ကြီးမားသော ပစ္စည်းများကို အိမ်အရောက် ဝယ်ယူသူ အများအပြားသည် ပစ္စည်းရောက်ပြီး အထုပ်အပိုး ဖြည်လိုက်သောအခါ အသိပေးအကြောင်းကြားစာတခု တွေ့ရတတ်သည်။ “တပ်ဆင်မှု အချို့ပြုလုပ်ရန် လိုအပ်သည်” ဆိုသည့် အသိပေးအကြောင်းကြားစာ ဖြစ်သည်။
စက်ရုံ သို့မဟုတ် ဆိုင်ခွဲသည် သယ်ယူပို့ဆောင်စရိတ် သက်သာစေရန် ပစ္စည်းကို တစစီဖြုတ်၍ ပေးလိုက်ခြင်းဖြစ်ပြီး ဝက်အူလှည့်ဖြင့်ဖြစ်စေ၊ သေးငယ်သော ကိရိယာတခုခုဖြင့်ဖြစ်စေ ထိုပစ္စည်းကို ပြန်လည်တပ်ဆင်ရန်မှာ ဝယ်ယူသူ၏ တာဝန်သာဖြစ်သည်။ ထိုသို့ ပြန်လည်တပ်ဆင်ရန် လမ်းညွှန်ချက်များ ထုံးစံအားဖြင့် ပါရှိတတ်သော်လည်း ဝယ်ယူသူသည် ထိုညွှန်ကြားချက်များကို အလုပ်ရှုပ်ခံ မဖတ်တော့ဘဲ သာမန် အသိကို အခြေခံကာ တပ်ဆင်လေ့ရှိသည်။
သို့သော် ထိုသို့တပ်ဆင်ရာတွင် အောင်မြင်စေရန် အဆင့်ဆင့် လုပ်ရသည့် အစီအစဉ်သည် အရေးပါသည်။ ထိုတပ်ဆင်ရသည့် အစီအစဉ်ကို လျစ်လျူရှုခြင်းသည် ဝယ်ယူသူအတွက် စိတ်အနှောင့်အယှက်များ ဖြစ်စေနိုင်သည်။
ယခုအခါ မြန်မာသည် တစစီ ဖြစ်နေသည်။ ပြန်လည်တပ်ဆင်ရန်အတွက် ကျွမ်းကျင်သော ကိုင်တွယ်မှုနှင့် အနုစိတ်များကို နားလည်နိုင်စွမ်းရှိသည့် တွေးခေါ်မှုလိုသည်။ တပ်ဆင်ရမည့် လမ်းညွှန်များဖြစ်သည့် ၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများသည် တခါက လုံလောက်သည်ဟု ယူဆသည့် အုပ်စုအချို့ ရှိစေကာမူ ယခု လုံလောက်ခြင်း မရှိတော့ပေ။
ယခုအခါ မြန်မာသည် တစစီ ဖြစ်နေသည်။ ပြန်လည်တပ်ဆင်ရန်အတွက် ကျွမ်းကျင်သော ကိုင်တွယ်မှုနှင့် အနုစိတ်များကို နားလည်နိုင်စွမ်းရှိသည့် တွေးခေါ်မှုလိုသည်။ တပ်ဆင်ရမည့် လမ်းညွှန်များဖြစ်သည့် ၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများသည် တခါက လုံလောက်သည်ဟု ယူဆသည့် အုပ်စုအချို့ ရှိစေကာမူ ယခု လုံလောက်ခြင်း မရှိတော့ပေ။
အပြစ်တင်ရသည်မှာ လွယ်ကူသည်။ ဗြိတိသျှတို့ကို ၎င်းတို့၏ အုပ်ချုပ်မှုပုံစံများအတွက် အပြစ်တင်သည်။ စစ်ဘက်ခေါင်းဆောင်ပိုင်းနှင့် အရပ်သားခေါင်းဆောင်ပိုင်းကို အပြစ်တင်သည်။ တိုင်းရင်းသား လူမျိုးစုများကို အပြစ်တင်သည်။ ၎င်းတို့အနက် အချို့သည် ထိုသို့ ပြန်လည်တပ်ဆင်ခြင်းကို မကြာခဏ အတားအဆီး ဖြစ်စေတတ်ကြသည်။
