ဖိလစ်ပိုင် ကြားကာလရွေးကောက်ပွဲတွင် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာဘက်သို့ ယိမ်းနိုင်သော်လည်း သမ္မတနှင့် အဆင်မပြေသော ပြိုင်ဘက်ဒုသမ္မတ ဆာရာဒူတာတေးအတွက် မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်သော သတင်းတခုက သမ္မတအတွက် တုန်လှုပ်စရာဖြစ်စေနိုင်ပြီး ရာထူးသက်တမ်း လက်ကျန်ကာလတွင် အာဏာချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်နိုင်ခြေရှိကြောင်း ရိုက်တာသတင်းက ဆိုသည်။
အထက်လွှတ်တော်ရွေးကောက်ပွဲများတွင် သမ္မတ၏ မဟာမိတ်များ သိမ်းကျုံးအနိုင်ရမည်ဟု စစ်တမ်းများက ကြိုတင် ဟောကိန်းထုတ်နေသော်လည်း ဒူတာတေးကို စွဲချက်တင်ခြင်းဖြင့် နိုင်ငံရေးမှ ဖယ်ရှားရန်နှင့် ၂၀၂၈ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ရန် မားကို့စ် သစ္စာခံများ၏ အင်တိုက်အားတိုက် အားထုတ်မှုကို ဖြတ်ကျော်စေနိုင်သည့် အထက်လွှတ်တော်၌ အရေးပါသော ခြေကုပ်ရခဲ့သည်။
အထက်လွှတ်တော်နေရာများကို မားကို့စ်၏ ညီမဖြစ်သူနှင့် ဖမ်းဆီးခံသမ္မတဟောင်း၏ လူယုံလက်ထောက် ၂ ဦး အပါအဝင် ဒူတာတေး မဟာမိတ် ၄ ဦးရမည်ဖြစ်ကြောင်း တရားဝင် မဟုတ်သည့် စာရင်းများက ပြနေသည်။
အထက်လွှတ်တော်တွင် စွဲချက်တင်မှုကြားနာမှုကို အထက်လွှတ်တော်အမတ် ၂၄ ဦးက ဂျူရီလူကြီးများအဖြစ် ပြုလုပ်နိုင်သည်။
မားကို့စ်နှင့် ခါးသီးသော နောက်ဆက်တွဲပြဿနာတခု၊ သိက္ခာကျဆင်းရသည့် ဒူတာတေးရုံးဘဏ္ဍာရေးကို ကွန်ဂရက်က လပေါင်းများစွာ စုံစမ်းစစ်ဆေးမှုနှင့် ဖခင် သမ္မတဟောင်း ဒူတာတေးကိုဖမ်းဆီးပြီး နိုင်ငံတကာ ရာဇဝတ်တရားသို့ လွှဲပြောင်းပေးမှုများရှိသော်လည်း တနင်္လာနေ့ ရလဒ်တွင် ဒူတာတေး၏သြဇာသည် လျော့ပါးခြင်းမရှိကြောင်း ပြသနေသည်။
ဒူတာတေးအပြစ်ရှိကြောင်း စီရင်ရန်နှင့် ရာထူးမှတသက်တာပိတ်ပင်ရန်အတွက် မဲ ၃ ပုံ ၂ ပုံအများစု လိုအပ်ပြီး အပြစ်ဒဏ်အတွက် တာဝန်မရှိကြောင်း ပြသရန် မဲ ၉ မဲသာလိုသည်။

“သူ့မှာ (ဆာရာဒူတာတေး)တာဝန်မရှိဘူးလို့ဆုံးဖြတ်ရင် သူဟာ အင်အားတောင့်တင်းလာပြီး သမ္မတရွေးကောက်ပွဲဝင်ဖို့ အားထုတ်မှုကို အထောက်အကူပြုမယ်” ဟု ဖိလစ်ပိုင်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ အေးရီးစ် အာဂူဂေ ပြောသည်။
ဆာရာဒူတာတေးသည် တရားသေလွတ်မြောက်ရန် အခြေအနေကောင်းနေပုံရကြောင်း ၎င်းက ဆက်ပြောသည်။
အရေးပါသော ရလဒ်ဖြစ်လာမည့် ရွေးကောက်ပွဲ
