မျိုးဆက်ပေါင်းများစွာ အထိ အလေးထား ထိန်းသိမ်းရမယ့် အထဲမှာ Cultural Heritage လို့ ခေါ်တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေက ထိပ်ဆုံးက ပါဝင်ပါတယ်။ ယဉ်ကျေးမှု အမွေအနှစ်လို့ ဆိုလိုက်တာနဲ့ မြန်မာတွေရဲ့ အသည်းနှလုံး “ပုဂံ” ကို ထည့်မပြောလို့ မဖြစ်ပါဘူး။ ဂုဏ်ယူဝင့်ကြွားစရာ ယဉ်ကျေးမှု အမွေအနှစ်တွေ ရှိနေတဲ့ ပုဂံကို ထိန်းသိမ်းတာဟာ မဖြစ်မနေ လုပ်ရမယ့် တာဝန်တရပ် ဖြစ်ပါတယ်။
“အနော်ရထာမင်းကြီး” လက်ထက်က စတင်တည်ထောင်ခဲ့တဲ့ ပုဂံပြည်ကြီးဟာ ဘယ်လောက်အထိ ခမ်းနားပါသလဲ ဆိုတာ ဂူဘုရား လို့ခေါ်တဲ့ လိုဏ်ဂူပါတဲ့ စေတီပေါင်း ၃၀၀၀ ကျော်က သက်သေပြနေပါတယ်။ ၂၀၁၉ ခုနှစ် ဇူလိုင်လထဲမှာ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူးမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေး ကော်မတီရဲ့ အစည်းအဝေးကနေ ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ကြောင်း သတ်မှတ်ခံခဲ့ရတာက မြန်မာတမျိုးသားလုံး အတွက် ဂုဏ်ယူစရာပါ။ ဒီလို ကမ္ဘာ့အမွေအနှစ် အဖြစ် သတ်မှတ်ခံခဲ့ရတာကြောင့် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီထက်ပိုပြီး အရေးကြီးတဲ့ အချက်က ခရီးသွားတွေ ပိုများလာလို့ ဟိုတယ်တွေ ပိုဆောက်လုပ်လာမယ် ဆိုရင်ခွင့်ပြုသင့်သလား၊ သဘာဝပတ်ဝန်းကျင်နဲ့ ရှေးဟောင်း အနုပညာလက်ရာတွေ မထိခိုက်အောင် ဘာတွေ လုပ်ဆောင်သင့် သလဲ၊ မြန်မာနိုင်ငံရဲ့ တခြား ဘယ်နေရာ ဘယ်ဒေသမှာမှ မတွေ့ရတဲ့ အနုလက်ရာတွေကို ရေရှည်တည်တံ့အောင် ဘယ်လို ထိန်းသိမ်းသင့်သလဲ ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ကျောက်သားပေါ်မှာ စဉ့်ရည်တင်ပြီး လက်ရာမြောက်တဲ့ အနုလက်ရာတွေ ဖန်တီးထားတဲ့ ဂူဘုရားမျိုး ပုဂံမှာ ၈ ဆူပဲ ရှိတယ်လို့ သိရပါတယ်။ ၁၁ ရာစုလောက်က အခုလို နည်းပညာတွေ မတိုးတက်သေးချိန်မှာ စဉ့်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချ ဖန်တီးနိုင်တာက တကယ့်ကို ချီးကျူးစရာပါ။ ဂူဘုရားတွေရဲ့ အတွင်း အပြင်တွေမှာ အင်္ဂတေရုပ်ကြွတွေ၊ နံရံဆေးရေးပန်းချီတွေ၊ မင်စာတွေ၊ ဗုဒ္ဓဆင်းတုတော်တွေ၊ စေတီငယ်တွေကို တွေ့မြင်နိုင်ပါတယ်။
