အခု ရက်ပိုင်းအတွင်း စစ်ကောင်စီဟာ အရပ်သားပစ်မှတ်တွေကို ခပ်စိပ်စိပ် ဗုံးတွေကြဲချနေတာ တွေ့ရတယ်။ ကြားရတဲ့သတင်းတွေကလည်း စိတ်မချမ်းမြေ့ဖွယ်ရာတွေပါ။ စစ်တပ်ဘက်ကတော့ PDF တွေ အခြေချတဲ့နေရာတွေကို ပစ်မှတ်ထားတယ် ဆိုပေမယ့် အခု မတ်လအတွင်း စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မှာ ကြဲချခဲ့တဲ့ ဗုံးတွေက ဘုန်းကြီးကျောင်း၊ ဈေးနဲ့ လူနေရပ်ကွက်အတွင်း ကျရောက်ပြီး သေဆုံးဒဏ်ရာရသူတွေဟာ ရဟန်းသံဃာ၊ ကလေးသူငယ်၊ အမျိုးသမီးတွေပါ ပါဝင်နေခဲ့တယ်။
မတ်လဆန်းကနေ တတိယပတ်အတွင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှု လေးကြိမ်ရှိပြီး ရှမ်းပြည်နယ်၊ နောင်ချိုမြို့မှာ မတ်လ ၁၆ ရက်နေ့က စိန်ရတနာ ပရိယတ္တိစာသင်တိုက်ပေါ် ဗုံးကျရောက်ပေါက်ကွဲလို့ ရဟန်း နှစ်ပါးနဲ့ ကိုရင် လေးပါး ပွဲချင်းပြီး ပျံလွန်သွားခဲ့ရတယ်။ အရပ်သား သုံးယောက်လည်း သေဆုံးခဲ့တယ်။ စစ်ကောင်စီက ပေါင် ၂၅၀ ဗုံး လေးလုံး ဆက်တိုက် ကြဲချခဲ့တယ်လို့ ဆိုတယ်။
နောင်ချို ဘုန်းတော်ကြီးကျောင်း ဗုံးကြဲမှု မတိုင်မီ စစ်ကိုင်းတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှဈေးထဲကို ဗုံးကြဲချခဲ့လို့ ကလေးသူငယ် ခြောက်ဦး အပါအဝင် အရပ်သား ၂၇ ဦး သေဆုံးခဲ့ရတယ်။ ဒီ လက်ပံလှကျေးရွာကိုပဲ မတ်လ ၁၈ ရက် ညနေမှာ ထပ်မံ ဗုံးကြဲခဲ့လို့ အမျိုးသမီး သုံးဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်။
အလားတူ ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ကိုလည်း မတ်လ ၁၆ ရက်က တကြိမ်၊ မတ်လ ၂၀ ရက်က တကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ခြောက်လသားအရွယ် ကလေးငယ်တဦး၊ အသက်အရွယ်ကြီးရင့်သူ နှစ်ဦး အပါအဝင် အရပ်သား လေးဦး သေဆုံးခဲ့ရတယ်။
မတ်လ ဒုတိယပတ်အတွင်း ခပ်စိပ်စိပ်လေး အရပ်သားပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ မန္တလေးနဲ့ အနီးဆုံး မင်းကွန်း ပုထိုးတော်ကြီးအနီး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေလည်း ပါဝင်ခဲ့တယ်။ စစ်ကောင်စီ တိုက်လေယာဉ်တွေဟာ မတ်လ ၁၉ ရက် ည ၁၁ နာရီက မင်းကွန်း ပုထိုးတော်ကြီးနဲ့ မြသိန်းတန်စေတီ အနောက်ဘက်ကို ဗုံးကြဲချခဲ့ရာမှာ လူထိခိုက်မှု မရှိပေမယ့် သာသနိက အဆောက်အအုံတွေ ပျက်စီးသွားခဲ့တယ်။ သတင်းတွေအရ ဒီဒေသမှာ PDF အယောက် ၅၀၀ စုဝေးရောက်ရှိနေတယ်ကြားလို့ လာရောက် ဗုံးကြဲတာလို့ ဆိုတယ်။
