ပြည်ပ ဖိအားကို ပြည်တွင်း ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ခြင်းဖြင့် တုံ့ပြန်ပါ
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် ဂမ်ဘီယာနိုင်ငံက “လူမျိုးတုန်း သတ်ဖြတ်မှု”ဖြင့် မြန်မာနိုင်ငံအပေါ် စွပ်စွဲထားခြင်းအား တရားဥပဒေလမ်းကြောင်းအတိုင်း ခုခံကာကွယ်ရန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်နိုင်ငံ သဟိဂ်မြို့သို့ သွားရောက်ပြီ ဖြစ်သည်။ မြန်မာ့တပ်မတော်ကလည်း အစိုးရနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးတို့
ပြည်တွင်းပြည်ပရှိ မြန်မာ့အရေးဆောင်ရွက်သူများကြား သဘောကွဲလွဲမှုများ ရှိသော်ငြား မြန်မာနိုင်ငံသားများအကြား ယခု အမှုသည် အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အသင်းဝင်နိုင်ငံများမှ ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေး ဖိအားပေးမှုဟု ထင်မြင်ယူဆချက်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်။ ဝီဂါ မွတ်ဆလင်များအား အလားတူ ဖိနှိပ်နေသော တရုတ်နိုင်ငံကဲ့သို့ အင်အားကြီးနိုင်ငံများ၏ လုပ်ရပ်များကိုမူ ဒေသတွင်းနှင့် ဘာသာတူ နိုင်ငံများက နှုတ်ဆိတ်နေကြောင်း ထောက်ပြ ဝေဖန်ပြောဆိုနေကြသည်။ ယင်းဝေဖန်ချက်မှာ တစိတ်တပိုင်း မှန်သော်လည်း ပြဿနာ၏ အရင်းအမြစ်ဖြစ်သော ပြည်တွင်း လူ့အခွင့်အရေး လေးစားလိုက်နာမှု၊ လူမျိုးရေးနှင့် ဘာသာရေး ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်ခြင်း၊ တရားဥပဒေစိုးမိုးရေး အပြည့်အဝ အကောင်အထည်ဖော်ခြင်းတို့ကို လုပ်ဆောင်နိုင်မှသာ အဖြေမှန်ရမည် ဖြစ်သည်။
ယင်းသည် အသစ်အဆန်းလည်း မဟုတ်ချေ။ ကွယ်လွန်သူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန် ဦးစီးသော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များပင်။ ရခိုင်မြောက်ပိုင်း ပြဿနာကို အမှန်တကယ် ပြေလည်လိုလျှင် ကိုဖီအာနန်ကော်မရှင် အကြံပြုချက်များကို လက်တွေ့အကောင်အထည် ဖော်ရန်သာရှိသည်။
ပြန်ပြောင်းကြည့်ရလျှင် အာဆာဟု လူသိများသော အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်များက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ၏ လုံခြုံရေးတပ်စခန်းများအား တိုက်ခိုက်အပြီး ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ရသည့် မြန်မာ့တပ်မတော်၏ တန်ပြန်စစ်ဆင်ရေးအတွင်း ယခုအခါ တပ်မတော်ကိုယ်နှိုက်က ဝန်ခံလာခဲ့ပြီဖြစ်သော အင်းဒင်ရွာနှင့် ဂူတာပြင်ရွာ လူသတ်မှုများကဲ့သို့ ” ခြေလွန်လက်လွန်”မှုများ ရှိခဲ့သည်။ ယင်းသို့ ကြမ်းတမ်းရက်စက်စွာ ကိုင်တွယ်ခဲ့မှုကြောင့် တစိတ်တဒေသအပြင် အာဆာ၏ အမိန့်ကြောင့်ဟု ယူဆနိုင်သော အကြောင်းအမျိုးမျိုးတို့ကြောင့် လူ ၇ သိန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ထွက်ခွာခဲ့ကြသည်။
