အာဏာသိမ်းမှုနောက်ပိုင်း ရှမ်းပြည်မှာ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားတပ်ချင်း တိုက်ပွဲတွေက အလွန်ပြင်းထန်လှပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSPP/SSA ၊ TNLA တအာန်းပလောင်တပ်ဖွဲ့ မဟာမိတ် နှစ်ဖွဲ့အကြား တရုတ်နယ်စပ် နမ့်ခမ်းလောက်က စခဲ့တဲ့ တိုက်ပွဲတွေဟာ ရှမ်းအလယ်ပိုင်း ကျေးသီး မိုင်းကိုင် ဒေသအထိ ရောက်လာလို့ နေပါတယ်။
သာမန်အားဖြင့် တိုင်းရင်းသား တပ်ချင်း တိုက်ပွဲတွေမှာ အများစု အသုံးပြုတိုက်ခိုက်ကြတဲ့ လက်နက်တွေက လက်နက်ငယ်တွေ ၊ စက်သေနတ် နဲ့ RPG လို လက်နက်တွေကို အများစု အသုံးပြုကြပေမယ့် လက်ရှိတိုက်ပွဲတွေမှာတော့ ၇၀ နဲ့၁၂၀ မမ တို့လို လက်နက်ကြီးတွေနဲ့ ရှော့တိုက်ဒုံးတွေကို အတော်များများ သုံးပြီး တိုက်ခိုက်နေကြတယ်။
လတ်တလော ဖြစ်နေတဲ့ တိုင်းရင်းသားတပ်ချင်း တိုက်ပွဲတွေမှာတော့ တရုတ်နယ်စပ်မှာ အဓိက အခြေစိုက် လှုပ်ရှားတဲ့ SSPP/SSA ရှမ်းပြည်တပ်မတော်မြောက်ပိုင်း နဲ့ TNLA မဟာမိတ်နှစ်ဖွဲ့က နမ့်မတူ၊ သီပေါ၊ ကျောက်မဲ (တော့ဆန် ဒေသ) တွေမှာ RCSS တပ်ဖွဲ့ရဲ့ စခန်းတွေကို သိမ်းနိုင်ခဲ့သလို၊ မိုင်းကိုင် မြောက်ခြမ်းလို နေရာတွေမှာတော့ SSPP တပ်ဖွဲ့ဟာ သူနဂိုက လက်လွတ်ခဲ့ရတဲ့ ပန်ခုတ်၊ ပန်ခါး တောင်ကြောကို ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်။
လက်ရှိ နှစ်ဖွဲ့ တိုက်ပွဲပြင်းထန်နေတဲ့ နေရာကတော့ မိုင်းနောင် ကျေးသီး ကာလမ်း အနောက်ဘက်ခြမ်းမှာ ရှိပြီး SSPP/SSA ရဲ့ဌာနချုပ် ဝမ်ဟိုင်းနဲ့ ၁၀ မိုင်ကျော် အကွာအဝေးလောက်မှာသာ ရှိတဲ့ လွယ်ဟုန်းတောင်ကြောမှာ ဖြစ်နေတာပါ။ စာရေးနေတဲ့အချိန်အထိ လွယ်ဟုန်းတောင်ကြောရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို SSPP/SSA က သိမ်းပိုက်ထားနိုင်တာ တွေ့ရပါတယ်။
နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးခဲ့တဲ့ ၂၀၁၅ ခုနစ် နောက်ပိုင်း နှစ်တွေအတွင်း ရှမ်းမြောက်ကို ကြည့်ရင် တိုင်းရင်းသားတပ်ချင်း တိုက်ပွဲတွေကြောင့် TNLA၊ SSPP/SSA တို့ရဲ့ နယ်မြေနဲ့ စခန်းကုန်းတွေကို RCSS/SSA က သိမ်းယူနိုင်တာတွေ ရှိခဲ့တယ်။ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကတော့ ပြောင်းပြန်ပါ။ SSPP/SSA ဦးဆောင်တဲ့ မဟာမိတ်အနေနဲ့ ယခင်က သူတို့ရှူံးသွားခဲ့တဲ့ နယ်မြေတွေကို အားလုံးနီးပါး ပြန်သိမ်းနိုင်လာတာကိုတွေ့ရတယ်။ RCSS/SSA ဘက်က ကြည့်ရင်တော့ ၂၀၁၅ နောက်ပိုင်း ၆ နှစ်တာနီးပါး သူတို့ စုဆောင်း ရယူနိုင်ခဲ့တဲ့ နယ်မြေတွေကို လပိုင်းအတွင်း အကုန်ဆုံးရှူံးလက်လွတ်ရတဲ့ သဘောဆောင်ပါတယ်။
TNLA၊ SSPP/SSA မဟာမိတ်နှစ်ဖွဲ့နဲ့ RCSS/SSA က ဆင်နွှဲနေတဲ့ တိုက်ပွဲဟာ ကြားခံစစ်ပွဲ Proxy War သဘောမျိုး ရှမ်းမီဒီယာ အချို့က ရေးကြပါတယ်။ RCSS/SSA အနေနဲ့ အရင်က ရှမ်းမြောက်ကို တက်လာနိုင်ခဲ့တာဟာ ရှမ်းမြောက်မှာ တပ်မတော် တပ်ရင်းတွေ အမြောက်အမြားရှိနေတဲ့အတွက် စစ်တပ်ကိုကော RCSS/SSA ကိုပါ တပြိုင်နက်တည်း စစ်မျက်နှာပြင် နှစ်ခုဖွင့်ပြီး မဟာမိတ်တွေက ယခင်ကတိုက်ဖို့ ခက်ခဲခဲ့တယ်၊ တဘက်မှာလည်း NCA လက်မှတ်ထိုးထားလို့ စစ်တပ်က ဟထား ပေးပြီး ထိုင်းနယ်စပ်မှာ အခြေစိုက်တဲ့ RCSS/SSA အနေနဲ့ မိုင်ပေါင်း ၃၀၀ ကျော် ၄၀၀ နီးပါး အကွာအဝေးရှိတဲ့ တရုတ်နယ်စပ်နားအထိ ရောက်လာခဲ့တာကို ထောက်ပြကြပါတယ်။ အခုတော့ ပြည်မမှာ ပြသနာတွေနဲ့ နပန်လုံးနေရတဲ့ စစ်တပ်အနေနဲ့ တပ်မဖြန့်နိုင်လို့ SSPP/SSA ၊ TNLA မဟာမိတ်က RCSS/SSAA ကို တိုက်ဖို့လွယ်လာတာလို့ ဆိုကြတယ်။
လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ကျေးသီးမြို့နယ်ထဲက လွယ်ဟုန်း တောင်ကြောနဲ့ နမ္မတူ ပန်လုံနယ်က တောင်ကြောတွေက ယခင်က SSPP/SSA နေရာတွေဖြစ်ပြီး တပ်မတော်က SSPP/SSA ကို တိုက်ထုတ်ပြီးတဲ့နောက်မှာတော့ RCSS/SSA က အဲနေရာတွေကို ဝင်ယူသွားခဲ့တာဖြစ်ပါတယ်။ တချို့နေရာတွေမှာ တိုင်းရင်းသားတပ်ချင်း တိုက်ပွဲဖြစ်နေတုန်း TNLA နဲ့ SSPP/SSA တပ်တွေဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ ထုပေးတာမျိုးကိုလည်း တွေ့ရပါတယ်။
