အာဆီယံ အဖွဲ့နဲ့ လူ့အခွင့်အရေး

အောင်မျိုးမင်း
၃၄ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ဘန်ကောက်တွင် ဇွန်လ၌ ကျင်းပစဉ် တွေ့မြင်ရသော ပန်းများဖြင့် ပြုလုပ်ထားသော အဖွဲ့၏ အမှတ်တံဆိပ် / REUTERS

ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးအစည်းအဝေးကို သွားတက်မယ်ကြားတော့ အာဆီယံ လူ့အခွင့်အရေးလုပ်ငန်းစဉ်အကြောင်းကို ပြန်စဉ်းစားလာမိတယ်။ အာဆီယံဒေသအတွင်းမှာ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးတဲ့ ယန္တရားရှိလာပြီလားဆိုတာကို မေးခွန်းထုတ်မိပြန်ပါတယ်။

စီးပွားရေးနဲ့ ဒေသလုံခြုံရေးကို အဓိကထားဖွဲ့စည်းခဲ့တဲ့ အာဆီယံအသင်းကြီးကို ၁၉၆၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တယ်။ အဲဒီအချိန်တုံးက အာရှတခွင်မှာလဲ အာဏာရှင်တွေ ကြီးစိုးတဲ့ကာလဆိုတော့ လူ့အခွင့်အရေးတွေ ဒိမိုကရေစီရေးတွေ ဘယ်နားမှ ထည့်ပြောလို့မရခဲ့ဘူး။ အသင်းရဲ့ ရည်ရွယ်ချက်တွေမှာလည်း မပါခဲ့ဘူး။ ၂၀၀၈ ခုနှစ်ရောက်မှသာ အာဆီယံအသင်းရဲ့ ချာတာပေါ်လာခဲ့တယ်။ အဲဒီအချိန်ကျတော့မှ အာဆီယံအသင်းမှာ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးတွေ စတင်ထည့်သွင်းလာတာ တွေ့ရတော့တယ်။

ပထမစကားလုံးကတော့ ရည်မှန်းချက်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီထွန်းကားသောဆိုတဲ့ ရည်မှန်းချက် ပါဝင်လာပါတယ်။ နောက်တချက်ကတော့ အာဆီယံအသင်းရဲ့ ဖွဲ့စည်းပုံထဲမှာ လူအခွင့်အရေးဌာနတခုကို ထူထောင်ရန်ဆိုပြီးပါလာခဲ့တယ်။ လူ့အခွင့်အရေးဌာန ထူထောင်ရန်လို့သာ ပါဝင်ပြီး ဘယ်လိုပုံစံမျိုးနဲ့ ဖွဲ့မလဲ။ ဘာတာဝန်တွေပေးမလဲဆိုတာကို သေသေချာချာ မရှင်းပြထားခဲ့ပါဘူး။ ဒါကြောင့် အာဆီယံဒေသမှာရှိတဲ့ အရပ်ဖက်လူထုအဖွဲ့အစည်းတွေက ခိုင်မာအားကောင်းတဲ့ ဌာနတခုဖြစ်လာဖို့ လူ့အခွင့်အရေးယန္တရားတခု ခိုင်ခိုင်မာမာပေါ်လာဖို့ ကြိုးပမ်းလာကြပါတယ်။ ဥရောပဒေသလို 3 Cs ဖြစ်လာဖို့ ကြိုးပမ်းလာကြပါတယ်။ 3 Cs ဆိုတာကတော့ Commission – လူ့အခွင့်အရေးကော်မရှင် ရှိရမယ်။ Convention- လူ့အခွင့်အရေး စာချုပ်ရှိရမယ်။ Court – ဖြေရှင်းနိုင်မယ့် တရားရုံး ရှိရပါမယ်။