အလားတူ စစ်ကောင်စီဟာ မတ်လအတွင်း ရေစကြိုအရှေ့ပိုင်း ကျေးရွာတွေကို ထိုးစစ်ဆင်ပြီး အပြစ်မဲ့ရွာသားအချို့ကို သတ်ဖြတ်ခဲ့တယ်လို့ သတင်းတွေထဲမှာ ဖတ်ရတယ်။
ဒီဖြစ်စဉ်တွေက ဘာကို ဖော်ပြနေသလဲဆိုရင် မတ်လအတွင်း စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း လှုပ်ရှားနေတဲ့ PDF တွေကို ချေမှုန်းဖို့ ကြိုးစားလာသလို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) လက်အောက်က ရှမ်းပြည်နယ်ကို အဓိက ပစ်မှတ်ထား တိုက်ခိုက်လာတာ တွေ့ရတယ်။
စစ်ကောင်စီဟာ သူ့ရဲ့ တခုတည်းသော အားထားရာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကလွဲလို့ မြေပြင်စစ်ဆင်ရေးကို တိတိပပ လုပ်နိုင်စွမ်းလည်း မရှိသေးတာ တွေ့ရတယ်။
ဗုံးကြဲတိုက်ခိုက်ရာမှာလည်း ကြုံသလို ကျပမ်း ကြဲချနေတဲ့အတွက် စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သား လူနေရပ်ကွက်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဈေးတွေထဲ ကျရောက်ပြီး အပြစ်မဲ့ပြည်သူ အများအပြား အသက်ဆုံးရှုံးနေကြရတယ်။
ဗုံးကြဲတိုက်ခိုက်ရာမှာလည်း ကြုံသလို ကျပမ်း ကြဲချနေတဲ့အတွက် စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သား လူနေရပ်ကွက်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဈေးတွေထဲ ကျရောက်ပြီး အပြစ်မဲ့ပြည်သူ အများအပြား အသက်ဆုံးရှုံးနေကြရတယ်။
စစ်ကောင်စီရဲ့ အဓိက ပစ်မှတ်ဟာ PDF ချေမှုန်းရေးဖြစ်ပေမယ့် အခုလို ဟိုနား ဒီနား ဗုံးလိုက်ကြဲနေရုံနဲ့ကတော့ သူ့ရဲ့ စစ်ရေးရည်မှန်းချက် အောင်မြင်ဖို့ မရှိပါဘူး။
စစ်ကောင်စီတပ်ဟာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ဆုံးရှုံးထားတဲ့ ရှမ်းပြည်နယ်က မြို့တွေကို ပြန်လည် သိမ်းယူနိုင်ခြင်း မရှိသေးသလို ရခိုင်ပြည်နယ်ကိုလည်း ဗုံးကြဲတိုက်ခိုက်တာ၊ အဝေးက အမြောက်နဲ့ ကြုံသလို လှမ်းပစ်တာကလွဲလို့ ပြန်လည် ထိုးစစ်ဆင်နိုင်စွမ်း မရှိသေးပါဘူး။

ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေ၊ အထူးသဖြင့် ဒေသခံ PDF တွေဟာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးအနီးအထိ ရောက်ရှိလာတာ တွေ့ရတယ်။ စစ်ကောင်စီဟာ ဒီအခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေကို လေကြောင်းပစ်ကူ အားကိုးနဲ့ ဟန့်တားဖို့ ကြိုးစားနေတာဖြစ်တယ်။ ရလဒ်အနေနဲ့ စစ်ကောင်စီက ခုချိန်အထိ ဆုံးရှုံးထားတဲ့ မြို့တမြို့ကိုမှ ပြန်မရသေးဘူး။
