ဂုဏ်သရေရှိဧည့်သည်များကို နေပြည်တော်ရှိ သံတမန်ခန်းမတွင် လက်ခံတွေ့ဆုံရခြင်းသည် ပြဿနာဝိုင်းနေသော စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အတွက် ရှားရှားပါးပါး ဂုဏ်ယူရသော အချိန်ဖြစ်သည်။
မင်းအောင်လှိုင်၏ စစ်ကောင်စီသည် နိုင်ငံ၏ ထက်ဝက်အောက်ကိုသာ ထိန်းချုပ်နိုင်တော့သော်လည်း မြန်မာ့ အာဏာနှင့်အချုပ်အခြာ သင်္ကေတ ရွှေချထားသည့် ရာဇပလ္လင်ရှေ့တွင် ဧည့်သည်များကို တွေ့ဆုံရခြင်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် ခေါင်းဆောင်မှုပုံရိပ်ကို ဖော်ဆောင်ခွင့်ရစေသည်။
သို့သော် မင်းအောင်လှိုင် အရှက်ရစရာဖြစ်စေသည်မှာ ယခုလအစောပိုင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ အော့သ်မန် ဟာရှင်က လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသည့် ခရီးစဉ်အတွင်း သူ့ကို တွေ့ရန် ငြင်းဆန်သောအခါ သူ ဂုဏ်ယူရမည့်အချိန် ပျောက်သွားခဲ့သည်။
စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံရန် အထူးသံတမန်က မည်သည့်အတွက် ရှောင်ရှားသည်ကို မသိရပေ။
မလေးရှားနိုင်ငံက ထိုခရီးစဉ်ကို လူသိနည်းအောင်ထားပြီး အများပြည်သူသို့ မကြေညာစေလိုကြောင်း အထူးသံတမန်၏ခရီးစဉ်ကို သိရှိသူများက ပြောသည်။
သို့သော် အထူးသံတမန်သည် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် နေပြည်တော်တွင် တွေ့ဆုံသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်ချုပ်ဟောင်း မစ္စတာ အော့သ်မန်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် မလေးရှားက ၂၀၂၅ ခုနှစ်အတွက် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူသည့် ဇန်နဝါရီလတွင် ခန့်အပ်သည်။ အထူးသံတမန်၏တာဝန်မှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားသည့် ပြည်တွင်းစစ်ကြောင့် အကျပ်အတည်းဖြစ်နေသော မြန်မာ၏ ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ရန် ဖြစ်သည်။
မလေးရှားသည် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းတို့နှင့်အတူ အာဆီယံ ထူထောင်သည့် အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။
မြန်မာသည် ၁၉၉၇ ခုနှစ်တွင် ထိုစဉ်က မလေးရှားဝန်ကြီးချုပ် မဟာသီယာ ဘင် မိုဟာမက်၏ ထောက်ခံမှုဖြင့် အာဆီယံသို့ ဝင်ရောက်သည်။
ထိုစဉ်က ပြည်တွင်းအခြေအနေ မတိုးတက်ပါက မြန်မာ အဖွဲ့ဝင်ဖြစ်လာခြင်းကို ထိုင်းနှင့်ဖိလစ်ပိုင်တို့က သံသယ ထုတ်ဖော်ပြောခဲ့သော်လည်း ဒေသတွင်းညီညွတ်မှု တိုးတက်ရေးအတွက် ထိုစဉ်းစားသုံးသပ်မှုများကို ပယ်ချခဲ့သည်။
ထိုစဉ်က စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အတိုက်အခံခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၅ ခုနှစ်တွင် လွှတ်ပေးပြီးနောက် မြန်မာကို အဖွဲ့ဝင်ခွင့်ပေးခဲ့သည်။ ထိုစဉ်က မြန်မာစစ်အုပ်စုသည် အနောက်တိုင်းနှင့် ဆက်ဆံရေးတွင် အကွဲအပြဲဖြစ်စေပြီး ဥရောပနှင့် အာရှခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့် အစီအစဉ်များကို အနှောင့်အယှက်ဖြစ်စေသည်။
၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်အထိ နိုင်ငံကို ဦးဆောင်သည်။ ထိုစစ်အာဏာသိမ်းချိန်မှ စတင်ပြီး သူ့ကို စစ်ကောင်စီက ထောင်ချထားသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် မြန်မာ့ငြိမ်းချမ်းရေးအတွက် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်အနက် မည်သည့် အစိတ်အပိုင်းကိုမှ လေးစားလိုက်နာခြင်းမရှိဘဲ အာဆီယံသည် ထိုငြိမ်းချမ်းရေးအစီအစဉ်အတွက် လုံလောက်သော တွန်းအားပေးမှုမရှိဆိုသည့် ဝေဖန်မှုများ ဖြစ်စေသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီ အဆင့်မြင့်အရာရှိများကို အာဆီယံအစည်းအဝေးများတက်ခွင့် ပိတ်ပင်ထားသည်။