သဲကျောက်နဲ့ ထုလုပ်ဖန်တီးထားတဲ့ ဗုဒ္ဓဝင်ရုပ်ကြွတွေကို အာနန္ဒာဂူဘုရားမှာပဲ အများဆုံးတွေ့နိုင်ပါတယ်။ ဗုဒ္ဓဝင်ရုပ်ကြွ ၈၀ အထိ ရှိပြီး သဘာ၀ အလင်းရောင်ရရှိဖို့၊ ဂူဘုရားအတွင်းပိုင်းမှာ အေးမြနေဖို့၊ အသံတွေ ပဲ့တင်ထပ်မနေဖို့ အထိပါ ထည့်သွင်း စဉ်းစားကာ တည်ထားနိုင်ခဲ့တာက အံ့သြစရာပါ။ ဒါ့အပြင် သဲကျောက်နဲ့ ဖန်တီးထားတဲ့ ဘီလူးပုံ ရုပ်ကြွတွေကို ပုဂံခေတ်ဦး ဂူဘုရားတွေ ဖြစ်ကြတဲ့ နန်းဘုရား၊ နတ်လှောင်ကျောင်း၊ နဂါးရုံနဲ့ အာနန္ဒာဂူဘုရားတွေမှာ တွေ့နိုင်ပါတယ်။
အာနန္ဒာဂူဘုရားကို အိန္ဒိယနိုင်ငံရဲ့ နည်းပညာအကူအညီနဲ့ ပြုပြင်မွမ်းမံထားတာ ဖြစ်လို့ အဖိုးတန်လက်ရာတွေ ထိန်းသိမ်းနိုင်ပေမယ့် နတ်လှောင်ကျောင်းမှာတော့ ပြုပြင်ထိန်းသိမ်းမှု အားနည်းနေတာကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ပုဂံကို ရောက်ရှိခဲ့ချိန်မှာ တွေ့မြင်ခဲ့ရပါတယ်။ နတ်လှောင်ကျောင်းက သဲကျောက်နဲ့ ပြုလုပ်ထားတဲ့ လက်ရာတွေမှာ ဟိန္ဒူယဉ်ကျေးမှုရဲ့ အငွေ့အသက်တွေပါ တွေ့ရတာက ထူးခြားချက်တခု ဖြစ်ပါတယ်။
ယူနက်စကိုအဖွဲ့ကြီးရဲ့ အကူအညီကို ရယူပြီး ထိန်းသိမ်းစရာ အနုလက်ရာတွေကို ထိန်းသိမ်းဖို့ လိုအပ်နေသေးသလို “ပုဂံရှေးဟောင်းနယ်မြေ” မှာ ဟိုတယ်တွေတည်ဆောက်ဖို့ ခွင့်ပြုမပေးသင့်တော့ပါဘူး။ ၂၀၁၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ ညွှန်ကြားချက်မှာ – ရှေးဟောင်းအမွေအနှစ် ဒေသမှာ ဟိုတယ်၊ မိုတယ်လို စီးပွားရေး လုပ်ငန်းဆိုင်ရာ အဆောက်အအုံအသစ် ဆောက်လုပ်ခွင့်မပြုဘူးလို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ လက်တွေ့အနေအထားမှာ ဟိုတယ်ဝင်းတွေထဲအထိ စေတီတွေ ရောက်နေတာ၊ နေရာကောင်းတွေမှာ ဟိုတယ်တွေ ဆောက်လုပ်ဖို့ တာစူနေတာက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ချမှတ်ထားတဲ့ ပုဂံအတွက် Management Plan မှာ Landscape ဧရိယာ၊ ရှေးဟောင်းနယ်မြေနဲ့ မြူနီစပယ်ဧရိယာလို့ သတ်မှတ်ထားပါတယ်။ မြူနီစပယ်ဧရိယာမှာ လူနေအိမ်တွေ ဆောက်လုပ်ခွင့် မရှိဘူးလို့ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာရှင် အသင်း အတွင်းရေးမှူး ဦးသူရအောင်က ပြောပြပါတယ်။
အဲဒီ ဧရိယာမှာ ဟိုတယ်တွေ ဆောက်လုပ်နေတာ ရှိသလို အများစုဟာ ဟိုတယ်လိုင်စင် မရှိဘူးလို့ သူက ဆက်ပြောပါတယ်။
