မေးစရာတွေ ဗလပွနဲ့ ဦးသိန်းစိုး အစီရင်ခံစာ

ခင်ထွန်း
လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး / ဧရာဝတီ

ဦးသိန်းစိုး ခေါင်းဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က “၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်း တွေ့ရှိချက်”ဆိုသည့် အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီရင်ခံစာတွင် ပုံနှိပ်မှတ်တမ်း မပါရှိသည့်အတွက် မည်သည့်အချိန်က ထုတ်ပြန်ခဲ့သည်ကို တိတိကျကျ မသိရပါ။

၂၀၂၂ နှစ်ဦးပိုင်းတွင် မြန်မာနိုင်ငံအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ အဆိုပါ အစီရင်ခံစာကို ဖြန့်ဝေခဲ့သည်ဆိုသည့် သတင်းများပေါ်ထွက်လာပြီးနောက်ပိုင်းမှ အစီရင်ခံစာအပေါ် လူတွေ သတိထားမိလာခြင်းဖြစ်သည်။

၂၀၂၂ နှစ်ဦးပိုင်းတွင် မြန်မာနိုင်ငံအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ အဆိုပါ အစီရင်ခံစာကို ဖြန့်ဝေခဲ့သည်ဆိုသည့် သတင်းများပေါ်ထွက်လာပြီးနောက်ပိုင်းမှ အစီရင်ခံစာအပေါ် လူတွေ သတိထားမိလာခြင်းဖြစ်သည်။

အဆိုပါ အစီရင်ခံစာတွင် NLD ပါတီ၏ ရွေးကောက်ပွဲ မသမာမှုများ အမှန်တကယ်ဖြစ်ပွားခဲ့ကြောင်း ကိန်းဂဏန်းများ၊ ဇယားကားချပ်များ၊ ဓာတ်ပုံများဖြင့် သက်သေထူထားသည်ကိုတွေ့ရသည်။

သို့သော် ထိုအစီရင်ခံစာက NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှုကို ပြည်သူတွေ လက်ခံအောင်မလုပ်နိုင်ဘဲ ကော်မရှင်၏ ဆောင်ရွက်ချက်များအပေါ် မေးခွန်းထုတ်စရာတွေသာ ပိုများလာခဲ့သည်။

ကော်မရှင် ဥက္ကဋ္ဌ

အရေးပေါ်အခြေအနေကြေညာပြီးနောက် နစက အစိုးရမှ ပြန်လည်ဖွဲ့စည်းပေးခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌမှာ ဦးသိန်းစိုးဖြစ်သည်။

ယခင်စစ်အစိုးရလက်ထက်တွင် စစ်ဥပဒေချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည့် ဦးသိန်းစိုးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမဆုံးကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲသည် ပြည်သူများအနေဖြင့် လွတ်လပ်စွာပြောဆိုခွင့် မရှိသည့်အချိန်၊ သတင်းမီဒီယာလွတ်လပ်ခွင့် လုံးဝမရှိသည့်အချိန်၊ နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုများ၊
စည်းရုံးဟောပြောမှုများကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားခဲ့သည့်အချိန်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ထို့ပြင်၂၀၁၀ ရွေးကောက်ပွဲသည် ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို ခွင့်မပြုခြင်း၊ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များ ပွင့်လင်းမြင်သာမှု မရှိ ခြင်း၊ မဲစာရင်းများကို စစ်ဆေးကန့်ကွက်ရာတွင် အကန့်အသတ်များရှိခြင်းနှင့် မဲရုံပိတ်ပြီးမှရောက်လာသည့် ကြိုတင်မဲများကြောင့် ရွေးကောက်ပွဲရလဒ်များ ပြောင်းသွားခဲ့ခြင်းတို့ကြောင့် နာမည်ပျက်ခဲ့ရသည့်ရွေးကောက်ပွဲလည်း ဖြစ်သည်။

နာမည်ပျက်ခဲ့သည့်ရွေးကောက်ပွဲတခုကို ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးသိန်းစိုးက ၂၀၂၀ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိ မရှိ၊ မဲမသမာမှု ရှိ မရှိ တာဝန်ယူ စစ်ဆေးမည်ဆိုခြင်းမှာ သင့်လျော်မှု ရှိ မရှိ မေးခွန်းထုတ်စရာဖြစ်ပါသည်။

ထိုကဲ့သို့ နာမည်ပျက်ခဲ့သည့်ရွေးကောက်ပွဲတခုကို ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးသိန်းစိုးက ၂၀၂၀ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိ မရှိ၊ မဲမသမာမှု ရှိ မရှိ တာဝန်ယူ စစ်ဆေးမည်ဆိုခြင်းမှာ သင့်လျော်မှု ရှိ မရှိ မေးခွန်းထုတ်စရာဖြစ်ပါသည်။

ကော်မရှင်၏ လွတ်လပ်မှု

ဦးသိန်းစိုး ကော်မရှင်၏ အစီရင်ခံစာတွင် ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သမ္မတဦးဝင်းမြင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များနှင့် NLD လွှတ်တော်ကိုယ်စားလှယ်များ၏ သြဇာကို နာခံခဲ့သည့်အတွက် လွတ်လပ်သည့်ကော်မရှင်မဟုတ်ကြောင်း အကြိမ်ကြိမ်ထောက်ပြထားသည်ကိုတွေ့ရသည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ နစက အစိုးရ အဖွဲ့က ဖွဲ့စည်းပေးသည့်ကော်မရှင်ဖြစ်သည်။ နစက ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ် အမှတ်စဉ် ၅ တွင် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်အညီဆောင်ရွက်ပြီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအားပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်” ဟုဖော်ပြထားသည်။

