နှစ်စဉ် သြဂုတ်လရောက်သည်နှင့် လူတွေရှုပ်ထွေး စည်ကားနေတတ်သည့် ကျားဖောင်လုပ်ငန်းများ တည်ရှိရာ ဖျာပုံ မြို့နယ်ရှိ ပင်လယ်ကမ်းစပ်ဒေသများမှာ ယခုနှစ်တွင် လူသူကြဲပါး ခြောက်ကပ်နေသည်။ ဒီအခြေအနေက ကျားဖောင် လုပ်ငန်းများဖြစ်ထွန်းခဲ့သည့် နှစ်ပေါင်း ၅၀ နီးပါးကာလအတွင်း ပထမဆုံး ဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။
အင်္ဂလန်ကျားဖောင်လုပ်ငန်းများသည် နှစ်စဉ် သြဂုတ်လ၌ ရေလုပ်သားစုဆောင်း၍ စက်တင်ဘာလတွင် ပင်လယ်ပြင်သို့ ထွက်၍ ငါးဖမ်းကြပြီး နောက် ၁ နှစ် ဧပြီလတွင် လုပ်ငန်းပိတ်သိမ်းကြသည်။ ထို့ကြောင့် ရေလုပ်သားစုဆောင်းသည့် သြဂုတ်လသည် ဖျာပုံမြို့နယ်၌ လူစည်ကားသည့် ကာလဖြစ်သည်။
“ခါတိုင်းနှစ် ဒီအချိန်ဆို အလုပ်ရှင်ဆီမှာ ဖောင်ပေါ်တက်မယ့်လူတွေက စရံငွေ ကြိုထုတ်ကြတယ်။ တခြားဒေသက လာတဲ့ ဖောင်ပေါ်တက်ဖို့ လူတွေအများကြီးနဲ့ ရှုပ်ထွေးစည်ကားနေတာ။ ဒီနှစ်ကတော့ လူတွေခြောက်ကပ် နေတာပဲ”ဟု ကျားဖောင်လုပ်ငန်းများ တည်ရှိရာ ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာဒေသခံ ကိုစိုးက ပြောပြသည်။
ကျားဖောင်လောက၌ မကြုံစဖူး ထူးကဲစွာပြောင်းလဲသွားရသည့် အကြောင်းအရင်း ၂ ချက်ရှိသည်။ ပထမအချက်က ကမာ္ဘတလွှား ဖြစ်ပွားနေသည့် ကူးစက်မြန် COVID – 19 ရောဂါကြောင့်ဖြစ်ပြီး ဒုတိယအချက်က ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်းကြောင့် ဖြစ်သည်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် နေအိမ်မှ ၄၈ ရက်ကြာ ပျောက်ဆုံးနေခဲ့သည့် ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်းကို ၎င်း၏မိသားစုဝင်များက ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာရှိ သဉ္ဇာထွန်း ကျားဖောင်လုပ်ငန်းတွင် ပြန်လည်တွေ့ရှိခဲ့သည်။ လူခေါ်ပွဲစားတို့က ကိုမြတ်သူရထွန်းကို ဖျာပုံသို့လိမ်ခေါ်ကာ ကျားဖောင်လုပ်ငန်းထဲ ထိုးထည့်၍ ၎င်း၏လုပ်အားခများကို ထုတ်ယူသွားခဲ့ကြသည်။ မိသားစုက ၎င်းအားငွေကျပ် ၆ သိန်းဖြင့် ကျားဖောင်လုပ်ငန်းရှင်ထံမှ ပြန်လည်ရွေးယူခဲ့ရသည်။
ကျားဖောင်မှ ပြန်လွတ်လာသည့် ကိုမြတ်သူရထွန်း၏မျက်နှာတွင် ဖူးယောင်ညိုမည်းနေပြီး ဘယ်ဘက်လက် တဖက်လည်း ကျိုးနေခဲ့သည်။ ဘယ်ဘက်နားရွက်မှာလည်း ကွဲထွက်ပေါက်ပြဲပြီး ဒဏ်ရာ ဗလပွ ဖြစ်နေသည့်ဓာတ်ပုံများ လူမှုကွန်ရက် တွင် ပျံ့နှံ့သွားသည့်နောက် မြန်မာတနိုင်ငံလုံး အံ့သြခဲ့ရသည်။
ကျားဖောင်ဦးစီးတို့၏ ရက်စက်ကြမ်းကြုတ်မှု၊ လူမဆန်မှုများကို လူမှုကွန်ရက်ပေါ်တွင် အပြင်းအထန် ဝေဖန်ပြောဆို ရှုတ်ချကြသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ထိုအချိန်မှသာ အသည်းအသန်ဖြင့် တရားခံများကို လိုက်လံဖမ်းဆီးခဲ့ပြီး လူကုန်ကူးမှုဖြင့် တရားစွဲဆိုခဲ့သည်။
ကိုမြတ်သူရထွန်းဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် ကျားဖောင်လုပ်ငန်းများနှင့်ပတ်သက်၍ အဓိက တာဝန်ရှိသည့် နေပြည် တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် အမျိုးသားလွှတ်တော်တို့က ဖျာပုံမြို့နယ်မှ ကျားဖောင် လုပ်ငန်းများနှင့်ပတ်သက်၍ ကြားနာမှု၊ ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ထွက်ပေါ်လာသည့်ရလဒ်မှာ “ကျားဖောင်လောက ကို စနစ်တကျဖြင့် တင်းကြပ်စွာ ကိုင်တွယ်သွားရေး” ဖြစ်သည်။