သို့သော် အပြစ်တင်ခြင်းသည် ပြန်လည်တပ်ဆင်ရန် လမ်းညွှန် မဟုတ်သလို ရွေးစရာမူဝါဒ အပြောင်းအလဲလည်း မဟုတ်ပေ။ သို့သော် ပြန်လည်တပ်ဆင်ရေး ပုစ္ဆာကို စစ်တပ်က ရာစုနှစ်ဝက်နီးပါး အပြင်းအထန် ကြိုးစားခဲ့သည့်အတိုင်း အကြမ်းပတမ်း တူဖြင့်ထုပြီး အောင်မြင်အောင် မဖြေရှင်းနိုင်ပေ။ မြန်မာသည် ကိုယ်တိုင်ဖောက်သည့် ဖရိုဖရဲဖြစ်နေသော ပျက်စီးမှုလမ်းကြောင်းတွင် လျှောက်နေသည်။ ပြန်လည်တပ်ဆင်ရန် လမ်းညွှန်များ မရှိပေ။ ထိုနယ်ပယ်သည် မည်သူမျှ မရောက်ဖူး၊ မလေ့လာဖူးသော နယ်ပယ်ဖြစ်သည်။
ပညာကောင်းစွာတတ်ပြီး ရည်ရွယ်ချက်ကောင်းသော နိုင်ငံခြားသားများသည် ထိုလုပ်ငန်းစဉ်ကို ယခင်က ကူညီခဲ့ဖူးကြသည်။ ၎င်းတို့၏ အနုစိတ် ပြီးပြည့်စုံသော စီမံကိန်းများသည် ခိုင်မာကောင်း ခိုင်မာနိုင်ပြီး နိုင်ငံတကာ လိုက်လျောညီထွေမှု ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့တွင် ဒေသဆိုင်ရာ နားလည်မှုကင်းမဲ့ကြပြီး အဖွဲ့တဖွဲ့က လိုလားသောကိစ္စကို အခြားတဖွဲ့က ပယ်ချကောင်း ပယ်ချနိုင်သည်။ တော်ရုံသင့်ရုံ ယေဘုယျ သဘောတရားများဖြင့် စတင်ခြင်းသည် ပိုမို အောင်မြင်ကောင်း အောင်မြင်နိုင်သည်။ နိုင်ငံခြားသားများအပေါ် သံသယသည် အခိုင်အမာဖြစ်နေပြီး မကြာခဏဆိုသလို မှန်ကန်ကြောင်း ပြသနိုင်သည့် မြန်မာ့ စရိုက်လက္ခဏာ ဖြစ်သည်။
အခိုင်အမာ ထူထောင်ထားပြီးဖြစ်သော အမျိုးသားနှင့် နိုင်ငံတကာ အယူအဆမှာ တစစီ ပြန်လည် တပ်ဆင်ပြီးသော မြန်မာသည် အမျိုးမျိုးသော တိုင်းရင်းသားများအတွက် ကြွယ်ဝချမ်းသာမှုနှင့် သာယာစိုပြေမှုအတွက် အကောင်းဆုံး ဖြစ်နိုင်ခြေဖြစ်သည်။ ထိုသို့သော အခြေအနေသည် အကွဲကွဲအပြားပြားဖြစ်နေသော နိုင်ငံကို အိမ်နီးချင်းများနှင့် ပြည်တွင်းပြည်ပ အဖွဲ့များက ချယ်လှယ်ပြီး အမြတ်ထုတ် သွေးစုပ်ခြင်းမှ တားဆီးနိုင်မည် ဖြစ်သည်။ ထိုသို့သော အခြေအနေသည် သတ်ဖြတ်မှုများနှင့် သိန်းပေါင်းများစွာသောသူများ နေရပ်စွန့်ခွာရခြင်းတို့ကို အဆုံးသတ်ပေးမည် ဖြစ်သည်။
သို့သော် မည်သို့ စတင်ရမည်နည်း။ ပဋိပက္ခ၏ ဘက်အားလုံးမှ ခေါင်းဆောင်မှုပိုင်းများသည် ပြန်လည်တပ်ဆင်ရေးအတွက် လိုအပ်သည့် အပေးအယူများကို ညှိနှိုင်းရာတွင် မကျွမ်းကျင် မပိုင်နိုင်ကြောင်း သက်သေပြပြီးဖြစ်သည်။ ထိုအင်အားစု အားလုံး၏ အပြုသဘော စဉ်းစားတွေးခေါ်သော ခေါင်းဆောင်များသည် မျိုးဆက်သစ်တခုကို အရေးပေါ် လိုအပ်နေသည်မှန်သော်လည်း စွဲကိုင်ထားမိသော အာဏာသည် ပကတိအခြေအနေကို ထိခိုက်စေပြီး ဆန္ဒအလျောက် စွန့်လွှတ်ရန် ခက်ခဲသည့် အဖျက်စွမ်းအားဖြစ်သည်။
