သမ္မတ ဒေါ်နယ် ထရမ့်သည် အမေရိကန်မြို့ကြီးများကို ထိန်းသိမ်းရန် အမျိုးသားအစောင့်တပ်များကို ပိုမိုဖြန့်ကြက်နေချိန်တွင် သမ္မတသည် ပြင်ပခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရသောအခါမှသာ စစ်တပ်ကို စေလွှတ်သင့်သည်ဟု ဒီမိုကရက် ၁၀ ဦးလျှင် ခုနစ်ဦးနှင့် ရီပတ်ဘလစ်ကန် ထက်ဝက် အပါအဝင် အမေရိကန် ၅၈ ရာခိုင်နှုန်းခန့်က ယူဆသည်ဟု Reuters/Ipsos စစ်တမ်းတခုက တွေ့ရှိသောကြောင့် စိတ်မသက်သာစရာ လက္ခဏာဖြစ်သည်။
အောက်တိုဘာ ၃ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိ ကောက်ယူသည့် ထိုစစ်တမ်းတွင် ရီပတ်ဘလစ်ကန် သမ္မတ ထရမ့်အပေါ် လူထုထောက်ခံမှုနှုန်သည် ၄၀ ရာခိုင်နှုန်းသို့ ကျဆင်းနေကြောင်း ပြသနေပြီး စက်တင်ဘာလ နှောင်းပိုင်းကထက် ၁ ရာခိုင်နှုန်းကျဆင်းကာ သူ၏ရာဇဝတ်မှုကိုင်တွယ်မှုနှင့် အမေရိကန် အိမ်ထောင်စုများ၏ လူနေမှုစရိတ်ကြောင့် ကျဆင်းခြင်းဖြစ်သည်။
အမေရိကန် ပြည်ထောင်စုသည် “အတွင်းရန်သူ” ကို ရင်ဆိုင်နေရသည်ဟု ကမ္ဘာတဝန်းမှ ရာနှင့်ချီသည့် အမေရိကန်ဗိုလ်ချုပ်၊ ရေတပ်ဗိုလ်ချုပ်များကို ဗာဂျီးနီးယားသို့ ဆင့်ခေါ်သည့် ထူးခြားသော အစည်းအဝေးတွင် သမ္မတ ထရမ့်က ပြောကြားပြီး ရက်ပိုင်းအကြာ ဝါရှင်တန် ဒီစီနှင့် လော့စ်အိန်ဂျယ်လိစ် အပါအဝင် ဒီမိုကရက်တစ် ဦးဆောင်သည့် မြို့ကြီးများတွင် ကင်းလှည့်ရန် လက်နက်ကိုင်တပ်များ ဖြန့်ကြက်နေချိန်တွင် ထိုစစ်တမ်းကို ကောက်ယူခြင်း ဖြစ်သည်။
ထိုသို့ တပ်များ ဖြန့်ကြက်ခြင်းသည် နိုင်ငံရေး ပယောဂမကင်းကြောင်း ဒီမိုကရက်ခေါင်းဆောင်များက ပြောပြီး ထိုတပ်များ လှုပ်ရှားမှုကို တရားရုံးတွင် စိန်ခေါ်သည်။ ဒေသဆိုင်ရာနှင့် ပြည်နယ်အရာရှိများ ကန့်ကွက်နေသည့်ကြားမှ အစောင့်တပ်များကို စေလွှတ်သည့် သူ၏အမိန့်များကို ကန့်သတ်သည့် မည်သည့် တရားရုံးဆုံးဖြတ်ချက်ကိုမဆို ရှောင်ကွင်းရန် ၁၈ ရာစု ပုန်ကန်မှုတိုက်ဖျက်ရေးဥပဒေကို အသုံးပြုမည်ဟု သမ္မတ ထရမ့်က အောက်တိုဘာလ ၆ ရက်နေ့တွင် ခြိမ်းခြောက်သည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးများက ကန့်ကွက်နေချိန်တွင်ပင် ပြည်နယ်များသို့ တပ်များဖြန့်ကြက်ရန် အာဏာသည် မည်သည့်ပါတီမဆိုထက် သမ္မတတွင် ရှိသင့်သည်ဟု စစ်တမ်းတွင် ဖြေဆိုသူ ၃၇ ရာခိုင်နှုန်းခန့်က သဘောတူပြီး ၄၈ ရာခိုင်နှုန်းက သဘောမတူပေ။
သမ္မတ ထရမ့်သည် နိုင်ငံကို ရာဇဝတ်ကောင် ရွှေ့ပြောင်းအခြေချများ ကျူးကျော်နေသည်ဟုဆိုကာ အမေရိကန် နယ်စပ်တွင်လည်း တပ်များဖြန့်ကြက်ထားပြီး ဗင်နီဇွဲလား ကမ်းလွန်မှ သင်္ဘောများမှ မူးယစ်မှောင်ခိုဟု သံသယရှိသူများကို စနစ်တကျ လုပ်ထုံးလုပ်နည်းအတိုင်း မလုပ်ဘဲ သတ်ဖြတ်ရန် တပ်များကို အမိန့်ပေးထားသည်။
