မြန်မာတွင် မိစ္ဆာရှိသည်။ နိုင်ငံမှ ဗိုလ်ချုပ်များသည် ၎င်းတို့နိုင်ငံသားများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ပြီး ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့ ချီတက်ပွဲအတွက် အသေးစိတ် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။
မြင်းစီးစစ်သားများအပါအဝင် စစ်သားများသည် မြို့တော်နေပြည်တော်တွင် ကျင်းပသည့် စစ်ရေးပြ ချီတက်ပွဲတွင် ပါဝင်ခဲ့ပြီး စစ်ကောင်စီသည် ထိုအခမ်းအနား ပူးပေါင်းပါဝင်တက်ရောက်ရေး ပြည်သူများကို လွန်ခဲ့သောအပတ်များအတွင်း အကြိမ်ကြိမ် ပြောကြားခဲ့သည်။
သို့သော် မြန်မာနိုင်ငံသားများသည် ထိုစစ်ရေးပြချီတက်ပွဲကို တက်ရောက်ရန် မဆိုထားနှင့် ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ချက်ကိုပင် မကြည့်ရှုဘဲ စစ်အုပ်စုက နိုင်ငံတဝှမ်း ဆက်လက် ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများနှင့် သိမ်းကြုံးသတ်ဖြတ်ခြင်း၊ ရွာများကို မီးရှို့ခြင်းနှင့် ပိုင်ဆိုင်မှုပစ္စည်းများကို လုယက်ခြင်း အပါအဝင် ၎င်းတို့အသုံးပြုသည့် မြေလှန်နည်းလမ်းကို ခါးခါးသည်းသည်း ရှုတ်ချနေကြသည်။
မြန်မာစစ်တပ်ကို ၁၉၄၀ ပြည့်နှစ်များက တည်ထောင်ခဲ့သော ဗိုလ်ချုပ် အောင်ဆန်းသာ သက်ရှိထင်ရှား ရှိသေးပါက ကိုယ်ကျိုးစီးပွားနှင့် နိုင်ငံရေးမှ ကင်းကင်းနေမည့် အဖွဲ့အစည်းအဖြစ် သူမျှော်မှန်းခဲ့သော အင်စတီကျူးရှင်း နှင့်ပတ်သက်ပြီး မည်သို့ပြောမည်နည်း။
လူအများက လေးစားချစ်ခင်နေစေရေးနှင့် ပြည်သူလူထုထံ၏ ထောက်ခံမှုရရေး စည်းကမ်းလိုက်နာရန် ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့သည်။ အိမ်တအိမ်သို့ ဝင်ရောက်လိုပါက ခွင့်ပြုချက်တောင်းသင့်ကြောင်း သူ့အရာရှိများကို သူကပြောခဲ့သည်။ ထို့ကြောင့် ပြည်သူလူထုက စစ်တပ်ကို ချစ်ခင်ကြပြီး စစ်သားများကို အစားအသောက်များ ပေးကြသည်။ လွန်ခဲ့သော ၇၇ နှစ်က အခြေအနေဖြစ်သည်။
ယနေ့တွင် စစ်တပ်သည် ပြည်သူလူထုထောက်ခံမှု အနိမ့်ဆုံးကို ရရှိနေသည်။ ထို့အပြင် စစ်တပ်အတွင်း ကွဲပြဲမှုကိုလည်း ပိုမိုခံစားနေရပြီး တချိန်က ကျောက်သားသဖွယ် ခိုင်မာသည့် စစ်စိမ်းရောင်ဝတ်စုံ တံတိုင်းတွင် အက်ကြောင်းများ ပေါ်လာသည်။
ဆန့်ကျင်ဘက် ဖြစ်ရပ်မှာ စစ်သားအချို့ နေပြည်တော် စစ်ရေးပြချီတက်ပွဲတွင် ပါဝင်နေချိန် အခြားအရာရှိများနှင့် စစ်သားများသည် ကရင်ပြည်နယ်ရှိ ရှေ့တန်းစစ်မျက်နှာတွင် ဘက်ပြောင်းထွက်ပြေးရန် ဆုံးဖြတ်နေခြင်းပင်။