သံတမန်ရေး အထီးကျန်ပြီး တရားဝင်မှု အလွန်လိုအပ်နေသော စစ်ကောင်စီသည် ပြည်ပအစိုးရ ကိုယ်စားလှယ်များ လာရောက်သည့်ခရီးစဉ်များကို အသုံးချရန် အခွင့်အရေးရတိုင်း ကြိုးစားပြီး ထိုသတင်းများကို ၎င်း၏ ဝါဒဖြန့်သတင်းစာများနှင့် ရုပ်သံလိုင်းများတွင် ပုံရိပ်မြှင့်တင်သည်။
လွန်ခဲ့သောနှစ်က အာဆီယံ အထူးသံတမန် လာအိုမှ မစ္စတာ အလောင်ကီယို ကစ်တီခွန်သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက သူ၏ခရီးစဉ်အတွင်း စစ်ကောင်စီခေါင်းဆောင်နှင့် နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးလုံးကို တွေ့ဆုံခဲ့သည်။ မင်းအောင်လှိုင်သည် မစ္စတာ အလောင်ကီယိုနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခုနစ်ခုနှင့် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံစေခဲ့သည်။
ယခုတကြိမ်တွင်မူ အထူးသံတမန်သစ်၏ ခရီးစဉ်ကို စစ်ကောင်စီထိန်းချုပ် သတင်းစာများက လျစ်လျူရှုထားပြီး အထူးသံတမန်၏ တောင်းဆိုမှုကြောင့် ဖြစ်ဖွယ်ရှိသည်။ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် အထူးသံတမန် တွေ့ဆုံသည့်သတင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နှုတ်ဆိတ်နေသည်။
ထိုသို့ မီဒီယာအမှောင်ချမှုကြောင့် မလေးရှား၏ စစ်ကောင်စီနှင့် ပတ်သက်သည့် ယခင် တင်းမာသော ရပ်တည်ချက်အတွက် မလေးရှားအထူးသံတမန်ကို အေးတိအေးစက် ဆက်ဆံခဲ့သည်ဆိုသည့် ခန့်မှန်းချက်များ ဖြစ်စေသည်။
သူ၏ မြန်မာခရီးစဉ်အပြီးတွင် အထူးသံတမန်သည် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ပါဝင်သည့် K2C အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် အလားတူ လျှို့ဝှက်သော အစည်းအဝေးများအတွက် ဘန်ကောက်သို့ သွားရောက်သည်။
သို့သော် ဘန်ကောက်အစည်းအဝေးသည် အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ် အချက် သုံးချက်ဖြစ်သည့် အကြမ်းဖက်မှု ရပ်ဆိုင်းရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် အားလုံးအကျုံးဝင်သော တွေ့ဆုံဆွေးနွေးရေးတို့ကို အာရုံစိုက်ကြောင်း ထိုအစည်းအဝေး တက်ရောက်သည့် သတင်းရင်းမြစ်များက ပြောသည်။
အာဆီယံ အထူးသံတမန်သည် စစ်ကောင်စီအဆိုပြု ရွေးကောက်ပွဲကို ထောက်ခံရေးထက် အားလုံးအကျုံးဝင်သည့် ဆွေးနွေးပွဲများ စတင်ရေးကို ပိုမို စိတ်အားထက်သန်သည်ဟု ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့သူတဦးက ပြောသည်။
သို့သော် အထူးသံတမန်၏အဖွဲ့က ထိုသတင်းပေါက်ကြားမှုအတွက် တုန်လှုပ်ကြောင်းပြောပြီး အထူးသံတမန်နှင့် တော်လှန်ရေးအင်အားစုများအကြား “ယုံကြည်မှု ပျက်စီးစေကြောင်း” ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ASEAN’s Myanmar Peace Effort in Limbo After Envoy’s Visit ကို ဘာသာပြန်သည်။)
You may also like these stories:
အာဆီယံ ဗဟိုပြုမှုကို မြန်မာ ခြိမ်းခြောက်နေသလား
အာဆီယံတွင် ပုံမှန်အဆင့်အတန်း ပြန်ရရန် စစ်ကောင်စီ မျှော်လင့်
မြန်မာတွင် အကြမ်းဖက်မှုရပ်ရန် မလေးရှားဝန်ကြီးချုပ် တောင်းဆို
စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း
မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း