၊ တောင်ဘက်တွင် ဖယ်ခုံ၊ အနောက်ဘက်တွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ မြောက်ဘက်တွင် ကလောမြို့နယ်တို့နှင့် နယ်နမိတ်ချင်း ထိစပ်နေသည်။
You may also like these stories:
ပင်လောင်းမှာ လူ ၁သောင်းစုပြီး နေပြည်တော်ကို ကာကွယ်ဖို့ ပြင်နေသလား
လွိုင်ကော်ကို ထိန်းချုပ်ပြီးနောက် နယ်မြေစိုးမိုးရေး စစ်တပ်ပိုမို လှုပ်ရှား
ရေဘေးကို အခွင့်ကောင်းယူ၍ ကရင်နီ၌ စစ်တပ် ပိုလှုပ်ရှားလာ
ဖယ်ခုံမြို့ တဝက်ခန့် ကရင်နီပူးပေါင်းတပ်များ စိုးမိုးထား