အဆိုပါ ဖော်ပြချက်အရ တပ်မတော်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး ရွေးကောက်ပွဲအသစ် ကျင်းပရန်အတွက် ကြိုတင်ဆုံးဖြတ်ထားပြီး ဖြစ်သည်ကိုတွေ့ရသည်။

ထို့ကြောင့် ဦးသိန်းစိုး ကော်မရှင်အနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်ကို တရားဝင်ဖြစ်စေရန် လိုအပ်သည့် အထောက်အထားများကို ရှာဖွေ ပေးရသည့် ပုံစံဖြစ်နေရာ ကော်မရှင်၏ လွတ်လပ်မှုနှင့် တရားမျှတမှုအပေါ် မေးခွန်းထုတ်စရာဖြစ်နေပေသည်။

ရွေးကောက်ပွဲကန့်ကွက်မှု

ဦးသိန်းစိုး ကော်မရှင်၏ အစီရင်ခံစာတွင် တပ်မတော်က တင်ပြသည့် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုများနှင့်ပတ်သက်ပြီး NLD အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ရွေးကောက်ပွဲကော်မရှင်တို့က ဖြေရှင်းပေးမှု မရှိခြင်းသည် အရေးပေါ်အခြေအနေကြေညာရသည့် အဓိက အကြောင်းအရင်းတခုအဖြစ် ရေးသားထားသည်ကိုတွေ့ရသည်။

NLD အစိုးရ၏ ရပ်တည်ချက်မှာ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို သက်ဆိုင်ရာ ကိုယ်စားလှယ်များက ရွေးကောက်ပွဲ ကော်မရှင်မှတဆင့် ဖြေရှင်းရန်ဖြစ်သည်။ ထို့အတူ ရွေးကောက်ပွဲကော်မရှင်၏ ရပ်တည်ချက်မှာ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို တတိယ အဖွဲ့ အစည်းတခုခု ကန့်ကွက်ခြင်းကို လက်မခံဘဲ ရွေးကောက်ပွဲဥပဒေနှင့်အညီ သက်ဆိုင်ရာ ကိုယ်စားလှယ်က ကန့်ကွက်လွှာတင်သွင်းရန်ဖြစ်သည်။

သို့သော် ထိုအချိန်က NLD အစိုးရ၏ ရပ်တည်ချက်မှာ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို သက်ဆိုင်ရာ ကိုယ်စားလှယ်များက ရွေးကောက်ပွဲ ကော်မရှင်မှတဆင့် ဖြေရှင်းရန်ဖြစ်သည်။ ထို့အတူ ရွေးကောက်ပွဲကော်မရှင်၏ ရပ်တည်ချက်မှာ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို တတိယ အဖွဲ့ အစည်းတခုခု ကန့်ကွက်ခြင်းကို လက်မခံဘဲ ရွေးကောက်ပွဲဥပဒေနှင့်အညီ သက်ဆိုင်ရာ ကိုယ်စားလှယ်က ကန့်ကွက်လွှာတင်သွင်းရန်ဖြစ်သည်။

အဆိုပါ ရပ်တည်ချက်များမှာ အခြေခံဥပဒေနှင့်ရွေးကောက်ပွဲ ဥပဒေများတွင် ပြဋ္ဌာန်းထားချက်များနှင့်အညီပင်ဖြစ်သည်။ ဦးသိန်းစိုး ကိုယ်တိုင်ပင်လျှင် ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူချိန်က အထက်ပါအတိုင်း ရပ်တည်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် NLD ပါတီမှ ခွဲထွက်လာသည့်ဒေါက်တာသန်းငြိမ်း နှင့်ဦးခင်မောင်ဆွေ တို့၏ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က ၂၀၁၀ နိုဝင်ဘာလ ၁၁ ရက်စွဲဖြင့် တရားမဝင်ကြိုတင်မဲများနှင့် တရားမဲ့ပြုကျင့်မှုများနှင့်ပတ်သက်ပြီး တရားနည်းလမ်းအတိုင်း မှန်ကန်စွာဆောင်ရွက်ပေးရန်တောင်းဆိုမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်နှင့်ပတ်သက်ပြီး ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ နိုဝင်ဘာလ ၁၈ ရက်စွဲဖြင့် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်တဦး ရွေးကောက်တင်မြှောက်ခံရခြင်းကို ကန့်ကွက်လိုလျှင်ဖြစ်စေ၊ ယင်းမဲဆန္ဒနယ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ တရားမျှတမှု မရှိကြောင်း အကြောင်းပြ ကန့်ကွက်လိုလျှင်ဖြစ်စေ ရွေးကောက်ပွဲဥပဒေနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာတင်သွင်းဆောင်ရွက်နိုင်ကြောင်းနှင့် NDF ပါတီက ကြေညာချက်ထုတ်ပြန်ခြင်းသည် နိုင်ငံရေး ပါတီများစောင့်ထိန်းအပ်သည့် ကျင့်ဝတ်များနှင့် လိုက်နာရမည့် ဥပဒေများကို ဖောက်ဖျက်ရာ ရောက်ကြောင်း ဦးသိန်းစိုး ကိုယ်တိုင်လက်မှတ်ရေးထိုး၍ ကြေညာချက်ထုတ်ပြန် သတိပေးခဲ့သည်ကိုတွေ့ရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဝင် NDF ပါတီက ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်ပြီး ကြေညာချက်ထုတ်မှုကို ဥပဒေနှင့်မညီဟု တုန့်ပြန်ခဲ့သည့် ဦးသိန်းစိုး အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဝင်ပါတီမဟုတ်သည့် တပ်မတော်က မဲစာရင်းနှင့်ပတ်သက်ပြီး ကန့်ကွက်နေမှုကို အစိုးရ နှင့်ပြည်ထောင်စုလွှတ်တော်က ဖြေရှင်းပေးသင့်သည်ဟုပြောဆိုခဲ့ခြင်းမှာလည်း မေးခွန်းထုတ်စရာ အချက်ပင်ဖြစ်သည်။