TNLA၊ SSPP/SSA မဟာမိတ်နှစ်ဖွဲ့နဲ့ RCSS/SSA က ဆင်နွှဲနေတဲ့ တိုက်ပွဲဟာ ကြားခံစစ်ပွဲ Proxy War သဘောမျိုး ရှမ်းမီဒီယာ အချို့က ရေးကြပါတယ်။
Proxy War ကလည်း စဉ်းစားစရာ အချက်တချို့ရှိပါတယ်။ ဥပမာ ယခင်က လက်နက်ငယ်တွေ ခပ်များများသုံးတဲ့ TNLA နဲ့ SSPP/SSA တပ်တို့ဟာ အခုပွဲမှာ လက်နက်ကြီးတွေ အမြောက်အမြား ပေါပေါသီသီ သုံးနေတဲ့ ကိစ္စပါ။ စာရေးသူကတော့ ဒါဟာ Proxy War အဆင့်လို့ ပြောဖို့ ခက်ပါသေးတယ်။ တကယ် Proxy War အဖြစ် တရုတ်က မဟာမိတ်တွေကို တိုက်ခိုင်းမယ်ဆိုရင် ထိုင်းနယ်စပ်မှာ ရှိတဲ့ RCSS/SSA ရဲ့ ဌာနချုပ် လွယ်တိုင်းလျှံခြေရင်းမှာရှိတဲ့ တရုတ်သြဇာခံ UWSA ၀ တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်မှု လုပ်မှာ မလွှဲဧကန်ပါပဲ။ UWSA ၀ တပ်ဖွဲ့တွေဟာ ရှမ်းအရှေ့ တာချီလိတ် အောက်ပိုင်းကနေ မိုင်းပန် နယ်အထိလည်း ရှိနေပါတယ်။
အခု ရှမ်းပြည်မြောက်ပိုင်း တိုင်းရင်းသားတပ်ချင်း တိုက်ပွဲတွေနဲ့ တရုတ်နယ်စပ်က အခြေအနေတွေကို ကြည့်ရင် ၅ ချက် သွားတွေ့ရပါတယ်။
(၁) စစ်တပ်က ပြည်မမှာ ပြဿနာတွေ ပဋိပက္ခတွေနဲ့ ရင်ဆိုင်လာရချိန် ရှမ်းမြောက် ဒေသမှာ ယခင်လို တပ်တွေအများကြီး ဖြန့်မထားနိုင်တော့ပဲ လုံခြုံရေး လေဟာနယ် Security Vaccum ဖြစ်နေတာ၊
(၂) စစ်တပ်က ယခင်လို မကူနိုင်ချိန်မှာ RCSS/SSA အတွက် ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်း ရှည်လွန်းတာနဲ့ ထိုင်းနယ်စပ်က စစ်လက်နက်ပစ္စည်း ရရှိနိုင်မှုက မြောက်ပိုင်းဒေသနဲ့ တရုတ်နယ်စပ်လောက် မလွယ်ကူတာ၊
RCSS/SSA အနေနဲ့ တရုတ်နယ်စပ်အထိ သွားအခြေချခွင့် အခွင့်အရေးရခဲ့ပေမယ့် တရုတ်ရဲ့ နိုင်ငံခြားရေး မူဝါဒ၊ ငြိမ်းချမ်းရေး မူဝါဒတွေကို နားလည်မှု မရှိ
(၃) RCSS/SSA အနေနဲ့ တရုတ်နယ်စပ်အထိ သွားအခြေချခွင့် အခွင့်အရေးရခဲ့ပေမယ့် တရုတ်ရဲ့ နိုင်ငံခြားရေး မူဝါဒ၊ ငြိမ်းချမ်းရေး မူဝါဒတွေကို နားလည်မှု မရှိဘဲ တဘက်မှာလည်း နိုင်ငံရေး စစ်ရေးအရ အလွန်အကျွံ ကြွားလုံးထုတ်မှုတွေဟာ သူ့အတွက် ဘေးသင့်သလို ဖြစ်စေတာ၊