ဒီလိုကြိုးပမ်းခဲ့ပေမယ့် အာဆီယံရဲ့ ထုံးစံအတိုင်း မလွယ်ကူခဲ့ပါဘူး။ ပထမဆုံး ပြောရရင်တော့ ကော်မရှင်ပါ။ ကျနော်တို့ဖြစ်ချင်တာက လွတ်လပ်ပြီး ထိရောက်မူရှိတဲ့ လူ့အခွင့်အရေးကော်မရှင်မျိုးပါ။ ဒါပေမယ့် ဖွဲ့စည်းလိုက်တဲ့ကော်မရှင်က အာဆီယံအဖွဲ့ဝင်နိုင်ငံအစိုးရတွေက ရွေးချယ်ဖွဲ့စည်းပေးလိုက်တဲ့ ကော်မရှင်မျိုးဖြစ်ပါတယ်။ ကော်မရှင်တွေကို တနိုင်ငံတယောက်ရွေးချယ်ရပေမယ့် အစိုးရကသာ အဓိက ရွေးချယ်တင်မြှောက်လေ့ရှိပါတယ်။ ကော်မရှင်ရဲ့ လုပ်ထုံးလုပ်ထုံးကလည်း အာဆီယံရဲ့ မူဝါဒတွေဖြစ်တဲ့ ပြစ်တင်ဝေဖန်မူမသုံးဘဲ အပြုသဘောပြောဆိုမူမျိုးကိုသာ လိုက်နာရပါမယ်။ ဒီတော့ ပေါ်ပေါက်လာတဲ့ အာဆီယံ အစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Inter-governmental Human Rights Commission) ဆိုတာ လုပ်ထုံးလုပ်နည်းက အားနည်းနေပါတယ်။

လုပ်ပိုင်ခွင့်ကို ကြည့်တဲ့အခါမှာလည်း Protection ဆိုတဲ့ ကာကွယ်မူအပိုင်းက အားနည်းနေပြန်ရော။ ဒါကြောင့် ချိုးဖောက်မူတွေကို တိုင်ကြားတာ လက်ခံပေးမယ့် အရေးယူမူအပိုင်း မရှိခဲ့ပါဘူး။ Promotion ဆိုတဲ့ မြှင့်တင်ရေးအပိုင်းကိုတော့ တာဝန်ပေးထားပါတယ်။ ဘာဘဲဖြစ်ဖြစ် ၂၀၀၉ ခုနှစ်မှာ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။

ကော်မရှင်ပေါ်ပေါက်ပြီးတဲ့နောက်ပိုင်းမှာ ကော်မရှင်က ကိုးကားလုပ်ဆောင်ဖို့ Convention ပေါ်လာအောင် ထပ်မံကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတွေအားလုံးက မဖြစ်မနေလေးစားလိုက်နာပါမယ်လို့ ကတိကဝတ်ပြုပြီး လက်မှတ်ထိုးရတဲ့ စာချုပ်အဆင့်တော့ မပေါ်ပေါက်ခဲ့ပါဘူး။ ကြေညာစာတမ်း declaration အဆင့်သာ ပေါ်ပေါက်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းထဲက အချက်တွေကို ကိုးကားထားတယ်လို့ဆိုပေမယ့် ၂၀၁၂ ခုနှစ်မှာ ပြဌာန်းအတည်ပြုနိုင်ခဲ့တဲ့ အာဆီယံလူ့အခွင့်အရေးကြေညာစာတမ်း ( ASEAN Declaration of Human Rights) မှာ အားနည်းချက်တွေ ရှိနေပါတယ်။