မတ်လအတွင်း စစ်ကောင်စီက အခုလို ထိုးစစ်ပုံစံ ဆက်တိုက် ဗုံးကြဲလာရတဲ့အကြောင်းရင်းတခုက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲကျင်းပမယ့် အချိန်ကာလကို ကြိုတင်ပြောကြားလိုက်ပြီး ဖြစ်သလို ဒီမတိုင်မီ ရနိုင်သမျှ နယ်မြေတွေ ပြန်ရဖို့ ကြိုးစားနေတာလည်း ဖြစ်တယ်။ ဆုံးရှုံးနယ်မြေတွေကို ရအောင်ပြန်တိုက်ဖို့ ဗိုလ်ချုပ်ကြီးနဲ့ ဒုဗိုလ်ချုပ်ကြီးအဆင့်တွေကို မကြာမီက စစ်ရုံးမှာ ခေါ်တွေ့ပြီး အမိန့်ပေးခဲ့တယ်လို့ သိရတယ်။
စစ်ကောင်စီ ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလား
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်မှာ မြန်မာနိုင်ငံ ရွေးကောက်ပွဲတွေကို လာမယ့် ဒီဇင်ဘာ ဒါမှမဟုတ် နောက်နှစ် ဇန်နဝါရီလအတွင်း အစောဆုံး ကျင်းပနိုင်လိမ့်မယ်လို့ “ပထမဦးဆုံးအကြိမ်” တရားဝင် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုသွားခဲ့တယ်။ ပြည်တွင်းမှာ နေသူတွေကိုယ်တိုင် မသိရှိရသေးတဲ့ သတင်းစကားတခုကို ဘယ်လာရုစ်နိုင်ငံမှာ ထုတ်ဖော်ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
ဒီသတင်းစကားကို ဘယ်လာရုစ်ရောက်မှ လူသိရှင်ကြား ထုတ်ပြောဖို့ ကြိုတင်စီစဉ်ခဲ့လေသလား။ ဒါမှမဟုတ် ရုတ်တရက် စိတ်ကူးပေါက်လာလို့ ထုတ်ပြောလိုက်သလား စစ်ခေါင်းဆောင်ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။
ဘယ်လာရုစ်ကအပြန် လေယာဉ်ပေါ်မှာလည်း “ပြည်သူတွေ လိုလားတောင့်တနေတဲ့ ပါတီစုံဒီမိုကရေစနစ်ကို ဆောင်ရွက်ပေးပါ့မယ်” အစချီပြီး စစ်ကောင်စီမီဒီယာတွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေ အသိပေး ပြောသွားတာလည်း တွေ့ရတယ်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း “ကျနော်တို့ဟာ ပြည်သူတွေ လိုလားတောင့်တခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေ ဆောင်ရွက်ပေးမယ်။ ဒါသည် အောင်မြင်ခဲ့တဲ့ နိုင်ငံရေးနဲ့ ပတ်သက်တာဖြစ်ပါတယ်” ဆိုပြီး ပြောသွားခဲ့တယ်။ ဘယ်လို အဓိပ္ပာယ်၊ ဘာကို ဆိုလိုမှန်းလည်း နားမလည်ဘူး။
“ပါတီစုံဒီမိုကရေစီစနစ်” ဆိုတဲ့ အသုံးအနှုန်းဟာ ၁၉၈၈ ခုနှစ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) တပါတီစနစ် ပြိုကွဲသွားပြီးနောက်ပိုင်း ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီက အသုံးအနှုန်းတွေ ဖြစ်နေတယ်။
ပြည်သူတွေ လိုလားတောင့်တနေတဲ့ ပါတီစုံဒီမိုကရေစီစနစ် ဆိုတဲ့ အသုံးအနှုန်းကို ကြားလိုက်ရတော့ အံ့ဩသွားမိတယ်။ ဒီစကားလုံးကို သူတို့ နှုတ်ကျိုးနေကြပုံလည်း ရတယ်။