နိုင်ငံတကာအဖွဲ့အစည်းများ

ဦးသိန်းစိုး ကော်မရှင်၏ အစီရင်ခံစာတွင် နောက်ထပ် အလေးထားဖော်ပြခဲ့သည့် အချက်တချက်မှာ ၂၀၂၀ ရွေးကောက်ပွဲကော်မရှင်သည် NLD ပါတီ အနိုင်ရရှိရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကြံပေးချက်များကို ရယူ၍ ဆောင်ရွက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြစ်သည်။

ဦးသိန်းစိုးက ၂၀၂၀ ရွေးကောက်ပွဲ ကော်မရှင်သည် IFES နှင့် IDEA အဖွဲ့များ၏ အကြံပြုချက်များကို အခြေခံပြီး ရွေးကောက်ပွဲ ဥပဒေအားပြင်ဆင်ခဲ့သည်ဟု စွပ်စွဲခဲ့သည့်အပြင် နိုင်ငံတကာအဖွဲ့အစည်း ၂၄ ခုနှင့် ဆက်သွယ်ဆောင်ရွက်ပြီး နိုင်ငံတကာ အဖွဲ့အစည်း ၁၂ ခုဖြင့် MoU လက်မှတ်ရေးထိုးခဲ့ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများထံမှ ငွေကြေးအထောက်အပံ့ ရယူခဲ့ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများက ရွေးကောက်ပွဲကော်မရှင်ကို လွှမ်းမိုးချုပ်ကိုင်ခြယ်လှယ်ခဲ့သည်ဟု ကောက်ချက်ချ
ထားသည်။

ဦးသိန်းစိုး မေ့လျော့နေသည့်အချက် သို့မဟုတ် ရည်ညွှန်းရန်ပျက်ကွက်ခဲ့သည့်အချက်မှာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သည့် အစဉ်အလာကို ဦးတင်အေး ခေါင်းဆောင်သည့် ၂၀၁၅ ရွေးကောက်ပွဲ ကော်မရှင်က စတင်ခဲ့သည်ဆိုသည့်အချက်ဖြစ်သည်။

ဦးသိန်းစိုး မေ့လျော့နေသည့်အချက် သို့မဟုတ် ရည်ညွှန်းရန်ပျက်ကွက်ခဲ့သည့်အချက်မှာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သည့် အစဉ်အလာကို ဦးတင်အေး ခေါင်းဆောင်သည့် ၂၀၁၅ ရွေးကောက်ပွဲ ကော်မရှင်က စတင်ခဲ့သည်ဆိုသည့်အချက်ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲ ကော်မရှင်၏ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အစီရင်ခံစာ စာမျက်နှာ ၃၃ အခန်း (၅) နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အပိုင်းတွင် IFES နှင့် IDEA အဖွဲ့များသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ရုံးခွဲ ဖွင့်လှစ်၍ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုလည်းကောင်း၊ IFES က ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများအတွက် ထောက်ပံ့ငွေ ကျပ် ၁၈.၁ ဘီလီယံ၊ IDEA က ကျပ်သန်း ၂၈၀၀ ကျော် ထောက်ပံ့ကြောင်းဖော်ပြထားသည်ကို တွေ့ရမည်ဖြစ်ပါသည်။

ထို့ပြင် အဆိုပါ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ သင်တန်းပို့ချမှု၊ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှုများကိုလည်း အပြည့်အစုံဖော်ပြထားသည်ကိုတွေ့ရမည်ဖြစ်သည်။

ဦးသိန်းစိုးအနေဖြင့် ၎င်း၏ အစီရင်ခံစာတွင်၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် အစဉ်အလာရှိသည်ကို ချန်လှပ်ထားခြင်းမှာလည်း မေးခွန်းထုတ်စရာဖြစ်နေသည်။ ထို့ပြင် ဦးသိန်းစိုးက ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်မှုကြောင့် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲ မဖြစ်ဟုဆိုလျှင် ပြည်တွင်း ပြည်ပ မည်သည့်အဖွဲ့အစည်းနှင့်မျှ ပူးပေါင်း ဆောင်ရွက်မှုမပြုဘဲ တံခါးပိတ်ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲသည် မည်မျှလွတ်လပ်ပြီး တရားမျှတသနည်း ဆိုသည့်မေးခွန်းကိုလည်း အဖြေပေးရန် လိုအပ်မည်ဖြစ်သည်။