လွန်ခဲ့သောနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ထောင်နှင့်ချီသော အရာရှိများနှင့် စစ်သားများသည် အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်ကို စွန့်ခွာကြသည်။ တပ်ရင်းမှူးတဦးဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းထွန်း မကြာသေးမီက ဘက်ပြောင်းလာခြင်းသည် စစ်ကောင်စီအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်။ သူသည် စစ်အာဏာသိမ်းပြီးနောက် ဘက်ပြောင်းလာသူများအနက် အဆင့်အမြင့်ဆုံး စစ်အရာရှိ ဖြစ်သည်။
ဒုဗိုလ်မှူးကြီး မျိုးမင်းထွန်းသည် ဖေဖော်ဝါရီလအတွင်း ကရင်ပြည်နယ်ရှေ့တန်း စစ်မျက်နှာတွင် သူ၏တပ်ဖွဲ့ကို စွန့်ခွာခဲ့သည်။ အတိုက်အခံများက အခွင့်အလမ်းနှင့် အကာအကွယ်ပေးပါက၊ သို့မဟုတ် အခြားနိုင်ငံများက ခိုလှုံခွင့်ပေးပါက ထိုအတိုင်း လိုက်ပါလုပ်ဆောင်မည့်သူ နောက်ထပ်များစွာ ရှိသည်။
စစ်အုပ်စုမှ ဘက်ပြောင်းလာသူ အရေအတွက်သည် ဆက်လက် မြင့်မားနေသည်။ အာဏာသိမ်းပြီးနောက် အရာရှိနှင့်စစ်သား ၃,၀၀၀ ကျော် ဘက်ပြောင်းလာကြောင်း စင်ပြိုင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။
အစိမ်းရောင် စစ်ဝတ်စုံများ ဝတ်ဆင်ကြသော်လည်း ဒီမိုကရေစီနှင့် ဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ အနီရောင်အလံကို ချစ်ခင်သောကြောင့် ၎င်းတို့သည် အတွင်းပိုင်းတွင် နီရဲသူများဖြစ်သည်ဟု ဆိုကာ “ဖရဲသီး” စစ်သားများဟု ခေါ်ကြသည်။
ယခုအခါ ၎င်းတို့သည် ပြည်သူ့စစ်သားများ ဖြစ်လာကြသည်။ တခါက အောင်ပွဲခံခဲ့သော လက်နက်ကိုင်တပ်များကို စွန့်ခွာလိုသည့် ဖရဲသီး စစ်သားအရေအတွက် တိုးလာနေသည်။ ၎င်းတို့သည် စစ်အုပ်စု၊ ဗိုလ်ချုပ်များနှင့် မဟာမိတ်ဖွဲ့ထားသည့် စီးပွားရေး ခရိုနီများ၏ အတွင်းသရုပ်မှန်ကို သိသူများ ဖြစ်သည်။
ပြည်သူ့ဒေါသနှင့် အမုန်းကို ရင်ဆိုင်ရသောအခါ စစ်အုပ်စုအတွင်း စိတ်ဓာတ်ရေးရာ ကျဆင်းလာသည်။ စစ်သားများသည် ၎င်းတို့ ခံစားရသည့် မမျှတသော ဆက်ဆံမှုကိုလည်း တွေ့မြင်ရပြီး ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ မိသားစုများ၏ အဂတိလိုက်စားမှုများနှင့် အရှုပ်တော်ပုံများကြောင့် ရင်နာကြသည်။ ၎င်းတို့သည် လူမှုရေးအရ သပိတ်မှောက်ဆန့်ကျင်မှုနှင့် တပ်မှထွက်ခွာရန် မိသားစုများ၏ ဖိအားပေးမှုကိုလည်း ရင်ဆိုင်ကြရသည်။