တချိန်တည်းမှာပင် ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက မတရားသင်းအဖြစ် ကြေညာခဲ့ပြီ ဖြစ်သော မဘသဟု လူအများသိသည့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အသင်းကဲ့သို့ အစွန်းရောက် အမျိုးသားရေးဝါဒီများက ဘာသာရေး လူမျိုးရေး ခွဲခြားမှု အမုန်းတရားမီးများ ပျံ့နှံ့စေရန် ဘေးတီးပေးခဲ့ကြသည်။ အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အသင်းနှင့် ဆက်ဆံရေးအစား အစွန်းရောက် မျက်စေ့မှိတ် ဆန့်ကျင်ခဲ့ကြသည်။
အစိုးရအနေဖြင့်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှင့် အဆက်အဆံ အေးစက်မာကြောသွားသလို ပြည်တွင်းပြည်ပရှိ သတင်းမီဒီယာများ၏ သတင်းရယူပိုင်ခွင့်နှင့် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်များ ကန့်သတ်ခဲ့သည်။ ချုပ်လျှင် ယင်း၏ အကျိုးဆက်ကို ယခု မြန်မာနိုင်ငံသားများ ခံစားနေကြရပြီဟု ဆိုလျှင် မမှားချေ။
ယင်းသို့ ခါးသီးဖွယ် အမြင်ကျဉ်း အစွန်းရောက် နိုင်ငံရေးကို ဒေါ်အောင်ဆန်းစုကြည်၏ ကိုင်တွယ်ပုံမှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။ ကိုဖီအာနန်ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး အကြံပေးချက်များကို လက်ခံ သဘောတူကြောင်း ကြေညာသလို ရခိုင်မြောက်ပိုင်းတွင် တရားမဲ့ဆောင်ရွက်ခြင်းများအား အရေးယူမည်ဟု ပြောကာ ပြည်တွင်းအခြေပြု စုံစမ်းရေးကော်မရှင်များ ဖွဲ့စည်းသည်။ ဘာသာပေါင်းစုံ ဆုတောင်းပွဲများ ကျင်းပပြီး တဘက်တွင် လူမျိုးရေး ဘာသာရေး ခွဲခြားရေး ဟောပြောသော မဘသ ခေါင်းဆောင်များကို တရားစွဲသည်။ မဘသကို တရားမဝင်ကြောင်း ကြေညာသည်။
နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲဆို ထောင်ချခဲ့သော ရိုက်တာသတင်းထောက် ၂ ဦးကို သမ္မတ ဦးဝင်းမြင့် အမိန့်ဖြင့် လွှတ်ပေးခဲ့သည်။ ရခိုင်မြောက်ပိုင်းတွင် အမျိုးသားမှတ်ပုံတင် မရှိသူတိုင်း မှတ်တမ်းယူပြီး အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးသည်။ ၁၉၈၂ အက်ဥပဒေကို နိုင်ငံတကာဥပဒေများနှင့် ဆီလျော်စေရန် ပြန်လည်စဉ်းစား ရေးဆွဲသင့်ကြောင်း ကိုဖီအာနန်ကော်မရှင်က အကြံပေးထားသော်လည်း ယင်းပြုပြင်ပြောင်းလဲရေးအစီအစဉ် မစတင်နိုင်မီ အချိန်အတောအတွင်း လက်ရှိ ဥပဒေနှင့်အညီ နိုင်ငံသားပြုပိုင်ခွင့် ရှိသူတိုင်း နိုင်ငံသားကတ် ပြုလုပ်ပေးကြောင်း ဆိုသည်။
ရခိုင်မြောက်ပိုင်းအရေး ပြန်လည်ထူထောင်ရာတွင် ပြည်တွင်းအခြေစိုက် ကုလသမဂ္ဂ အေဂျင်စီများ၊ တရုတ် ဂျပန် အပါအဝင် အလှူရှင်နိုင်ငံ သံတမန်များကို ဖိတ်ခေါ်သည်။ နေရပ်စွန့်ခွာသူများ လက်ခံရေး ဘင်္ဂလားဒေ့ရှ်နှင့် ညှိနှိုင်းသည်။
ကံအကြောင်းမလှစွာ ရှိတ်ဟာစီနာ ဦးဆောင်သော ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒုက္ခသည် ပြန်ပို့ဆောင်ရေးတွင် ယခင်က အကြိမ်ကြိမ် ကျင့်သုံးခဲ့သော ၂ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကို မလုပ်ဆောင်တော့ဘဲ ၎င်းပါဝင်လက်မှတ်ရေးထိုးထားသော ရောမသဘောတူစာချုပ်အရ ဖွဲ့စည်းထားသော နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC တွင် တရားစွဲဆိုရေး လမ်းကြောင်းသို့ ပိုတိမ်းညွှတ်သွားသည်။ ယခု ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ဖြေရှင်းရသော သဟိဂ်မြို့ရှိ အခြား တရားရုံးဖြစ်သည့် ICJ နှင့်မတူဘဲ ICC သည် ရာဇဝတ်တရားရုံး ဖြစ်ပြီး မြန်မာ့တပ်မတော်ကို ပို၍ ပစ်မှတ်ထားသည်။
တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အဓိက ရည်ရွယ်ထားသော ICC သို့ တင်သွင်းသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သော အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာပါ အထောက်အထား သက်သေများ မည်မျှခိုင်လုံသည် မခိုင်လုံဆိုသည် ယခု ICJ ကြားနာပွဲများတွင် မှတ်ကျောက်တင်မည်ဟု မျှော်လင့်နိုင်သည်။ သို့သော် တချိန်တည်းတွင် အချက်အလက်ရှာဖွေရေးမစ်ရှင်မှ အဆိုပြုချက်ဖြစ်သော တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် မပူးပေါင်းရန် နှိုးဆော်ချက်ကြောင့် အမေရိကန်နှင့် အနောက်နိုင်ငံ အစိုးရများ၊ စီးပွားရေးလုပ်ငန်းရှင်များအကြာ
အခြေအနေကို သဘောပေါက် နားလည်ပုံရသော ကာကွယ်ရေးဦးစီးချုပ်သည် ICJ သို့ သွားရောက်သည့် ဒေါ်အောင်ဆန်းစုကြည်အား အပြည့်အဝ ပူးပေါင်းဆောင်ရွက်သလို ဗုဒ္ဓဘာသာ မဟုတ်သော အခြား ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း၊ ကချင်နှစ်ခြင်းသာသနာရေး ခေါင်းဆောင်တဦးကို တရားစွဲထားမှုမှ ပယ်ဖျက်ပေးခြင်းတို့ လုပ်ဆောင်လာခဲ့သည်။ ဂူတာပြင်ရွာ လူသတ်မှုကိုလည်း စစ်တရားရုံး ဖွင့် ကြားနာ စစ်ဆေးမည့် အစီအစဉ်ကလည်း ရှိသည်။ သို့သော် အင်းဒင်ရွာ လူသတ်မှုတွင် ပါဝင်သောကြောင့် ထောင်ချအရေးယူထားသော တပ်မတော်သားဟောင်းများကို တိတ်တဆိတ် ပြန်လည်လွှတ်ပေးခဲ့မှုကမူ တပ်မတော်၏ တရားစီရင်ရေးစနစ်ကို ယုံကြည်လက်ခံမှု အားနည်းသွားစေခဲ့သည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အခိုင်အမာဖြစ်စေရေး လက်နက်ကိုင်တပ်များ၏ အမှန်တကယ် ဆန္ဓရှိ မရှိက သက်သေပြရန် လိုအပ်နေသော်ငြား တပ်မတော်က ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ရှေ့တန်းတင်လာခြင်းက သတိဖြင့် အကောင်းမြင်မှုကို ပိုတိုးစေမည်။ အနည်းဆုံး လူနည်းစုများနှင့် ဘာသာကွဲများအကြား သောကများ စိုးရိမ်ပူပန်မှုများ လျော့ပါးသွားစေမည်။ လုံခြုံမှုကို ခံစားလာစေမည်။
အမှန်တကယ်အားဖြင့်လည်း ကမ္ဘာ့သမိုင်း ဖတ်စာအုပ်ဝင် အာမေးနီးယန်း၊ ယူဂိုစလားဗီးယား ဖြစ်ရပ်များကဲ့သို့ “လူမျိုးသုဉ်း သတ်ဖြတ်မှု” ရခိုင်မြောက်ပိုင်းတွင် ဖြစ် မဖြစ် မည်သည့် အပြည်ပြည်ဆိုင်ရာ တရားရုံးက သတ်မှတ်စေကာမူ နောက်ဆုံးတွင် အချုပ်အခြာအာဏာပိုင်မှုဟု အများနားလည်သည့် နိုင်ငံ၏ နယ်နမိတ် စည်းမျဉ်းအတွင်း ဖြစ်ရပ်သမျှ မိမိပြဿနာ မိမိဘာသာ ဖြေရှင်းရမည်။ ပြည်ပမှ ဖိအားဟူသည် ပြည်တွင်း၌ ဖြေရှင်းနိုင်စွမ်းရှိလျှင် လျှော့ကျသွားသည်ကို ယခင် ပိတ်ဆို့ဒဏ်ခတ်မှုများ ပြန်လည်ရုတ်သိမ်းသွားခြင်း အတွေ့အကြုံက လောလောလတ်လတ် ရထားပြီးဖြစ်သည့် သင်ခဏ်းစာ မဟုတ်ပါလော။
ဆက်စပ်ဖတ်ရှုရန်
ICJ အရေး အစိုးရနှင့် တပ်မတော် ပူးပေါင်းမှု မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် ထောက်ခံ
ဒေါ်အောင်ဆန်းစုကြည် ICJ ကို ရင်ဆိုင်ဖြေရှင်းမည့် အပေါ် သူတို့အမြင်များ
အကြမ်းမဖက် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ကက်သလစ် သာသနာပိုင် တိုက်တွန်း