(၄) အာဏာသိမ်းပြီးနောက်ပိုင်း ပထဝီကစားကွင်းအပြောင်းအလဲအရ တရုတ်ကို စီးပွားရေးအရ မှီခိုအားထားရမှုမှာ တပ်မတော်နဲ့ မြောက်ပိုင်းတပ်ဖွဲ့တွေ တူလာချိန်မှာ RCSS/SSA ဟာ တရုတ်က အမေရိကန် လက်ဝေခံလှုပ်ရှားမှုအဖြစ် ရှူမြင်တဲ့ CDM လှုပ်ရှားမှုတွေကိုကို ပံ့ပိုးသလို အနောက်အုပ်စု လက်ဝေခံအဖြစ် တရုတ်က ရှူမြင်ထားတဲ့ NUG အစိုးရ နဲ့ တရားဝင်ဆွေးနွေးမှုတွေ လုပ်တာ၊ RCSS ကိုယ်တိုင်က ကွန်မြူနစ် ဆန့်ကျင်ရေး ကြွေးကြော်ဖူးတဲ့ SURA ၊ MTA တို့လို ရှမ်းလက်နက်ကိုင် အဖွဲ့တွေက ဆင်းသက်လာတဲ့အဖွဲ့ဖြစ်နေတာ၊
(၅) အရှေ့တောင်အာရှဒေသတလွှား တရုတ်ရဲ့ စီမံကိန်းတွေရှိတဲ့ ဒေသတွေမှာ သူ့့အကျိုးစီးပွားတွေကို အကာကွယ်ဖြစ်စေဖို့ ပုဂ္ဂလိက လုံခြုံရေး အခန်းကဏ္ဍ မြင့်တင်မှုအပါအဝင် လုံခြုံရေးအရ အကာကွယ်ပေးမှုအစီအမံတွေ မြှင့်တင်လာချိန်မှာ RCSS/SSA လို ထိုင်းနယ်စပ်မှာ လှုပ်ရှားပြီး အမေရိကန်ထုတ် M-16 သေနတ်တွေကိုင်ဆောင်တဲ့အဖွဲ့ဟာ တရုတ်-မြန်မာ ရေနံနဲ့ သဘာ၀ ဓါတ်ငွေ့ပိုက်လိုင်း ရှိရာ ဒေသအထိ ရောက်နေတာမျိုးလို ကိစ္စတွေပဲဖြစ်ပါတယ်။
တရုတ်အကျိုးစီးပွား ဘယ်သူကာကွယ်မလဲ
အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်ရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒတွေကို ပြန်ကြည့်ရင် ၂၀၂၁ ခုနစ် ဖေဖော်ဝါရီအာဏာသိမ်းပြီးနောက်ပိုင်း လူထုလှုပ်ရှားမှုတွေနဲ့ ပြည့်နေတဲ့ ပထမ ၄ လ လောက်ကို တရုတ်အနေနဲ့ စောင့်ကြည့် ကာလအဖြစ်သာ သတ်မှတ်ခဲ့တယ်။ မြန်မာမှာ အာဏာသိမ်းမှုဖြစ်တာကို သဘောမကျပါ။ တည်ငြိမ်မှုပျက်စေတယ်လို့ သူယူဆတယ်။
သူ့မူဝါဒအတိုင်း ကြားဝင်မစွက်ဖက်ရေးမူနဲ့ ငြိမ်းချမ်းရေးအတွက် ဆွဲဆောင်စည်းရုံးခြင်း၊ ဆွေးနွေးမှုများကို ဖြစ်မြောက်စေခြင်း မူကို တတ်နိုင်သမျှ စွဲကိုင်ဖို့ ကြိုးစားခဲ့တယ်။ ဥပမာ အာဆီယံက တဆင့် ဆွေးနွေးညှိနှိုင်းဖို့ ထောက်ခံတာမျိုးပါ။ မြန်မာ့တပ်မတော်ကို နိုင်ငံတကာက အရေးယူပိတ်ဆို့မယ့် အစီအစဉ်မျိုးတွေကို သူလက်မခံသလို တဘက်မှာလည်း မီးပွားတွေ လွှင့်စင်မှာ၊ မတည်ငြိမ်မှုကတဆင့် သူ့ ရင်းနှီးမြှပ်နှံမှုတွေ ထိခိုက်မှာမျိုးကို လိုလားဟန် မတူပါ။