ပြည်သူတွေ လိုလားတောင့်တနေတဲ့ ပါတီစုံဒီမိုကရေစီစနစ် ဆိုတဲ့ အသုံးအနှုန်းကို ကြားလိုက်ရတော့ အံ့ဩသွားမိတယ်။ ဒီစကားလုံးကို သူတို့ နှုတ်ကျိုးနေကြပုံလည်း ရတယ်။
တကယ်တော့ “ပါတီစုံဒီမိုကရေစီစနစ်” က အကောင်အထည်ပေါ်ပြီးရုံမက ရွေးကောက်ပွဲတောင် သုံးကြိမ်၊ လေးကြိမ် ကျင်းပခဲ့ပြီးလည်း ဖြစ်တယ်။ မြန်မာပြည်သူတွေက ပါတီစုံဒီမိုကရေစီစနစ်ကို လိုလားတောင့်တနေကြတဲ့ အခြေအနေမျိုး မဟုတ်တော့ဘူး။ ပါတီစုံစနစ်နဲ့ လွှတ်တော်တွေ ပေါ်ပြီးသား၊ ရွေးကောက်ခံအစိုးရတွေ ရှိပြီးသားကို စစ်အာဏာသိမ်း ဖျက်ဆီးပစ်လိုက်လို့ နိုင်ငံရေးစနစ် ပျက်စီးသွားခဲ့ရတာဖြစ်ပါတယ်။
“မြန်မာနိုင်ငံမှာ အားလုံးသိတဲ့အတိုင်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အစောဆုံးသည် ဒီဇင်ဘာလ နောက်ဆုံးပတ်၊ နောက်အကျဆုံးသည် ဇန်နဝါရီလ ဒုတိယပတ်လောက်မှာ ဖြစ်မယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတွေအပြင် ကျန်တဲ့နိုင်ငံတကာက ထောက်ခံပေးပါတယ်။ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတွေက ထဲထဲဝင်ဝင် ထောက်ခံပေးတဲ့အပြင် လေ့လာစောင့်ကြည့်ရေးအဖွဲ့လည်း လွှတ်ပေးမယ်ဆိုတဲ့ ခံယူချက်မျိုး ရရှိခဲ့တယ်” လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသွားခဲ့တာပါ။ ဒါက ရုရှားခရီးစဉ်ကအပြန် နေပြည်တော်လေဆိပ်မှာ ပြောတာပါ။
စစ်ခေါင်းဆောင်ရဲ့ ဘဘ်လာရုစ်ခရီးစဉ်မှာ ပြောကြားချက်ကို ဗိုလ်ချုပ် ဇော်မင်းထွန်းက မီဒီယာတွေကို ထပ်လောင်း အသိပေးခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲကျင်းပမယ့် သတ်မှတ်ချိန်အရ လာမယ့် ကိုးလ ဒါမှမဟုတ် ၁၀ လအကြာမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်။ ဒီအချိန်ဇယားအတိုင်းသာဆိုရင် စစ်ခေါင်းဆောင်ဟာ သူရေးထားတဲ့ ဇာတ်ညွှန်းအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၈ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်အရ တာဝန်ထမ်းဆောင်မှု ပြီးဆုံးကြောင်းကို (ဟန်ပြ) ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) ထံ လာမယ့် ဇူလိုင်လ ၃၁ ရက်မှာ အာဏာပြန်အပ်ရပါလိမ့်မယ်။
ပုဒ်မ ၄၂၆ အရ ကာ/လုံက စစ်ခေါင်းဆောင်ကို အာဏာလွှဲအပ်ထားတဲ့အမိန့်ကို ပြန်ရုပ်သိမ်းပြီး ပုဒ်မ ၄၂၉ အရ ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမှာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘယ်လာရုစ်မှာ ပြောခဲ့တဲ့ အချိန်ဇယားအတိုင်းဆိုရင် ဒီဇင်ဘာလ ဒါမှမဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ ရွေးကောက်ပွဲ ဖြစ်လာနိုင်စရာ ရှိတယ်။
ဒီနေရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပုဒ်မ ၄၁၈ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်အရ တာဝန်ထမ်းဆောင်ပြီးဆုံးကြောင်း ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီထံ တင်ပြတယ်ဆိုတာ စစ်ခေါင်းဆောင်က ကာ/လုံ ဥက္ကဋ္ဌ ယာယီသမ္မတထံ အာဏာပြန်အပ်တာ ဖြစ်တယ်။
ယာယီသမ္မတ ဦးမြင့်ဆွေ အနားယူနေတဲ့အတွက် ယာယီသမ္မတ (တာဝန်) ကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ရယူထားတယ်။ (ဒီတော့ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်လုပ်ပြီး ရွေးကောက်ပွဲကျင်းပဖို့ ဆက်လက် တာဝန်ယူသွားမယ့်သဘောပါ။)
ဒါတွေက (အကယ်၍) ရွေးကောက်ပွဲ ကျင်းပခဲ့သည်ရှိသော်အတွက် မှန်းဆချက်ပါ။ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေ ရှိ၊ မရှိက အခုချိန်မှာ ပြောဖို့ စောပါသေးတယ်။ အကယ်၍ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဥပဒေနဲ့ ကျင်းပမယ့် ရက်စွဲကို ထုတ်ပြန်ကြေညာပြီး ရွေးကောက်ပွဲဝင်မယ့် ပါတီတွေက စတင်လှုပ်ရှားကြမှာ ဖြစ်တယ်။
ရွေးကောက်ပွဲကျင်းပမယ့် ပုံစံကိုလည်း အချိုးကျကိုယ်စားပြုစနစ် (PR) လား၊ မဲအများဆုံးရသူ အရွေးခံရသည့်စနစ်ဖြစ်သည့် (FPTP) နိုင်သူအကုန်ယူစနစ်လား အဲဒီအချိန်ကျမှ သိကြရမှာဖြစ်တယ်။ PR စနစ်ဆိုတာ ပထမအကြိမ် လွှတ်တော်သက်တမ်းကတည်းက အဆိုတင်သူကတင်၊ ကန့်ကွက်သူက ကန့်ကွက်လို့ ပယ်ချခံထားရတဲ့စနစ်။ ဒီစနစ်က မဲသိပ်မရတဲ့၊ လူထုထောက်ခံမှု မရရှိတဲ့ပါတီတွေ ကြိုက်တဲ့စနစ်ဖြစ်ပြီး ရွေးကောက်ပွဲပုံစံကို ဒီစနစ်နဲ့ပြောင်းပြီး ကျင်းပမယ်လို့ ဆိုနေတယ်။
ရွေးကောက်ပွဲလို့ ဆိုတဲ့အခါ ဒီအသံကို နားစွင့်ပြီး မျှော်လင့်နေသူတချို့ ရှိတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ဦးခင်ရီ၊ သမိုင်းဝင် ရှစ်လေးလုံးကျောင်းသားခေါင်းဆောင် တဖြစ်လဲ ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ရခိုင်နိုင်ငံရေးသမား ဒေါက်တာ အေးမောင် အစရှိသူတွေက လည်တဆံ့ဆံ့နဲ့ မျှော်လင့်နေကြတယ်။
ရွေးကောက်ပွဲလို့ ဆိုတဲ့အခါ ဒီအသံကို နားစွင့်ပြီး မျှော်လင့်နေသူတချို့ ရှိတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ဦးခင်ရီ၊ သမိုင်းဝင် ရှစ်လေးလုံးကျောင်းသားခေါင်းဆောင် တဖြစ်လဲ ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ရခိုင်နိုင်ငံရေးသမား ဒေါက်တာ အေးမောင် အစရှိသူတွေက လည်တဆံ့ဆံ့နဲ့ မျှော်လင့်နေကြတယ်။
ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားတဲ့ ပါတီ ၅၀ ကျော် ရှိတယ်လို့ ထုတ်ပြန်ထားတဲ့စာရင်းအရ သိရပါတယ်။ စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အင်တာဗျူးတခုမှာ ဦးကိုကိုကြီးက စစ်ကောင်စီရဲ့လေသံအတိုင်း ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုကို ထိုစဉ်က အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဖြေရှင်းခြင်း မပြုခဲ့လို့ စစ်တပ်က အာဏာသိမ်းခဲ့ရတာလို့ ဖြေတာ ကြားလိုက်ရတယ်။
ဒေါက်တာ အေးမောင်နဲ့ အင်တာဗျူးတခုမှာတော့ (မြို့နယ် သုံးခုမှအပ) ရခိုင်တပြည်လုံး ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားချိန်မှာ ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလားဆိုတော့ ဒေါက်တာ အေးမောင်က အကယ်၍ PR စနစ်နဲ့ ကျင်းပမယ်ဆိုရင် မဲဆန္ဒနယ်အပြင် ရောက်နေတဲ့ အနယ်နယ်အရပ်ရပ်က စစ်ရှောင် ရခိုင်ပြည်သူတွေရဲ့ မဲနဲ့ ယှဉ်ပြိုင်နိုင်မယ် ဆိုနေတယ်။ မဲလာပေးသူ မဲဆန္ဒရှင်အရေအတွက် အဓိကမကျဘဲ ရသမျှမဲနဲ့ ရွေးကောက်ပွဲ အထမြောက်မယ်လို့ ပြောဆိုသံကြားရတယ်။

စစ်ကောင်စီကတော့ ကိုယ့်ဖဲ ကိုယ်ချိုးပြီး ရွေးကောက်ပွဲကို လိုသလို လုပ်သွားမှာပါ။ သေချာတာတခုက ဒီရွေးကောက်မှာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ NLD ပါတီ ပါဝင်မှာ မဟုတ်သလို အစစ်အမှန် ဒီမိုကရေစီ လိုလားတဲ့ပါတီတွေလည်း ပါဝင်မှာ မဟုတ်ပါဘူး။ အနိုင်ရပါတီခေါင်းဆောင်တွေကို ထောင်သွင်းအကျဉ်းချထားပြီး အနိုင်ရပါတီကြီးတခု မပါဝင်တဲ့ ဒီရွေးကောက်ပွဲဟာ စစ်မှန်မှု မရှိဘူး ဆိုတာကတော့ ကမ္ဘာသိပါ။
ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားက အသိအမှတ်မပြုတဲ့ ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုမယ့် နိုင်ငံသုံးခုတော့ ရှိပါတယ်။ တရုတ်၊ ရုရှား နဲ့ ဘယ်လာရုစ်ပါ။ ဒါက အကယ်၍ ရွေးကောက်ပွဲ ကျင်းပခဲ့သည်ရှိသော် ဆိုတာကို မှန်းဆကြည့်တာပါ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အဆိုအရဆိုရင် ရွေးကောက်ပွဲကျင်းပဖို့ ကိုးလ၊ ၁၀ လ အချိန်ကျန်ပါသေးတယ်။