နိုင်ငံသားစိစစ်ရေး ကတ်နှင့် မဲဆန္ဒရှင် သက်သေခံလက်မှတ်

ဦးသိန်းစိုး ကော်မရှင်၏ အစီရင်ခံစာ၌ ၂၀၂၀ ရွေးကောက်ပွဲတွင်နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများကို မဲပေးခွင့်ပြုခြင်းနှင့်မဲဆန္ဒရှင် သက်သေခံလက်မှတ်များဖြင့် မဲပေးခွင့်ပြုခဲ့ခြင်းကြောင် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၉ ကို ကျူးလွန်ဖောက်ဖျက်ရာရောက်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ဤနေရာတွင် အဓိကမေးခွန်းမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိလျှင် မဲပေးခွင့်ရှိ မရှိဆိုသည့် မေးခွန်းဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၃၉ ၁ (က) တွင် ရွေးကောက်ပွဲ စတင်ကျင်းပသည့်ရက်တွင် အသက် ၁၈ နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်းပျက်ယွင်းသူ မဟုတ်လျှင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်ဟု တိကျစွာပြဋ္ဌာန်းထားသည်။ ထို့ပြင်မြန်မာနိုင်ငံ၏ လက်ရှိလူဝင်မှုကြီးကြပ်ရေး လုပ်ထုံးလုပ်နည်းများအရ အသက် ၁၈ နှစ်ပြည့်သည့်နေ့တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရန်လုံးဝမဖြစ်နိုင်သည့်အပြင် ၁၈ နှစ်ပြည့်ပြီးသည့်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသည့် နိုင်ငံသားများစွာ ရှိနေသည်ကိုတွေ့ရမည်ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲ ကော်မရှင်၏ ၂၀၁၅ ရွေးကောက်ပွဲအစီရင်ခံစာ အခန်း (၇) တွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းများ ပြုစုရာ၌ ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် ၁၈ နှစ်ပြည့်ပြီး ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သူများကို မဲစာရင်းတွင် ထည့်သွင်းပြုစုခဲ့ကြောင်း၊ စတင်ပြုစုချိန်တွင် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို အတိအကျ မသိရသည့်အတွက်၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင်အသက် ၁၈ နှစ်ပြည့်မည့်သူများကို ထည့်သွင်းပြုစုခဲ့ကြောင်း၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပရန် ရက်သတ်မှတ်ပြီးချိန်မှသာ ၁၉၉၇ နိုဝင်ဘာလ ၉ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အတွင်း မွေးဖွားသူများကို စာရင်းမှပယ်ဖျက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဦးသိန်းစိုး ကော်မရှင်အစီရင်ခံစာ၌ ၂၀၁၅ ရွေးကောက်ပွဲတွင် ၁၈ နှစ်ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများကို အခြားအထောက်အထားတခုခုဖြင့် မဲစာရင်းတွင် ထည့်သွင်းပေးခဲ့ခြင်း ရှိ မရှိကိုလည်း နှိုင်းယှဉ်စိစစ်ခဲ့ခြင်း မရှိပေ။

ဦးသိန်းစိုး ကော်မရှင်အစီရင်ခံစာတွင် အဆိုပါအချက်ကို ရည်ညွှန်းခြင်းမရှိသည့်အပြင်၂၀၁၅ ရွေးကောက်ပွဲတွင် ၁၈ နှစ်ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများကို အခြားအထောက်အထားတခုခုဖြင့် မဲစာရင်းတွင် ထည့်သွင်းပေးခဲ့ခြင်း ရှိ မရှိကိုလည်း နှိုင်းယှဉ်စိစစ်ခဲ့ခြင်း မရှိပေ။

ထို့ပြင်ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ၏ ပုဒ်မ ၁၄ (က) တွင် ရွေးကောက်ပွဲ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော ရွေးကောက်ပွဲ ကျင်းပသည့်နေ့ တွင် ၁၈ နှစ်ပြည့်သူဖြစ်လျှင် မဲစာရင်းတွင် ထည့်သွင်းရမည်ဟု ပြဋ္ဌာန်းထားသည်ကိုလည်း တွေ့ရသည်။

အဆိုပါ ပြဋ္ဌာန်းချက်သည် ပြည်ခိုင်ဖြိုးလွှတ်တော်က ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်၃၂ ၊ ၃၃ ၊ ၃၄ တို့ဖြင့် ပြင်ဆင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ဦးသိန်းစိုးကော်မရှင်အစီရင်ခံစာတွင် အဆိုပါ ပြဋ္ဌာန်းချက်ကို တလုံးတပါဒမျှ ရည်ညွှန်းထားခြင်းမရှိသည်ကို တွေ့ရသည်။