စစ်တပ်ထဲတွင် နေထိုင်ရသည်မှာ မလုံခြုံဟု ခံစားလာရကြောင်း၊ စစ်ဝတ်စုံဝတ်ပြီး အများပြည်သူအကြား လမ်းလျှောက်ရသည်ကို ဂုဏ်မယူတော့ကြောင်း ဘက်ပြောင်းလာသူ အများအပြားက ပြောသည်။
ထို့ကြောင့် ၎င်းတို့သည် စစ်ကောင်စီကို ဆန့်ကျင်ရန် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ကြသည်။ တချိန်တည်းတွင် ဖရဲသီး အရာရှိများနှင့် စစ်သားအများအပြားသည် ၎င်းတို့၏ ရဲဘော်ရဲဘက်များ CDM တွင်ပါဝင်ရေး မေတ္တာရပ်ခံရန် အွန်လိုင်းအဖွဲ့အစည်းများကိုလည်း ထူထောင်ကြသည်။
သြစတြေးလျ အစိုးရက တပ်မှ ဘက်ပြောင်းလာသူများကို အကာအကွယ်ပေးသည်ဆိုသည့် သတင်းသည် အဆင်မြင့် အရာရှိများအကြား အထူးသဖြင့် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူများထံမှ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုအခြေအနေကို တုံ့ပြန်သောအားဖြင့် စစ်ကောင်စီသည် ၎င်းတို့လူများကို ထိန်းထားရန် ကြိုးစားရင်း တပ်များအပေါ် ထိန်းချုပ်မှု တင်းကျပ်လာသည်။
ဘက်ပြောင်းလာသူများကို ခိုလှုံခွင့်ပေးရန် NUG ကလည်း အခြားအစိုးရများကို စည်းရုံးပြောဆိုရသည်။ ဘက်ပြောင်းလာသူများနှင့် ၎င်းတို့ မိသားစုများအတွက် လုံခြုံရေးနှင့် တဘဝတာ အာမခံခြင်း စသည့် သင့်တင့်လျောက်ပတ်သည့် အစီအစဉ်များရှိလျှင် နောက်ထပ် ပိုမိုများပြားသည့် အလယ်အလတ်အဆင့် အရာရှိများသည် စစ်အုပ်စုကို စွန့်ခွာမည်ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်လည် လျှောက်လှမ်းရေးအတွက် စိတ်ပိုင်းဖြတ်ထားသော NUG ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် အနောက်နိုင်ငံ အစိုးရများသည် စစ်သားများ စစ်အုပ်စုကို စွန့်ခွာရေးအတွက် ပိုမိုတီထွင်ဆန်းသစ်သည့် မူဝါဒများကို စဉ်းစားသင့်သည်။
မြန်မာနိုင်ငံသည် နိုင်ငံနှင့် ပြည်သူကို ကာကွယ်မည့် စစ်တပ်တတပ် လိုသော်လည်း ထိုစစ်တပ်သည် နိုင်ငံတွင် လက်ရှိရှိနေသော စစ်တပ်နှင့် ကွဲပြားခြားနားသည့် စစ်တပ်ဖြစ်ရမည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Cracks Appear in the Myanmar Military ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ခေါင်းဆောင်က ညီညွတ်ရေးပြောဆိုခြင်းသည် တပ်တွင်းအကွဲအပြဲကို မီးမောင်းထိုးပြနေ
ဂျပန်၏ မြန်မာနှင့် အထူးဆက်ဆံရေးက စစ်အုပ်ချုပ်ရေးကို အားပေးကူညီခဲ့
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ
တကျော့ပြန် ပြည်တွင်းစစ်နှင့် မြန်မာစစ်တပ်
ရုရှားစစ်ပွဲက စစ်ကောင်စီ လက်နက်ရှာရ ခက်အောင်ဖန်