ရှမ်းပြည်တွင်း လတ်တလော တိုင်းရင်းသားတပ်ချင်းတိုက်ပွဲဖြစ်တဲ့ ဒေသတွေဟာ တရုတ်စီမံကိန်းတွေအတွက် အရေးပါတဲ့ နေရာတွေဖြစ်နေပါတယ်။
ရှမ်းပြည်တွင်း လတ်တလော တိုင်းရင်းသားတပ်ချင်းတိုက်ပွဲဖြစ်တဲ့ ဒေသတွေဟာ တရုတ်စီမံကိန်းတွေအတွက် အရေးပါတဲ့ နေရာတွေဖြစ်နေပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားရာ ဒေသတွေဖြစ်ပြီး အနာဂတ်မှာလည်း လမ်း တံတားနဲ့ ရထားလမ်းတွေ ဖောက်ဖို့ ရှိနေပါတယ်။ လက်ရှိ နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးတွေလည်း ရှိနေပါတယ်။
ဒီနေရာမှာ ရှမ်းပြည်တွင်း နဲ့ တရုတ်နယ်စပ်တလျှောက် တည်ငြိမ်ရေး ၊ အထူးသဖြင့် တရုတ်စီမံကိန်းနဲ့ သူ့အကျိုးစီးပွား ရှိရာဒေသတွေ လမ်းကြောင်းတွေမှာ တရုတ်ရဲ့ လုံခြုံရေး အစီအမံပုံစံတွေကို အနည်းငယ် ရှင်းပြဖို့ လိုပါတယ်။
တရုတ်မြန်မာ နယ်စပ်တလျှောက်တည်ငြိမ်ရေး နယ်စပ်အနီးကနေ စတင်လာတဲ့ သူ့အကျိုးစီးပွား စီမံကိန်းတွေ နဲ့ ပတ်သက်ရင် တရုတ်က လုံခြုံရေးအစီအမံ ပုံစံ အနည်း ၄ မျိုးလောက်ကို အသုံးပြုတာမျိုး တွေ့ရပါတယ်။
တရုတ်နယ်စပ် သူ့နိုင်ငံဘက်ခြမ်းကတော့ သူ့နိုင်ငံကပဲ တာဝန်ယူပေမယ့် မြန်မာဘက်ခြမ်း ရှမ်းပြည်ထဲမှာဆိုရင် တရုတ် ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီတွေကို အသုံးပြုမှူ၊ ပြည်သူ့စစ်တွေကို အသုံးပြုခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို လုံခြုံရေးယူခိုင်းမှုနဲ့ အစိုးရ စစ်တပ် ၊ ရဲ တွေက တာဝန်ယူမှု စတဲ့ ပုံစံ ၄ မျိုးကို တွေ့ရပါတယ်။
လတ်တလော လုံခြုံရေးအစီအရင်ခံစာတရပ်ကို ကြည့်ရင် မဲခေါင်မြစ်ဝှမ်းအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေက တရုတ်ရင်းနှီးမြှပ်နှံမှု စီမံကိန်းတွေရဲ့ လုံခြုံရေးကို အကာကွယ်ပေးနိုင်ဖို့အတွက် ရင်းနှီးမြှပ်နှံတဲ့ ကုမ္ပဏီတွေဟာ တရုတ်အခြေစိုက် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေကို ဌားရမ်းအသုံးပြုမှုများပြားလာခဲ့တယ်လို့ဆိုတယ်။