မဲဆန္ဒရှင် သက်သေခံလက်မှတ်မှာလည်း ၂၀၂၀ ရွေးကောက်ပွဲမှသာ စတင်အသုံးပြုခြင်း မဟုတ်ဘဲ ၂၀၁၅ ရွေးကောက်ပွဲမှစတင်ပြီး မဲဆန္ဒပေးရာ၌ လွယ်ကူစေရန်အတွက် ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်၏ ၂၀၁၅ ခုနှစ်နိုဝင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်ချက်၌ မဲစာရင်းတွင် အမည်များထပ်နေသဖြင့် မဲဆန္ဒရှင်သက်သေခံလက်မှတ်များ ဖောင်းပွလျက်ရှိကြောင်း၊ သို့ သော် တကြိမ်ထက်ပိုပြီး မဲမပေးနိုင်စေရန် လက်ချောင်းတွင် ဖျက်မရသော မှင်တို့ပြီး အမှတ်အသားပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ထို့ကြောင့် ဦးသိန်းစိုး ကော်မရှင်အနေဖြင့် ၂၀၂၀ ရွေးကောက်ပ္ဗွဲ၌ နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူများကို မဲပေးခွင့်ပြုခြင်း နှင့် မဲဆန္ဒရှင်သက်သေခံလက်မှတ်များ အသုံးပြုခဲ့မှုသည် ရွေးကောက်ပွဲဥပဒေကို ဖောက်ဖျက်ကျူးလွန်သည်ဟု စွပ်စွဲရာတွင် ၂၀၁၅ ရွေးကောက်ပွဲတွင် လုပ်ဆောင်ခဲ့မှုများနှင့် နှိုင်းယှဉ်သုံးသပ်မှုပြုလုပ်ရန် ပျက်ကွက်မှု၊ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၄ (က) ပါ ပြဋ္ဌာန်းချက်ကို ရည်ညွှန်းရန် ပျက်ကွက်မှုတို့မှာလည်း မေးခွန်းထုတ်စရာဖြစ်နေခဲ့သည်။

မဲစာရင်းမှားယွင်းမှု

ဦးသ်ိန်းစိုးကော်မရှင် အစီရင်ခံစာတွင် အထူးအသားပေးဖော်ပြထားသည့်အချက်မှာ မဲစာရင်းမှားယွင်းမှု ဖြစ်သည်။ ကော်မရှင်အစီရင်ခံစာတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား စသည့် စိစစ်ရေးကတ်ပြားမရှိဘဲ မဲစာရင်းတွင်ပါဝင်သူ၊ စိစစ်ရေးကတ်ပြား အမှတ်တူနေသူ၊ မြို့နယ်ချင်း မဲစာရင်းထပ်မှု၊ အသက် ၁၈ နှစ်မပြည့်ဘဲ မဲစာရင်းပါမှုစသည့် စာရင်းမှားယွင်းသူအရေအတွက် ဆယ်တစ်သန်း ကျော် (ကိန်းဂဏန်း အတိအကျအားဖြင့် ၁၁,၃၀၅,၃၉ ၀ ဦး) ရှိသည်ဟုဖော်ပြထားသည်။

မဲစာရင်း ပြုစုရာတွင် မှားယွင်းမှုသည် စီမံခန့်ခွဲမှု အားနည်းချက်ဖြစ်ပြီး အဆိုပါ မှားယွင်းမှုများကို မဲမသမာမှုအဖြစ် သတ်မှတ်မည်ဆိုလျှင် မဲစာရင်းမှားယွင်းမှု တခုချင်းသည် မဲမသမာမှုကို ဖြစ်စေကြောင်း တိကျခိုင်မာသည့် အထောက်အထားပြရမည်ဖြစ်သည်။

ထို့ထက်ပိုပြီး အရေးကြီးသည့်အချက်မှာ စာရင်းမှားယွင်းသည့်ဆယ်တစ်သန်းကျော်ကို မဲမသမာမှုဖြစ်ပွားခဲ့သည့် အရေအတွက်ဟု ကောက်ချက်ချ သုံးသပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မဲစာရင်း ပြုစုရာတွင် မှားယွင်းမှုသည် စီမံခန့်ခွဲမှု အားနည်းချက်ဖြစ်ပြီး အဆိုပါ မှားယွင်းမှုများကို မဲမသမာမှုအဖြစ် သတ်မှတ်မည်ဆိုလျှင် မဲစာရင်းမှားယွင်းမှု တခုချင်းသည် မဲမသမာမှုကို ဖြစ်စေကြောင်း တိကျခိုင်မာသည့် အထောက်အထားပြရမည်ဖြစ်သည်။

ဥပမာအားဖြင့် မဲဆန္ဒနယ်တခုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်တူနေသူ ၆ ဦး ရှိပြီး မြေပြင်တွင် စစ်ဆေးရာ အမှန်တကယ် နေထိုင်သူတဦးသာရှိ ကြောင်း၊ သို့သော် ကျန်ငါးဦးမှာ အမှန်တကယ်နေထိုင်ခြင်း မရှိသော်လည်း မဲပေးသည့်နေ့တွင် ဆန္ဒမဲလက်မှတ် ထုတ်ယူ မဲပေးခဲ့ကြောင်း သက်သေပြနိုင်မှသာ မဲမသမာမှုမြောက်မည်ဖြစ်သည်။ အကယ်၍ စာရင်းပါ ၆ ဦးလုံး မဲဆန္ဒနယ်မြေတွင်နေထိုင်နေပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်တူနေခြင်းမှာ ကွန်ပျူတာရေးသွင်းမှု အမှားဖြစ်ကြောင်းတွေ့ရှိပါက မဲမသမာမှုမဟုတ်ဘဲ လုပ်ငန်းဆောင်ရွက်မှု အမှားသာဖြစ်သည်။