ဒီကြေညာစာတမ်းမှာ “လူ့အခွင့်အရေးအားလုံးသည် နေရာတိုင်းတွင် ကျင့်သုံးရမည်။ ခွဲခြား၍မရ။ အပြန်အလှန် အမှီသဟဲပြုနေကြသည်။ အပြန်အလှန်ဆက်စပ်နေသည်။ ယခုကြေညာချက်တွင်ပါသော လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များအားလုံးကို တူညီစွာ အလေးပေး၍ မျှတသော၊ တန်းတူညီမျှသော ပုံစံဖြင့် ဆက်ဆံရမည်။ တချိန်ထဲမှာပင် လူ့အခွင့်အရေးများအား အကောင်အထည်ဖော်ရာတွင် မတူညီသော နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမူ၊ သမိုင်းနောက်ခံနှင့် ကိုးကွယ်သည့်ဘာသာနောက်ခံ သမိုင်းကြောင်းများကို ထည့်တွက်ကာ ဒေသတွင်းနှင့် နိုင်ငံတွင်းအနေအထားတို့ကို ထည့်သွင်းစဉ်းစားရမည်” လို့ ဆိုထားပါတယ်။ ဒီလို ဆိုထားခြင်းဟာ လူသားအားလုံး တန်းတူညီမျှသောအခွင့်အရေးရှိသည်။ မည်သု့အပေါ်မှ မခွဲခြားရဆိုသည့်အချက်ကို ဖောက်ဖျက်ခြင်းသာဖြစ်ပါတယ်လို့ ထောက်ပြကြပါတယ်။

နောက်ထပ် C တလုံးဖြစ်တဲ့ Court တရားရုံးကတော့ အခုထိ မပေါ်သေးပါဘူး။

ခိုင်မာအားကောင်းတဲ့ အာဆီယံဒေသဆိုင်ရာ လူ့အခွင့်အရေးယန္တရားပေါ်ပေါက်ဖို့အတွက် ထင်သလောက် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် ကြိုးစားစရာလမ်းကြောင်းကတော့ ရှိနေပါသေးတယ်။ အဲဒါကတော့ အာဆီယံလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ပိုင်ခွင့် တာဝန် (Term of Reference) ကို ငါးနှစ်တကြိမ် ပြန်လည်သုံးသပ်လေ့ရှိပါတယ်။ ဒီနှစ် ၂၀၁၉ ခုနှစ်ဟာ ပြန်လည်သုံးသပ်ဖို့အလှည့်ကျလာတဲ့နှစ် ဖြစ်တယ်။ ဒါကြောင့် အာဆီယံဒေသမှာရှိတဲ့ လူထုအဖွဲ့အစည်းတွေက ပိုမိုအားကောင်းတဲ့ အာဆီယံလူ့အခွင့်အရေးယန္တယား တိုးတက်ဖြစ်ပေါ်လာအောင် တိုက်တွန်းမူတွေ လုပ်ဆောင်နေကြပါတယ်။

အခုဆိုရင် သက်တမ်း ဆယ်နှစ်ရှိပြီဖြစ်တဲ့ အာဆီယံ အစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ကို ပိုမိုလွတ်လပ်ပြီး ထိရောက်တဲ့ကော်မရှင်ဖြစ်စေချင်တာ အာဆီယံနိုင်ငံသားတွေရဲ့ ဆန္ဒပဲ ဖြစ်ပါတယ်။ လက်ရှိအနေအထားအရ အာဆီယံလူ့အခွင့်အရေးကော်မရှင်ရဲ့ လူ့အခွင့်အရေးကာကွယ်မူအပိုင်းက အားရစရာမရှိပါဘူး။ အာဆီယံဒေသမှာဖြစ်ပွားနေတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်စတဲ့ အခြေခံလူ့အခွင့်အရေးချိုးဖောက်မူတွေကို ဘာမှ မကာကွယ်ပေးနိုင်ခဲ့ပါဘူး။ လိင်စိတ်ကွဲပြားသူများအခွင့်အရေးကိုဆိုရင် ကော်မရှင်အနေနဲ နူတ်ဆိတ်နေတာကို တွေ့နိုင်ပါတယ်။