ဒူတာတေးကို မားကို့စ်၏ မဟာမိတ် အောက်လွှတ်တော်က စွဲချက်တင်ခြင်းနှင့် မတ်လတွင် ဒူတာတေးဖခင် သမ္မတဟောင်း ကို ဖမ်းဆီးလိုက်ခြင်းသည် ဒုသမ္မတကို ထောက်ခံသူများ လှုပ်ရှားလာစေသည့် ဆိုးကျိုးဖြစ်စေနိုင်ပြီး ရာထူးသက်တမ်း တကြိမ်သာ ကန့်သတ်ထားသောကြောင့် မားကို့စ် ဝင်ရောက် ယှဉ်ပြိုင်ရန် မဖြစ်နိုင်သည့် ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲ မတိုင်မီ မဟာမိတ်များ တည်ဆောက်ရန် ခွင့်ပြုလိုက်သလိုဖြစ်သည်။
“ဒါဟာ ခေတ်သစ် ဖိလစ်ပိုင်သမိုင်းမှာ အကျိုးဆက်အများဆုံး ကြားကာလ ရွေးကောက်ပွဲဖြစ်ပုံရတယ်” ဟု အာဂူဂေ ပြောသည်။
ဒူတာတေးမိသားစုဝင်တဦး သမ္မတဖြစ်လာခြင်းသည် အရေးပါသည့် လုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒ သက်ရောက်မှုများ လည်းရှိနိုင်ပြီး ဖိလစ်ပိုင်သည် အာရှတွင် အမေရိကန် ပြည်ထောင်စု၏ အနီးကပ်ဆုံးနှင့် သေနင်္ဂဗျူဟာအကျဆုံး တည်ရှိသည့် မဟာမိတ်ဖြစ်သောကြောင့် အမေရိကန်အတွက်လည်း သက်ရောက်မှုများ ရှိနိုင်သည်။

၂၀၁၆-၂၀၂၂ က သမ္မတသက်တမ်းအတွင်း ရိုဒရီဂို ဒူတာတေးသည် အမေရိကန်ပြည်ထောင်စုကို အပြင်းအထန် ဆန့်ကျင်ပြီး တရုတ်ဘက်သို့ လမ်းကြောင်းပြောင်းခဲ့သည်။ ထိုရပ်တည်ချက်ကို မားကို့စ်က ဝါရှင်တန်နှင့်ဆက်ဆံရေးတောင့်တင်းရန် အင်တိုက်အားတိုက်လုပ်ခြင်းနှင့် တောင်တရုတ်ပင်လယ်မှ တရုတ်၏ လုပ်ရပ်များကို နိုင်ငံစုံရပ်တည်ချက်နှင့်အတူ ရပ်တည်ခြင်းဖြင့် နောက်ပြန်လှည့်ခဲ့သည်။
ဒု သမ္မတ ဆာရာဒူတာတေးသည် နိုင်ငံခြားရေးမူဝါဒအကြောင်း အနည်းငယ်သာပြောသော်လည်း သူ့ဖခင် ရာထူးရှိစဉ်က အစီအစဉ်များကို အခိုင်အမာထောက်ခံသည်။
မားကို့စ်သည် ဒူတာတေးကို စွဲချက်တင်ခြင်းနှင့် ခပ်ကင်းကင်းနေပြီး ရွေးကောက်ပွဲအပြီး တနင်္လာနေ့တွင် နိုင်ငံရေးအုပ်စုအားလုံး ပြန်လည်သင့်မြတ်ရေး သတင်းစကား ကမ်းလှမ်းခဲ့သည်။
မားကို့စ်က “ကျနော်တို့ဟာ နေရာတိုင်းမှာ အနိုင်မရနိုင်ပေမယ့် ကျနော်တို့အလုပ်တာဝန် ဆက်ရှိနေတယ်၊ ဘယ်ပါတီနဲ့ ညွန့်ပေါင်းအဖွဲ့က ဖြစ်ပါစေ၊ အသစ်ရွေးကောက်ခံရသူတွေအတွက် လက်ကမ်းထားတယ်။ ပွင့်လင်းတဲ့စိတ်တွေ၊ ဘုံဦးတည်ချက်တွေနဲ့ ကျနော်တို့ဆက်လက်ချီတက်ကြပါစို့” ဟုပြောသည်။
(ရိုက်တာသတင်းဌာနမှ Karen Lema ရေးသားသော Down, but not out: Philippines election gifts Duterte a shot at political survival ကို ဘာသာပြန်ဖော်ပြသည်။)
You may also like these stories:
ဒူတာတေး အဖမ်းခံရခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံရေးတွင် မားကို့စ်မိသားစု အသာစီးရ
ICC ကို ဂရုမစိုက်ဟု ဒူတာတေး ပြော
မားကို့စ်နှင့် ဒူတာတေး မိသားစုကြားက ရန်ငြိုး
နိုင်ငံရေးစန်း တက်ပြီးရင်း တက်နေတဲ့ သမီး ဒူတာတေး