အလားတူပင် မဲဆန္ဒနယ်တခုတွင် အခြားမဲဆန္ဒနယ်နှင့် မဲစာရင်းထပ်သူဆယ်ဦး ရှိသည်ဆိုပါက အဆိုပါ မဲစာရင်းထပ်သူအားလုံး သို့မဟုတ် အချို့သည် မဲဆန္ဒနယ်နှစ်ခုလုံးတွင် မဲပေးခဲ့သည်ကို သက်သေပြနိုင်မှသာ မဲမသမာမှုမြောက်မည်ဖြစ်ပါသည်။

ထို့ပြင်၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးသူရာခိုင်နှုန်းမှာ ပြည်သူ့လွှတ်တော်အတွက် ၇၁.၈၉ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်အတွက် ၇၁.၈၄ ရာခိုင်နှုန်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်အတွက် ၇၁.၀၆ ရာခိုင်နှုန်း ရှိသည့်အတွက် မဲစာရင်းမှားယွင်းသူ အားလုံး မဲပေးခဲ့သည်၊ မဲမသမာမှု ကျူးလွန်ခဲ့သည်ဟု ကောက်ချက်ချရန် မဖြစ်နိုင်ပေ။

ဦးသိန်းစိုးကော်မရှင်၏ အစီရင်ခံစာ၌ပင် ၂၀၂၀ ရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲဆိုင်ရာပြစ်မှုနှင့်ပတ်သက်ပြီး အမှုဖွင့်တိုင်ကြားမှု ၅၄၆ မှု၊ တရားမဲ့ပြုကျင့်မှု ၂၈၇ မှုရှိသည်ဟု ဖော်ပြထား သည့်အတွက် မဲစာရင်းမှားယွင်းမှု အားလုံးမှာ မဲမသမာမှု ကျူးလွန်ခြင်း မဟုတ်ဟု ဝန်ခံထားသကဲ့သို့ ဖြစ်နေပေသည်။

ထို့ပြင် ဦးသိန်းစိုး အစီရင်ခံစာ စာမျက်နှာ ၉၉ တွင် မဲနှစ်ကြိမ်၊ သုံးကြိမ်ပေးမှုများကို မဲစာရင်းပုံစံ ၁ တွင် လက်မှတ်ရေးထိုးထားမှုများနှင့် အသေးစိတ်စိစစ်လျက်ရှိကြောင်း ဖော်ပြထားသော်လည်း ယနေ့အထိ မဲနှစ်ကြိမ်၊ သုံးကြိမ်ပေးသူ သိန်းသောင်းချီတွေ့ရှိသဖြင့် အရေးယူထားကြောင်း ထုတ်ပြန်ကြေညာနိုင်မှု မရှိသေးသည်ကိုတွေ့ရသည်။

အရေးကြီးဆုံးအချက်မှာ ဦးသိန်းစိုးကော်မရှင်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းမှုကို ၂၀၁၀ ၊ ၂၀၁၅ ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်သုံးသပ်ပြနိုင်မှု မရှိခြင်းပင်ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ ဦးသိန်းစိုးကော်မရှင်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းမှုကို ၂၀၁၀ ၊ ၂၀၁၅ ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်သုံးသပ်ပြနိုင်မှု မရှိခြင်းပင်ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲမှာ စစ်အစိုးရလက်အောက်တွင် တင်းကျပ်သော ထိန်းချုပ်မှုများဖြင့် ကျင်းပခဲ့သည့်အတွက် ဦးသိန်းစိုး ခေါင်း ဆောင်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်၏ မဲစာရင်းပြုစုမှုများနှင့် ပတ်သက်ပြီး စိစစ်မှု၊ မီဒီယာများတွင်ရေးသားမှုမရှိသလောက် နည်းပါးခဲ့သည်။

သို့သော် ၂၀၁၅ ရွေး ကောက်ပွဲ ကော်မရှင်၏ ၂၀၁၅ ခှုနှစ် ဇူလိုင်လ ၆ ရက်နေ့ ထုတ်ပြန်ခဲ့သည့် “မဲစာရင်း မှန်ကန်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များ ပြည်သူလူထုသို့ ရှင်းလင်း အသိပေးခြင်း” ကြေညာချက်အပိုဒ် ၃ တွင် “ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံများအရ ဖော်ပြပါအတိုင်း မဲစာရင်းထုတ်ပြန်ကြေညာပြီး နောက်ပိုင်းတွင်မှ မဲစာရင်းတွင် ချို့ယွင်းအားနည်းချက်များရှိကြောင်း တွေ့ရပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ နောက်ဆုံးအခြေအနေနှင့်ကိုက်ညီမှု မရှိသော စာရင်းဇယားများအား အခြေခံကောက်ယူခြင်း၊ မဲစာရင်း လာရောက်မကြည့်ရှုခြင်း၊ တောင်းဆို ပြင်ဆင် ကန့်ကွက်ခြင်းတို့တွင် ပြည်သူလူထုအတွက် အချိန်မလုံလောက်သောကြောင့် ချို့ယွင်းအားနည်းခဲ့ရသည်ဟု ကော်မရှင်က သုံးသပ်ရရှိပါသည်။ အဆိုပါ ချို့ယွင်းအားနည်းချက်သည် ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေနိုင်ပါသည်” ဟု ဖော်ပြထားသည်ကို ထောက်ရှုလျှင် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း မဲစာရင်းမှားယွင်းမှုများ ရှိခဲ့သည်မှာ ထင်ရှားနေပါသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာတွင်မူ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ၂၀၁၄ ခုနှစ်မေလက စတင်ပြီး စမ်းသပ် မဲစာရင်းကောက်မှုများကို ပြုလုပ်ခဲ့သည်။ သို့တိုင်အောင် အခြေခံမဲစာရင်းထုတ်ပြန်ချိန်တွင် အမှားများစွာပါခဲ့သဖြင့် ဝေဖန်မှုများနှင့်ကြုံတွေ့ခဲ့ရသည်ကို ထိုအချိန်က သတင်းမီဒီယာရေးသားချက်များတွင် တွေ့နိုင်သည်။