ကော်မရှင်ရဲ့ လက်ရှိလုပ်ပိုင်ခွင့်ထက် လူ့အခွင့်အရေးကို ကာကွယ်ပေးနိင်တဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေ တိုးမြှင့်ပေးဖို့ အထူးအရေးကြီးနေပါပြီ။ လက်ရှိပေးထားတာ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကတော့ လူ့အခွင့်အရေးမြှင့်တင်ရေးကိုသာ ဇောင်းပေးထားပြီး ကာကွယ်မူအပိုင်းကို မပေးထားပါဘူး။ ဒါကြောင့် လူ့အခွင့်အရေးချိုးဖောက်မူတွေကို တိုင်ကြားနိုင်တဲ့ လုပ်ထုံးလုပ်နည်းကို တိတိကျကျ လုပ်ပိုင်ခွင့်ပေးဖို့ လိုပါတယ်။ တိုင်ကြားလာတဲ့ လူ့အခွင့်အရေးချိုးဖောက်မူတွေကိုလည်း စုံစမ်းစစ်ဆေးခွင့်တွေ၊ အရေးယူဆောင်ရွက်ပိုင်ခွင့်တွေရှိရမှာ လုပ်ပိုင်ခွင့်တိုးတက်လာမှာဖြစ်ပါတယ်။

ကော်မရှင်ကို ပိုမိုလွတ်လပ်လာဖို့ အားကောင်းလာဖို့ဆိုရင် ကော်မရှင်ဟာ အာဆီယံနိုင်ငံအစိုးရတွေရဲ့ ဩဇာလွှမ်းမိုးမူက ကင်းလွတ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကော်မရှင်တွေ ရွေးချယ်ခန့်အပ်မူမှာ အစိုးရက တိုက်ရိုက်ရွေးချယ်ခန့်အပ်တာမျိုးမဟုတ်ဘဲ အရပ်ဖက်လူထုအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေရဲံ့ အကြံပြုချက်တွေအရ ရွေးချယ်တင်မြှောက်ပြီး အစိုးရက အသိအမှတ်ပြု ခန့်အပ်တာမျိုး ဖြစ်သင့်ပါတယ်။

အာဆီယံလူ့အခွင့်အရေးကြေညာစာတမ်းဆိုတာလည်း နိုင်ငံတကာမှာ ပြဌာန်းထားတဲ့ လူ့အခွင့်အရေးစံချိန်စံညွန်းတွေထက် မနိမ့်ကျသင့်ပါဘူး။ လူတိုင်းညီမျှသော လူ့အခွင့်အရေးရရှိစေရေး၊ အသားအရောင်၊ လိင်။ ကိုးကွယ်တဲ့ဘာသာ၊ နိုင်ငံရေးအယူအဆ၊ လူမျိုးမရွေးအပြင် ခန္ဓာကိုယ် သန်စွမ်းမူနဲ့ လိင်စိတ်ကွဲပြားမူမရွေး လူသားအားလုံးကို လွှမ်းခြုံကာကွယ်ပေးတဲ့ စာတမ်းမျိုးဖြစ်သင့်ပါတယ်။

ဒီလိုအချက်တွေပြည်ပြည့်ဝဝရှိလာမှသာ အာဆီယံ ဒေသအတွင်းမှာရှိတဲ့ လူ့အခွင့်အရေးယန္တရားက ပြည်သူတွေ လိုလားတောင်းဆိုနေတဲ့ လွတ်လပ်ပြီး ထိရောက်မူရှိတဲ့ ယန္တရားဖြစ်လာမှာပါ။ သွားမပါတဲ့ စက္ကူကျား သက်သက်မျိုးမဟုတ်ဘဲ ပြည်သူတွေအတွက် အမှန်ကာကွယ်ပေးတဲ့ ယန္တရားအဖြစ် လူထုက အားကိုးလာမှာဖြစ်ပါတယ်။

(အောင်မျိုးမင်းသည် ရန်ကုန်အခြေစိုက် လူ့အခွင့်အရေး ပညာပေးပြန့်ပွားရေး Equality Myanmar အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သည်)

You may also like these stories:

လူ့အခွင့်အရေး အခြေခံ အမျိုးသားလုံခြုံရေးဆီသို့

သမ္မတ ဦးဝင်းမြင့် မိန့်ခွန်းထဲက လူ့အခွင့်အရေး

ကလေးသူငယ်အခွင့်အရေးဥပဒေ မူကြမ်းထဲက ကလေးမွေးစားခြင်း

Loading