လွန်ခဲ့သော သီတင်းပတ်က ထိပ်တန်းစစ်ခေါင်းဆောင်များသို့ မိန့်ခွန်းမပြောမီ သမ္မ ထရမ့်က သူ မကြိုက်သောသူ မည်သူ့ကိုမဆို အလုပ်ဖြုတ်မည်ဟု သတိပေးပြီး ဒီမိုကရက်တို့က ထိုစကားသည် နိုင်ငံရေးပြဿနာတွင် သူ့ဘက်က ရပ်တည်ရန် စစ်တပ်ကို ဖိအားပေးရေး ကြိုးစားမှုဖြစ်သည်ဟု ဝေဖန်သည်။
နိုင်ငံရေးတွင် စစ်တပ်ကြားနေသည်ကို အမေရိကန်များ လိုလား
အမေရိကန်စစ်တပ်သည် အစဉ်အလာအားဖြင့် နိုင်ငံရေးဆွေးနွေးမှုများတွင် မပါဝင်ဘဲ အမေရိကန်များသည် ထိုရပ်တည်ချက်ကို ပိုမိုလိုလားကြောင်း Reuters/Ipsos စစ်တမ်းက ဖော်ပြနေသည်။
စစ်တမ်းတွင် ဖြေဆိုသူ ၈၃ ရာခိုင်နှုန်းခန့်က စစ်တပ်သည် နိုင်ငံရေးအရ ဆက်လက် ကြားနေသင့်ပြီး ပြည်တွင်းမူဝါဒ ဆွေးနွေးမှုတွင် ဘက်မလိုက်သင့်ဟု ပြောပြီး ၁၀ ရာခိုင်နှုန်းက လက်နက်ကိုင်တပ်များသည် စတင်ဘက်လိုက်ကာ သမ္မတ၏ ပြည်တွင်းမူဝါဒ အစီအစဉ်ကို ထောက်ခံသင့်သည်ဟု ပြောသည်။
ရီပတ်ဘလစ်ကန် ငါးဦးလျှင် တဦးက နိုင်ငံရေးဆွေးနွေးပွဲတွင် စစ်တပ်က သမ္မတဘက်မှ ရပ်သင့်သည်ဟု ပြောသည်။

စက်တင်ဘာလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ကောက်ခံသည့် Reuters/Ipsos စစ်တမ်းတွင် ထရမ့်အပေါ် ရာဇဝတ်မှုနှင့် ပတ်သက်သည့် လူထုထောက်ခံမှုနှုန်းသည် ၄၃ ရာခိုင်နှုန်းမှ ၄၁ ရာခိုင်နှုန်းသို့ ကျဆင်းသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့ ကျမ်းသစ္စာကျိန်ဆိုမှုအပြီး အချိန်များတွင် Reuters/Ipsos က ကောက်ယူသည့် စစ်တမ်း၌ ထရမ့်အပေါ် အလုံးစုံ ထောက်ခံမှုနှုန်း ၄၇ ရာခိုင်နှုန်း ရှိသော်လည်း ယခုအခါ ၇ ရာခိုင်နှုန်း ကျဆင်းသည်။
အွန်လိုင်းမှ ကောက်ယူသည့် ထို Reuters/Ipsos စစ်တမ်းတွင် နိုင်ငံတဝန်းမှ အရွယ်ရောက်ပြီးသူ အမေရိကန် ၁,၁၅၄ ဦးကို စစ်တမ်းကောက်ယူပြီး ၃ ရာခိုင်နှုန်း အမှားအယွင်း ရှိနိုင်သည်။
ကိုးကား ။ ။ Reuters သတင်း Most Americans don’t want troops deployed without an external threat, Reuters/Ipsos poll finds
You may also like these stories:
အမေရိကန်မြို့ကြီးများတွင် အမျိုးသားအစောင့်တပ်များ ထရမ့် ဘာကြောင့်ချထားသနည်း
အမေရိကန်အစိုးရလုပ်ငန်း ပြန်စနိုင်ရေး မဲခွဲမှု မအောင်မြင်
အမေရိကန် အစိုးရဝန်ထမ်းများ နုတ်ထွက်ရန် ထရမ့် တွန်းအားပေး
ချာလီခါ့ သေဆုံးခြင်းအပေါ် အမေရိကန်များ အကြီးအကျယ် သဘောထားကွဲ
ထရမ့်နှင့် ဟားဗတ် ရန်ပွဲက အမေရိကန် ဂုဏ်သတင်းကို ထိခိုက်စေသည်