ထိုအချိန်က မဲစာရင်းမှားယွင်းမှုဆိုသည်မှာ ရပ်ကွက်အချို့တွင်တွေ့ရသည့် မှားယွင်းမှုများကို မီဒီယာများက သတင်းအဖြစ်ရေးသားခဲ့ခြင်း ဖြစ်ပြီး ယခု ဦးသိန်းစိုး ကော်မရှင် ဆောင်ရွက်သကဲ့သို့ တနိုင်ငံလုံးမဲစာရင်းများကို တိုက်ဆိုင်စစ်ဆေးလျှင် မှားယွင်းသည့်အရေအတွက် ပိုမိုများပြားမည်မှာ သေချာသည်။

၂၀၁၅ ခုနှစ် အခြေခံမဲစာရင်းတွင် လူသိများသည့် မှားယွင်းသည့်အချက်များမှာ ထင်ရှားကျော်ကြားသည့် အနုပညာရှင်အချို့၏အမည်များ မဲစာရင်းတွင် ပါဝင်မှုမရှိခြင်း၊ သေဆုံး
ကွယ်လွန်ခဲ့သူများ မဲစာရင်းတွင် ပါဝင်နေခြင်း၊ရွာလုံးကျွတ်နီးပါး မွေးလ၊ မွေးရက်တရက်တည်း ထပ်တူညီနေခြင်းတို့ ဖြစ်သည်။ အဆိုပါမှားယွင်းမှုများ အများအပြားဖြစ်ပေါ်ခဲ့သည့်အတွက် ၈-၇-၂၀၁၅ ရက်နေ့ အစိုးရ ကြေးမုံသတင်းစာတွင် အခြေခံမဲစာရင်းများ မှားယွင်းရသည့် အကြောင်းအရင်းများကို ဆောင်းပါးဖော်ပြဖြေရှင်းခဲ့ရသည်။

ထို့ပြင်ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကိုယ်တိုင်က အောက်တိုဘာ ၂၃ ရက်နေ့ ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲ လေ့လာ
စောင့်ကြည့်ရေးအဖွဲ့များနှင့်တွေ့ဆုံရာတွင် မဲစာရင်းမည်မျှ မှားယွင်းသည်ဖြစ်စေ မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်မဆုံးရှုံးအောင် စီစဉ်ဆောင်ရွက်ပေးမည်ဟု အာမခံ ပြောကြားခဲ့ရသည်။

ဦးသိန်းစိုးကော်မရှင်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုများကို ပြီးခဲ့သည့် ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်သုံးသပ်ခြင်း မရှိသည့်အပြင် မဲစာရင်းမှားယွင်းမှု အားလုံးကို မဲမသမာမှုအဖြစ် အထောက်အထားမဲ့ ကောက်ချက်ချ သုံးသပ်ခဲ့သည့်အတွက် ကော်မရှင်၏ ရိုးသား ဖြောင့်မတ်မှုအပေါ် မေးခွန်းထုတ်စရာဖြစ်နေခဲ့သည်။

ရွေးကောက်ပွဲ ရလဒ်

နောက်ဆုံးမှဆွေးနွေးသော်လည်း အရေးကြီးဆုံးအချက်မှာ ဦးသိန်းစိုး ကော်မရှင်က ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ ကြေညာချက်အမှတ် (၂ / ၂၀၂၁ ) ဖြင့် ၂၀၂၀ ရွေးကောက်ပွဲသည်အခြေခံဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိသည့်အပြင် လွတ်လပ်၍ တရားမျှတမှု မရှိသော ရွေးကောက်ပွဲ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည့်အချက်ဖြစ်သည်။

ထိုကြေညာချက်နှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေ ဖြင့် ရွေးကောက်ပွဲတခုလုံး၏ ရလဒ်များကို ပယ်ဖျက်ခွင့် ရှိ မရှိ မေးရမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၉ ပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်များတွင် ရွေးကောက်ပွဲကျင်းပခြင်း၊ ရွေးကောက်ပွဲကို ကြီးကြပ်ခြင်း၊ ကော်မရှင်အဖွဲ့ခွဲများကိုဖွဲ့စည်းခြင်းနှင့် ကြီးကြပ်ခြင်း၊ မဲဆန္ဒနယ်များ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ မဲစာရင်းကောက်ယူခြင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့်မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်း၊ န်ိုင်ငံရေးပါတီများကို ညွှန်ကြားခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ်ဆေးရန် ရွေးကောက်ပွဲ ခုံအဖွဲ့များ ဖွဲ့စည်း ခြင်းတို့သာ ပါဝင်သည်။ ရွေးကောက်ပွဲတခုလုံး၏ ရလဒ်များကို စစ်ဆေးပယ်ဖျက်ပြီး ရွေးကောက်ပွဲ အသစ်ပြန်လည်ကျင်းပခွင့်ကို ပြဋ္ဌာန်းထားခြင်း မရှိပါ။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ပုဒ်မ ၁၀ ပါ ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များတွင်လည်း ရွေးကောက်ပွဲတခုလုံး၏ ရလဒ်များကို စစ်ဆေးပယ်ဖျက်ပြီး ရွေးကောက်ပွဲ အသစ်ပြန်လည်ကျင်းပခွင့်ကို ပြဋ္ဌာန်းထားခြင်း မရှိပါ။