ဒီလို ဟိုတယ်တွေ ဆောက်လုပ်မှုများပြားလာရင် ယူနက်စကိုရဲ့ ပုဂံကို ကမ္ဘာ့အမွေအနှစ် သတ်မှတ်မှု တည်တံ့ရေး အပေါ် ထိခိုက်မှု ရှိလာနိုင်တာကို စိုးရိမ်ရတယ် လို့လည်း သူက ထောက်ပြပါတယ်။
နောက်ထပ် ပုဂံကို ခြိမ်းခြောက်လာနေတဲ့ ပြဿနာတခုက “ဆူညံသံ” ပြဿနာ ဖြစ်ပါတယ်။ ဘုရားပွဲတွေ ကျင်းပတဲ့ အခါ ဆောင်းဘောက်စ်တွေ၊ လော်စပီကာတွေ ထည့်သွင်းပြီး ကျင်းပကြလို့ ပါပဲ။ ဆောင်းဘောက်စ်တွေကနေ ထွက်လာတဲ့ တုန်ခါမှု (Vibration) တွေက ရှေးဟောင်းစေတီတွေရဲ့ ကြံ့ခိုင်မှုကို ထိခိုက်စေမှု ရှိစေနိုင်မယ်လို့ စိုးရိမ်ကြသူတွေ ရှိပါတယ်။ ဆောင်းဘောက်စ်တွေ ဆူဆူညံညံဖွင့်မယ့်အစား ရိုးရာအစဉ်အလာအတိုင်း ကျင်းပသင့်တယ်လို့ ထောက်ပြပြောဆိုသူတွေလည်း ရှိပါတယ်။ ဆောင်းဘောက်စ် ဒါမှမဟုတ် လော်စပီကာကို မဖြစ်မနေ ဖွင့်ရမယ် ဆိုရင်လည်း ပတ်ဝန်းကျင်ကို မထိခိုက်စေမယ့် ဒက်ဆီဘယ်ကို ထိန်းညှိပြီးမှ ဖွင့်သင့်တယ် လို့ အကြံပြုသူတွေလည်း ရှိပါတယ်။
ပုဂံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား တယောက်ကို ဇုန်ဝင်ကြေး အနေနဲ့ ငွေကျပ် ၂ သောင်းခွဲ ကောက်ခံပါတယ်။ ခရီးသွား ၁ သန်းအထိ လာရောက်လည်ပတ်မယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက မျှော်မှန်းထားပါတယ်။
နိုင်ငံခြားသား ခရီးသွားတွေက ပုဂံရဲ့ နေဝင်ချိန် ရှုခင်းကို ကြည့်ရှုရတာ နှစ်သက်ကြပေမယ့် ရွှေဆံတော် အပါအဝင် စေတီတချို့ကနေ နေဝင်ချိန် ရှုခင်းကြည့်တာကို ပိတ်ပင်ထားပါတယ်။ အဲဒီအစား နေဝင်ချိန်ရှုခင်း ကြည့်နိုင်အောင် လူလုပ်ကုန်း ၅ ခုကို တည်ဆောက်ထားတာလည်း တွေ့ရပါတယ်။ လူလုပ်ကုန်းတွေ ပြုလုပ်တာဟာ ပုဂံရဲ့ သဘာ၀၀န်းကျင်နဲ့ “ဂေဟစနစ်” ကို ပျက်စီးစေတာတွေ ရှိတယ် လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။
ဥပမာအားဖြင့် – စူဠာမဏိစေတီရဲ့ အရှေ့မြောက်ထောင့်မှာ “ညွှန်လက်ဖက်ကန်” ရှိပြီး ဆောင်းရာသီရောက်ပြီ ဆိုရင် အဲဒီကန်မှာ ဆောင်းခိုငှက်တွေ လာရောက်နားခိုတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စူဠာမဏိ စေတီ အနီးမှာ လူလုပ်ကုန်း တည်ဆောက်ခဲ့ပြီးတဲ့နောက် ဂေဟစနစ်အပေါ် ထိခိုက်စေခဲ့ပြီး ညွန်လက်ဖက်ကန်မှာ ရေခန်းသွားတာ၊ ဆောင်းခိုငှက်တွေ မလာတော့တာတွေ ဖြစ်ခဲ့တယ် လို့လည်း ဆိုပါတယ်။