လက်ရှိ မြေပြင်အခြေအနေကို သုံးသပ်ကြည့်တဲ့အခါ နိုင်ငံရဲ့ ၃ ပုံ ၂ ပုံမှာ စစ်ကောင်စီ အာဏာစိုးမိုးမှု မရှိတော့ပါဘူး။ ရှမ်းမြောက်၊ ကချင်၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ရခိုင်တပြည်လုံး၊ ကယား (ကရင်နီ) တို့မှာ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်သလို အခုချိန်ထိလည်း စစ်ကောင်စီက မြို့တမြို့ကိုတောင်မှ ပြန်သိမ်းနိုင်ခြင်း မရှိသေးပါဘူး။
ဒီအခြေအနေမှာ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီက ရွေးချယ်ခဲ့မယ်ဆိုရင် အဖြစ်သဘော ရွေးကောက်ပွဲသာ ဖြစ်ပါလိမ့်မယ်။ တနိုင်ငံလုံး မြို့နယ်ပေါင်း ၃၃၀ အနက် မြို့နယ် ၁၁၀ မှာ ရွေးကောက်ပွဲ ကျင်းပပြီး ထွက်ပေါ်လာတဲ့ ကိုယ်စားလှယ် ၃ ပုံ ၁ ပုံ ဖြစ်တဲ့ ၂၅ ရာခိုင်နှုန်းနဲ့ စစ်တပ်က ၂၅ ရာခိုင်နှုန်းပေါင်းပြီး လွှတ်တော်ခေါ်ယူနိုင်မယ်လို့ မျှော်လင့်ထားတာလည်း တွေ့ရတယ်။
တကယ်လို့ ဒီပုံစံအတိုင်းသာ စစ်ခေါင်းဆောင်က ခေါင်းမာမာနဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့မယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာ့သမိုင်းမှာ မရှိသေးတဲ့ တဝက်တပျက်၊ တစိတ်တပိုင်း ရွေးကောက်ပွဲသာ ဖြစ်ပါလိမ့်မယ်။
တကယ်လို့ ဒီပုံစံအတိုင်းသာ စစ်ခေါင်းဆောင်က ခေါင်းမာမာနဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့မယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာ့သမိုင်းမှာ မရှိသေးတဲ့ တဝက်တပျက်၊ တစိတ်တပိုင်း ရွေးကောက်ပွဲသာ ဖြစ်ပါလိမ့်မယ်။
ယခင် စစ်ခေါင်းဆောင် ဦးသန်းရွှေဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အတူ သူလိုချင်တဲ့နိုင်ငံရေးပုံစံ (စစ်အရေခြုံ အရပ်သားအစိုးရ) ကို တည်ဆောက်သွားခဲ့တယ်။ အတိုက်အခံ NLD ပါတီကို လုံးဝ သင်းသတ်ပြီးမှ ၂၀၁၀ ရွေးကောက်ပွဲကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပခဲ့တယ်။
အခု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း အဓိက NLD ပါတီကို ဖြိုလှဲပြီး လက်ညှိုးထောင်၊ ခေါင်းညိတ်ပါတီတွေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကြံစည်နေပေမယ့် မတူညီတာက သူ့ရဲ့ အာဏာစက်ဟာ တနိုင်ငံလုံးအတိုင်းအတာထိ မဖြန့်ကြက်နိုင်တော့တာ ဖြစ်တယ်။
တိုင်းပြည်က တဝက်ကျော် ပျက်စီးသွားပါပြီ။ အချုပ်အခြာအာဏာဟာ မြေပုံအမှတ်အသားပေါ်မှာပဲ ရှိတော့ပြီး ကျယ်ဝန်းတဲ့နယ်မြေတွေကို ဆုံးရှုံးထားရတယ်။