အလားတူပင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ပုဒ်မ ၁၀ ပါ ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များတွင်လည်း ရွေးကောက်ပွဲတခုလုံး၏ ရလဒ်များကို စစ်ဆေးပယ်ဖျက်ပြီး ရွေးကောက်ပွဲ အသစ်ပြန်လည်ကျင်းပခွင့်ကို ပြဋ္ဌာန်းထားခြင်း မရှိပါ။

လွှတ်တော်အဆင့်ဆင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ အခန်း ၅ “ ရွေးကောက်တင်မြှောက်ခံရခြင်း နှင့်စပ်လျဉ်း၍ ကန့်ကွက်ချက်များကို အဆုံးအဖြတ်ပေးခြင်း” တွင် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် တဦးချင်းကိုသာ ၎င်းနှင့် ယှဉ်ပြိုင်အရွေးခံသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ထိုမဲဆန္ဒနယ်တွင် ဆန္ဒမဲပေးခဲ့သည့် မဲဆန္ဒရှင်က ကန့်ကွက်လွှာ တင်သွင်းလျှောက်ထားရမည်ဟု ပြဋ္ဌာန်းထားသည်။ ပါတီ သို့မဟုတ် တပ်မတော်ကဲ့သို့သော အခြား
အဖွဲ့ အစည်းတခုက ဝင်ရောက်စွက်ဖက် ကန့်ကွက်၍ မရပါ။

အခန်း ၅ ပါ ပြဋ္ဌာန်းချက်များအရ အဆိုပါ ကန့်ကွက်ချက်ကို ရွေးကောက်ပွဲ ခုံအဖွဲ့ ဖွဲ့စစ်ဆေးပြီး တရားမဲ့ပြုကျင့်မှုကြောင့် ရွေးကောက်ပွဲ အနိုင်ရကြောင်း ပေါ်လွင်လျှင် အဆိုပါ ရွေးကောက်တင်မြှောက်ခံရသူကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်မှု ပျက်ပြယ်ကြောင်း ကြေညာရမည်ဖြစ်သည်။

အထက်ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲဆန္ဒနယ် တခုချင်းတွင်သာ ကန့်ကွက်သူရှိပါက ရွေးကောက်ပွဲခုံအဖွဲ့ ဖွဲ့စည်းစစ်ဆေးခြင်း၊ သက်ဆိုင်ရာ
လွှတ်တော်ကိုယ်စားအဖြစ် ရွေးကောက်တင်မြှောက်မှု ပျက်ပြယ်ကြောင်း ကြေညာခြင်းတို့ကိုသာ ဆောင်ရွက်ခွင့်ရှိသည်မှာ ထင်ရှားနေပါသည်။

ထို့ကြောင့် ဦးသိန်းစိုး ကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ကြောင်းကြေညာခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲဥပဒေ နှင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ များနှင့် ဆန့်ကျင်နေသည့်လုပ်ရပ်ဖြစ်ကြောင်း ထင်ရှားနေပါသည်။

အစီရင်ခံစာတခုလုံးကို ခြုံငုံသုံးသပ်ရလျှင် ဦးသိန်းစိုး ကော်မရှင်၏ ၂၀၂၀ ရွေးကောက်ပွဲ စုံစမ်းရေးအစီရင်ခံစာသည်၂၀၁၀ က စစ်အစိုးရ အလိုကျ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရအောင် နည်းမျိုးစုံ ဖြင့် ကြိုးစားပေးခဲ့သည့် ဦးသိန်းစိုး၏ နောက်တကြိမ် စစ်အစိုးရအလိုကျ ဆောင်ရွက်ပေးမှုတခု တနည်းအားဖြင့် ဦးသိန်းစိုး၏ နောက်ထပ်သမိုင်းအမည်းစက်တခုသာ ဖြစ်သည်။

(ခင်ထွန်းသည် မြန်မာပြည်တွင်းအခြေစိုက် နိုင်ငံရေးသုတေသီတဦး ဖြစ်သည်။)

You may also like these stories:

ရွေးကောက်ပွဲတွင် စစ်ဘက်က စွက်ဖက်မှုကို ခြေရာခံခြင်း

အချုပ်အခြာအာဏာပိုင်မှုတွင် စာမေးပွဲကျသော စစ်ကောင်စီ

စစ်ကောင်စီ၏ ပြည်ထောင်စုနေ့ပွဲ လက်နက်ကိုင်တွေ ဘာကြောင့်တက်ခဲ့ကြသလဲ

ပြည်ထောင်စုနေ့ကို တကိုယ်တော် မကျင်းပနိုင်

Loading