ဒါအပြင် “နန်းမြင့်မျှော်စင်” လို နေရာမျိုးကနေ နေဝင်ချိန်ရှုခင်းကြည့်လို့ရအောင် ဆောက်လုပ်ထားတာက ခရိုနီတွေရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်နေမလားလို့ စဉ်းစားစရာပါ။ နန်းမြင့်မျှော်စင်ပေါ်ကနေ ရှုခင်းကြည့်ရင် နိုင်ငံခြားသား တဦးအတွက် ၅ ဒေါ်လာပေးရပါတယ်။ ပုဂံကို အပေါ်စီးကနေ ကြည့်မြင်နိုင်ဖို့ Hot Air Balloon လို့ ခေါ်တဲ့ မိုးပျံပူဖောင်းတွေကို စေတီတွေ အပေါ် ပျံသန်းခွင့်ပေးထားကိုလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။ အပေါ်စီးမြင်ကွင်းကို ကြည့်ဖို့ မိုးပျံပူဖောင်း စီးမယ် ဆိုရင် တယောက်ကို ဒေါ်လာ ၂၀၀ ကျော်အထိ ပေးရတယ် လို့လည်း ဆိုပါတယ်။ လူလုပ်ကုန်းတွေ တည်ဆောက်မှုကို ရှေးဟောင်းသုတေသန အသင်းက ကန့်ကွက်ခဲ့လို့သာ နောက်ပိုင်းမှာ ဆောက်လုပ်မှု ရပ်ဆိုင်းသွားရတာပါ။
အင်္ဂတေရုပ်ကြွ၊ နံရံဆေးရေးပန်းချီတွေကို မူလလက်ရာမပျက်အောင် ပြုပြင်ထိန်းသိမ်းရမှာ ဖြစ်သလို ရှေးဟောင်း ဂူဘုရားနဲ့ စေတီတော်တွေရဲ့ ကြံ့ခိုင်မှုကို ထိခိုက်စေမယ့် လုပ်ဆောင်မှုမှန်သမျှကို ဥပဒေနဲ့ တိတိကျကျ တားမြစ်ဖို့ လိုပါတယ်။ “ပုဂံ” ဟာ လူတစုနဲ့ ခရိုနီတွေနဲ့သာ သက်ဆိုင်တာ မဟုတ်ဘဲ မြန်မာတမျိုးသားလုံးနဲ့ သက်ဆိုင်ပါတယ်။
ယူနက်စကို အဖွဲ့ကြီးကနေ ကမ္ဘာ့အမွေအနှစ် အဖြစ် သတ်မှတ်ခံခဲ့ရတာ ဂုဏ်ယူစရာကောင်း သလို၊ ဒီလိုဂုဏ်ယူစရာ ကောင်းတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေရှိတဲ့ ပုဂံကို ကမ္ဘာတည်သရွေ့ တည်တံ့နေဖို့ ဗိသုကာလက်ရာတွေကို ထိန်းသိမ်းတာ၊ ဟိုတယ်သစ်တွေ တည်ဆောက်မှုကို စိစစ်ကန့်သတ်တာ၊ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုကို အဆင်ပြေအောင် ကူညီတာတွေကို လုပ်ဆောင်သွားဖို့ အချိန်တန်ပြီ ဖြစ်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး ဆောင်းပါးရှင်တဦး ဖြစ်သည်။)
You may also like these stories:
ထိုင်းရိုးရာအနှိပ်ပညာကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် UNESCO သတ်မှတ်
ထိုင်း ဆုမ်ခရမ်ပွဲတော်နဲ့ တုံယမ်း ဟင်းရည်ကို ယဉ်ကျေးမှု အမွေအနှစ် စာရင်းသွင်းဖို့ ကြိုးစားနေ
မြန်မာ – ဗီယက်နမ် ၂ နိုင်ငံ ရက် ၃၀ ဗီဇာ ကင်းလွတ်ခွင့် ရရှိ