အထူးသဖြင့်တော့ ဒေသခံတွေ ကန့်ကွက်ခံရမှု ရှိနေတဲ့ စီမံကိန်းနဲ့ လုပ်ငန်းတွေအပါအဝင် ဘေးအန္တရာယ်ကျရောက်နိုင်ပြီး စွန့်စားရတဲ့ လုပ်ငန်းတွေအတွက် အဓိက ရည်ရွယ်အသုံးပြုလာတာလို့ သုတေသနတရပ်က ဆိုတယ်။
အမေရိကန် အခြေစိုက် CADS Center for Advanced Defense Studies အဖွဲ့ရဲ့ သုတေသန တွေ့ရှိချက်အရတော့ တရုတ်နိုင်ငံမှာ လုံခြုံရေး ကုမ္ပဏီပေါင်း ၄၉ ခုရှိတဲ့အနက် ၂၉ ခုဟာ ကမ္ဗောဒီးယား၊ မြန်မာတို့မှာ လုပ်ကိုင်နေတာဖြစ်တယ်လို့ သုတေသနက ဖော်ပြပါတယ်။ အဲဒီနှစ်နိုင်ငံနောက်မှာတော့ မလေးရှားနိုင်ငံက တည်ရှိပါတယ်။
ဘာကြောင့် အခုလို တရုတ်စီမံကိန်းတွေ ရှိတဲ့နိုင်ငံတွေမှာ တရုတ်လုံခြုံရေး ကုမ္ပဏီတွေ များပြားလာနေသလဲဆိုတာကို ဒီနောက်ကွယ်မှာ ဘယ်လို အကြောင်းအရင်းတွေ ရှိနေသလဲဆိုတာကို C4ADS က တိတိပပ မဖော်ပြပေမယ့် အခုလို လှုပ်ရှားမှုဟာ သမ္မတ ရှီကျင့်ဖိန်ရဲ့ ရည်မှန်းချက် စီမံကိန်းဖြစ်တဲ့ BRI ပိုးလမ်းမ ရပ်ဝန်း စီမံကိန်း အရှိန်မြှင့်တင်လာချိန်နဲ့ တိုက်ဆိုင်နေတာပါ။
တဘက်မှာလည်း ကမ္ဗောဒီးယား ၊ လာအိုတို့လို နိုင်ငံတွေမှာတော့ တရုတ်ရဲ့ ရဲဌာနတွေကို သက်ဆိုင်ရာနိုင်ငံရဲ့ ရဲဌာနချုပ်တွေမှာ တွဲဖွင့်ထားပြီး တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ လုံခြုံရေး အခြေအနေတွေကို စုဆောင်းမှတ်တမ်းတင်တာ ၊ တရုတ်နိုင်ငံကနေ နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာတဲ့ ရာဇဝတ် ကျူးလွန်သူတွေကို စုံစမ်းထောက်လှမ်းပြီး သက်ဆိုင်ရာနိုင်ငံတွေကို ဖမ်းဆီးခိုင်းတာမျိုးတွေ လုပ်နေပါတယ်။
သဘောကတော့ သူ့ရဲ့ စီမံကိန်းတွေ လုံခြုံရေးအတွက်ဖြစ်စေ သူ့နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားအတွက်ဆိုရင် ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီတွေ အသင်းအဖွဲ့တွေသာမက သူ့ရဲတပ်ဖွဲ့တွေ ထောက်လှမ်းရေးတွေနဲ့ပါ အသုံးပြုတဲ့ သဘောပါပဲ။
ရှမ်းမှာ လုံခြုံရေး ကုမ္ပဏီတွေအပြင် လက်နက်ကိုင်တဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ၊ ပြည်သူ့စစ်တွေကိုပါ တရုတ်စီမံကိန်းတွေရဲ့ လုံခြုံရေးအဖြစ် သုံးလာနေတာကတော့ ငြင်းမရနိုင်တဲ့ အချက်ပါ