မည်သည့် အုပ်စုကိုမဆို လက်နက်ချအရှုံးပေးရန် တောင်းဆိုခြင်းသည် တိုးတက်မှုအတွက် ပြင်းထန်သော အတားအဆီးဖြစ်သည်။ လက်နက်ချ အညံ့ခံခြင်းသည် ထိုအုပ်စုများအတွက် သွားစရာနေရာ မရှိတော့သလို ဖြစ်စေသည်။
မည်သည့် အုပ်စုကိုမဆို လက်နက်ချအရှုံးပေးရန် တောင်းဆိုခြင်းသည် တိုးတက်မှုအတွက် ပြင်းထန်သော အတားအဆီးဖြစ်သည်။ လက်နက်ချ အညံ့ခံခြင်းသည် ထိုအုပ်စုများအတွက် သွားစရာနေရာ မရှိတော့သလို ဖြစ်စေသည်။ ၎င်းတို့၏ ဦးတည်ချက်အချို့ အောင်မြင်ခဲ့ပြီးနောက် အခြားအဖွဲ့များနှင့် ဘုံရပ်တည်ချက်ရှာခြင်းကို ရှောင်ရှားကာ ၎င်းတို့ ပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် အဖတ်ဆယ်စရာနှင့် ဂုဏ်သိက္ခာရှိသော အနေအထား မရလျှင် ဆက်လက် တိုက်ပွဲဝင်မည်ဖြစ်သည်။
အတိတ်ကို မေ့ထား၍မရနိုင်ဘဲ နိုင်ငံတော်ကို ပျက်ယွင်းစေသည့် အဆက်မပြတ် အုံကြွမှုအတွင်း မိသားစု၊ မိတ်ဆွေများနှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့သူများကို နှစ်သိမ့်ရန် အနာဂတ် တချိန်ချိန်တွင် အတိတ်က အမှားများကို မဖြေရှင်းလျှင်ပင် ထုတ်ဖော်ပြောဆိုရန် ပြန်လည်သင့်မြတ်ရေး ကော်မရှင်ပုံစံတမျိုး ဖွဲ့စည်းနိုင်သည်။
အမြဲလိုလို အတားအဆီးဖြစ်စေသည့် ပိုင်နက်ဆိုင်ရာ ထိန်းချုပ်ရေး အသေးစိတ်များထက် မည်သည့် သဘောတူညီမှု ရနိုင်သည်ဆိုသည့် မူအကျဉ်းချုပ်အချို့ကို ဦးစွာ စဉ်းစားမည်ဆိုပါက ပိုမိုကောင်းမွန်နိုင်သည်။ ဥပမာအားဖြင့် ဆိုပါက မည်သို့သော ဒေသဆိုင်ရာအစိုးရကို အဖွဲ့အားလုံး လက်ခံနိုင်မည်နှင့် ထိုအစိုးရများကို မည်သို့ ဘဏ္ဍာငွေပေးမည်တို့ ဖြစ်သည်။
ထို့နောက် တစစီ ပြန်လည်တပ်ဆင်ရန် လမ်းညွှန်တခု (ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်) မည်သို့ရေးဆွဲမည်ကို စဉ်းစားမည်ဖြစ်သည်။ ထိုနည်းလမ်းကို စိတ်ကူးယဉ်အိပ်မက်ဟု သတ်မှတ်မည် ဖြစ်သော်လည်း ထိုနည်းလမ်းသည် နိုင်ငံတော်တွင် စိမ့်ဝင်ပျံ့နှံ့နေသည့် လက်ရှိ အိပ်မက်ဆိုးများထက် ပိုမိုကောင်းမွန် တိုးတက်သည်။
ဒေသဆိုင်ရာအစိုးရ နယ်နိမိတ်များကို ရေးဆွဲခြင်းသည် အလွန်ခက်ခဲလာသည်။ ယခင်ပြည်နယ် နယ်နိမိတ် သတ်မှတ်ချက်များသည်လည်း လက်ခံနိုင်ဖွယ် မရှိပေ။ ဝ၊ ပအိုဝ်း၊ တအာင်းနှင့် အခြားအုပ်စုများ၏ ပိုင်နက်နယ်မြေ တောင်းခံသည့် နေရာများသည် တခုနှင့်တခု ထပ်နေသောကြောင့် ယခင် သတ်မှတ်ထားသည့် ရှမ်းပြည်နယ်သည် မဖြစ်နိုင်တော့ပေ။