အဓိကမြို့ကြီးတွေဖြစ်တဲ့ လားရှိုး၊ မိုးကုတ် အပါအဝင် ရှမ်းပြည်မြောက်ပိုင်းဟာ စစ်တပ်ထိန်းချုပ်မှုအောက်မှာ မရှိတော့ပါဘူး။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) လို့ အမည်ပေးထားတဲ့ ကိုးကန့်တပ် ဆိုတာ တရုတ်နွယ်ဖွား လူမျိုးစုတွေဖြစ်သလို တရုတ်ဩဇာမကင်းတဲ့ လက်နက်ကိုင်အဖွဲ့ပါ။
တရုတ်နိုင်ငံရဲ့ စည်းရုံးမှုနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်က စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း လားရှိုးဟာ ဗုံးကြဲမခံရတော့ဘူး။ ဒီအပစ်အခတ်ရပ်စဲမှုမှာ လာရှိုးကို ပြန်ပေးမလား၊ ပြန်မပေးဘူးလား အတိအကျ မသိရဘူး။
စစ်ကောင်စီဟာ စစ်ရေးနဲ့ လားရှိုးကို ပြန်ယူနိုင်စွမ်း မရှိတော့ဘဲ လက်လွှတ်ထားလိုက်ရပြီ ဖြစ်ပါတယ်။ တရုတ်ဟာ TNLA ကို၊ AA ကိုလည်း စည်းရုံးပြီး စစ်ကောင်စီနဲ့ စကားပြောခိုင်းနေတယ်။ TNLA နဲ့ အဆင်မပြေ၊ သဘောတူညီချက် မရတဲ့အခါ နောင်ချိုကို ဗုံးကြဲတယ်။
AA နဲ့ ဆက်စကားပြောနေပြီး အဆင်ပြေမယ့် အနေအထား ရှိမယ်မထင်ဘူး။ စစ်ကောင်စီဟာ တခါက ရှိခဲ့တဲ့ စစ်အင်အားလက်ရုံးနဲ့ မာနတထောင်ထောင် ရှိခဲ့ပေမယ့် ခုချိန်မှာ စစ်အင်အားရော၊ တိုက်ရည်ခိုက်ရည်ပါ ကျဆင်းနေပြီဖြစ်တယ်။
တရုတ်အားကိုး၊ ရုရှားအားကိုး မျက်နှာချိုသွေးနေရတဲ့ အခြေအနေကို ဆိုက်ရောက်သွားပြီ ဖြစ်တယ်။ မနိုင်တော့တဲ့စစ်ပွဲကို တပြည်လုံးအနှံ့ ရမ်းသမ်းပြီး ဗုံးကြဲနေရတဲ့အခြေအနေ ရောက်သွားပြီ ဖြစ်တယ်။
တရုတ်အားကိုး၊ ရုရှားအားကိုး မျက်နှာချိုသွေးနေရတဲ့ အခြေအနေကို ဆိုက်ရောက်သွားပြီ ဖြစ်တယ်။ မနိုင်တော့တဲ့စစ်ပွဲကို တပြည်လုံးအနှံ့ ရမ်းသမ်းပြီး ဗုံးကြဲနေရတဲ့အခြေအနေ ရောက်သွားပြီ ဖြစ်တယ်။
စစ်ပွဲကာလ တာရှည်လာတဲ့အခါ စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ထွက်ပေါက်တခုအနေနဲ့ ရှာကြံလာခဲ့တယ်။ ဒီ ရွေးကောက်ပွဲဟာ စစ်ကောင်စီအတွက် တကယ် ထွက်ပေါက် ဟုတ်၊ မဟုတ်၊ ရွေးကောက်ပွဲကရော အမှန်တကယ် ဖြစ်လာ၊ မလာ စောင့်ကြည့်ကြရုံပါ။
(နွေနေသည် မြန်မာသတင်းစာဆရာတဦး ဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီ ရွေးကောက်ပွဲက ပြည်တွင်းငြိမ်းချမ်းရေးကို မသယ်ဆောင်လာနိုင်
တရုတ် ကျားကန်မှုဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပမည်
NLD ကို ဖျက်သိမ်းခြင်းကြောင့် စစ်ကောင်စီ ရွေးကောက်ပွဲကို ပိုအယုံအကြည်မဲ့
စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် အများကြီး ရိုက်ခတ်သွားမယ် (ရုပ်/သံ)
မရိုးသားသည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ လှည့်စားမှု