ရှမ်းလို ဒေသမှာတော့ လုံခြုံရေး ကုမ္ပဏီတွေအပြင် လက်နက်ကိုင်တဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ၊ ပြည်သူ့စစ်တွေကိုပါ သူ့စီမံကိန်းတွေရဲ့ လုံခြုံရေးအဖြစ် သုံးလာနေတာကတော့ ငြင်းမရနိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။
ဒါဆို တရုတ်က ရှမ်းတပ်ချင်းအတူတူ SSPP/SSA ကို နမ့်ခမ်း မူဆယ်လို နေရာတွေမှာ လှုပ်ရှားတာ အသိအမှတ်ပြုပြီး RCSS/SSA ကျ မကြိုဆိုတာလဲဆိုတဲ့ မေးခွန်းလည်း ရှိပါတယ်။
ဒါက ၃ ချက်ကြောင့်ဖြစ်မယ်လို့ ယူဆပါတယ်။
(၁) RCSS/SSA က မဟာလူမျိုးကြီး ရှမ်းဝါဒ ကျင့်သုံးပြီး မြောက်ပိုင်းက ကျန်တဲ့အဖွဲ့တွေနဲ့ မတည့်လို့ သူ့ကို နယ်စပ်မှာထားရင်လည်း တိုင်းရင်းသားတပ်ချင်း တိုက်ပွဲတွေကြောင့် မတည်မငြိမ်ဖြစ်နိုင်တာ၊
(၂) ရှမ်းတပ်ချင်းအတူတူ ကွန်မြူနစ် ဆန့်ကျင်ဖူးတဲ့အဖွဲ့ကလာတဲ့ RCSS/SSA နဲ့ လက်ရင်း လက်ဖြား ကွာဟချက်အရ ဗကပ လက်ကျန် မဟာမိတ် တပ်ဖွဲ့တွေထဲမှာ SSPP/SSA က သက်တမ်းအရင့်ဆုံးအဖွဲ့ဖြစ်နေပြီး ကွန်မြူနစ်ဖြစ်ဖူးသူ ခေါင်းဆောင်နှစ်ဦး SSPP/SSA မှာရှိနေတာ၊
(၃) ထိုင်းနယ်စပ်မှာ အခြေစိုက်ပြီး အကြံပေးတွေက အစ အနောက်တိုင်းသားတွေကို ခန့်ထားကာ၊ NUG လို စင်ပြိုင် အစိုးရအရေးတွေမှာ ပါဝင်ဆွေးနွေးနေတဲ့ RCSS/SSA ကို သူ့ထိန်းချုပ်မှုအောက်မရှိဘဲ အနောက်တိုင်း သြဇာခံအဖြစ် တရုတ်က သတ်မှတ်ကောင်း သတ်မှတ်နိုင်တဲ့ အချက်တွေကြောင့်ပဲဖြစ်ပါတယ်။
(စိုင်းမုန်းယိုင်သည် ရှမ်းပြည်အခြေစိုက် လုံခြုံရေး၊ ငြိမ်းချမ်းရေး သုတေသီ တဦးဖြစ်သည်။)
You may also like these stories:
ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကြားက အဖြေမရှိသေးတဲ့ ပဋိပက္ခ
ဗိုလ်ချုပ်ကြီး ယွက်စစ် အပစ်ရပ် ၁၀ ဖွဲ့ခေါင်းဆောင် အဖြစ်မှ နှုတ်ထွက်
တဖွဲ့ကိုသွားရင် တဖွဲ့နဲ့ ပဋိပက္ခဖြစ်မှာ စိုးလို့ လူငယ်တွေ ဖွဲ့လိုက်တဲ့ ရှမ်းပြည်ဖက်ဒရယ်တပ်ဦး
တိုင်းရင်းသား လက်နက်ကိုင်များ၏ နယ်မြေလုတိုက်ပွဲကြောင့် ပြည်သူ ၃၀၀၀ ကျော် ဒုက္ခရောက်နေ