ရခိုင်နှင့် ကရင်နီ (ကယား) ပိုင်နက်များသည် ဗမာ အင်ပါယာအတွင်း ဝါးမြိုခံရသည့် လွတ်လပ်သော ဘုရင့်နိုင်ငံတော်များ ဖြစ်သောကြောင့် သမိုင်းဆိုင်ရာ တိကျမှုရှိသည်။ ထိုအုပ်စုနှစ်ခုမှလွဲလျှင် မွန်၊ ချင်းနှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဗမာတို့သာလျှင် လွှမ်းမိုးသော လူမျိုးစုနေထိုင်ရာ ဒေသများဖြစ်သည်။ သို့သော် ပိုင်နက် နယ်မြေဖြင့် စတင်ခြင်းသည် တိုးတက်မှုကို အတားအဆီးဖြစ်စေသည်။
တွေ့ဆုံဆွေးနွေးရေး၊ ဆွေးနွေးမှုနှင့် အပေးအယူလုပ်ခြင်း လိုအပ်နေသည်။ ပြုပြင်ပြောင်းလဲထားသော စစ်တပ် လိုသည်။ အားလုံးပါဝင်သည့် ဒေသန္တရအစိုးရများ လိုသည်။ လူမျိုးစု အာဏာပိုင်ခွင့် လိုသည်။ ဘာသာရေးလွတ်လပ်မှုနှင့် တန်းတူညီမျှမှု မရှိမဖြစ် လိုသည်။
လက်ရှိ ဖရိုဖရဲအခြေအနေကို ဘက်အားလုံးက လက်မခံနိုင်သော်လည်း မည်သည့်အုပ်စုကမှ လက်တွေ့ကျသည့် အခြားရွေးစရာကို မရှာကြသေးပေ။ တွေ့ဆုံဆွေးနွေးရေး၊ ဆွေးနွေးမှုနှင့် အပေးအယူလုပ်ခြင်း လိုအပ်နေသည်။ ပြုပြင်ပြောင်းလဲထားသော စစ်တပ် လိုသည်။ အားလုံးပါဝင်သည့် ဒေသန္တရအစိုးရများ လိုသည်။ လူမျိုးစု အာဏာပိုင်ခွင့် လိုသည်။ ဘာသာရေးလွတ်လပ်မှုနှင့် တန်းတူညီမျှမှု မရှိမဖြစ် လိုသည်။ မတူညီသော လူမျိုးစုများ အပြုသဘောဆောင်သည့် အသံများသည် အရေးပါသည်။
သို့သော် ဖရိုဖရဲအခြေအနေတွင် လက်ရှိ မည်သည့်ခေါင်းဆောင်မှ ထွက်ပေါ်လာသည့် လက္ခဏာမရှိပေ။ ယခု စစ်ပွဲတွင် အနိုင်ရနိုင်ခြေရှိသည်ဟု ထင်သူများကို ပြည်ပနိုင်ငံအချို့က လောင်းကြေးထပ်နေကြပြီ ဖြစ်သည်။ အဆုံးသတ်လည်း မရှိ၊ နိုင်သူများလည်းမရှိ ဖြစ်နေနိုင်သည်။ အရှုံးသမားများမှာ ကံမကောင်း အကြောင်းမလှသည့် မြန်မာပြည်သူများသာ ဖြစ်သည်။ ၎င်းတို့၏ ကံကြမ္မာများသည် စွမ်းဆောင်ရည် မရှိသော ခေါင်းဆောင်မှု၏ လက်ထဲတွင် ကျရောက်နေသည်။ ထို့ကြောင့်ပင် ကြေကွဲစရာဇာတ်လမ်း ဆက်နေခြင်းဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ David I. Steinberg ၏ The Future Myanmar: Some Assembly Requiredကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာမှ ရန်သူစာရင်းနှင့် နိုင်ငံရေး ရှေးရိုးဆန် တယူသန်မှု
မြန်မာအဝေးရောက်အစိုးရများသမိုင်း
အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို အားကိုးလွန်းသတဲ့လား
မြန်မာ့အနာဂတ် ငြိမ်းချမ်းရေးအတွက် သင်ခန်းစာ ၈ ခုနှင့် တဝက်