တရားမဝင် ကျားဖောင်တွေကို ပိတ်ပြီ
ကျားဖောင်လုပ်ငန်းကို အဓိက ကိုင်တွယ်နေသည့်ငါးလုပ်ငန်းဦးစီးဌာနက လက်ရှိ ၂၀၂၀ – ၂၀၂၁ ငါးဖမ်း ရာသီတွင် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရ လုပ်ငန်းလိုင်စင်ရှိသူများသာ ပင်လယ်ပြင်ထွက်၍ ငါးဖမ်းခွင့်ရမည်ဟု ကြေညာခဲ့ သည်။ လုပ်ငန်းလိုင်စင်အရ သင်္ဘော ၁ စီးလျှင် ကျားဖောင် ၈ ဖောင်သာ ငါးဖမ်းခွင့်ပြုမည်ဟု တင်းကြပ်ခဲ့သည်။
“ဒီနှစ်က မလုပ်တဲ့လူတွေများတယ်။ ရွာကြီးက ခြောက်ကပ်သွားပြီ။ ကျနော်လည်း မလုပ်တော့ဘူး။ ကျနော့်လိုပဲ မလုပ်တဲ့ လူတွေ များတယ်။ မနှစ်က ဖောင် ၅ ထောင်ရှိရင် အခုက ဖောင် ၁ ထောင်လောက်ပဲ လုပ်တော့တယ်။ ဖောင် ၄ ထောင် လောက် လျော့သွားတယ်”
ငါးလုပ်ငန်းဌာန၏ အဆိုပါ ကြေညာချက်ကြောင့် ဖျာပုံဒေသရှိ ဒေါ်ညိမ်း၊ နောက်မီး၊ ခါးပြတ်စသဖြင့် ကျေးရွာပေါင်း ၁၂ ရွာရှိ ကျားဖောင်လုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။ အကြောင်းအရင်း က ကျားဖောင် လုပ်ငန်းလိုင်စင် မရှိသောကြောင့် ဖြစ်သည်။
“ဒီနှစ်က မလုပ်တဲ့လူတွေများတယ်။ ရွာကြီးက ခြောက်ကပ်သွားပြီ။ ကျနော်လည်း မလုပ်တော့ဘူး။ ကျနော့်လိုပဲ မလုပ်တဲ့ လူတွေ များတယ်။ မနှစ်က ဖောင် ၅ ထောင်ရှိရင် အခုက ဖောင် ၁ ထောင်လောက်ပဲ လုပ်တော့တယ်။ ဖောင် ၄ ထောင် လောက် လျော့သွားတယ်”ဟု ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာ၌ ကျားဖောင် လုပ်ငန်းလုပ်ကိုင်ခဲ့သူ ဦးသန့်စင်က ဒေသတွင်း အခြေအနေကို ပြောပြသည်။
အင်္ဂလန်ကျားဖောင်လုပ်ငန်းသည် ဖျာပုံမြို့နယ်၏ မိရိုးဖလာ ကမ်းဝေးငါးဖမ်းလုပ်ငန်းဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်အချိန်ကာလ ၁၉၇၀ ခုနှစ်ဝန်းကျင်ကစတင်၍ ဖျာပုံဒေသ၌ အင်္ဂလန်ကျားဖောင်များဖြင့် ငါးဖမ်းခြင်းလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ကြသည်။
ဖျာပုံမြို့နယ်ရှိ ပင်လယ်ကမ်းစပ်ဘေးမှ ဒေါ်ညိမ်း၊ နောက်မီး၊ ဒေးဒလူ၊ ခါးပြတ်၊ ဗံဒါပင်၊ ချောင်းဝ၊ ဘုန်းကြီးသောင်၊ ကုလားထိပ်၊ ရွှေလှေကျင်း၊ အရှေ့ဖျား၊ ဖျာပုံမြစ်ကမ်းနှင့် ဓမင်းဆိပ်စသည့်ကျေးရွာများမှာ မြန်မာတနိုင်ငံလုံး စားသုံး နေသည့် မျှင်ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်များအားလုံး၏ ၆၀ ရာခိုင်နှုန်းကျော် ထုတ်လုပ်ပေးနေသည့်ဒေသများ ဖြစ်သည်။
ဖျာပုံဒေသ၏ ရေထွက်ကုန်များကို ပြည်တွင်းသာမက တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ စင်္ကာပူ၊ ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံအထိ တင်ပို့ရောင်းချကြသည်။ ထို့ကြောင့် ငါးဖမ်းခြင်းမှစ၍ ကုန်ချောထုတ်လုပ်ကာ တင်ပို့ ရောင်းချမှု အထိ လုပ်ငန်းစဉ် အဆင့်ဆင့်တွင် လူပေါင်းများစွာ အလုပ်အကိုင် ဖန်တီးပေးထားနိုင်သည့် ကျားဖောင်လုပ်ငန်းအပေါ် ဖျာပုံမြို့နယ်တခုလုုံးက စီးပွားရေးအရ မှီခိုနေရသည်။
ရေထွက်ကုန်တင်ပို့ရောင်းချသည့်လုပ်ငန်း တဖြည်းဖြည်း တွင်ကျယ်လာသည့်အလျောက် ၂၀၀၅ ခုနှစ်က စတင်၍ ကျားဖောင်လုပ်ကိုင်သူ လုပ်ငန်းရှင် တဖြည်းဖြည်း များပြားလာခဲ့သည်။ လုပ်ငန်းရှင် များပြားခဲ့သည့်အလျှောက် ကျားဖောင်အရေအတွက်လည်း ပိုမိုများပြားလာခဲ့သည်။
ဒေသတွင်းလိုအပ်ချက်အရ လုပ်ငန်းလိုင်စင်များ တိုးမြှင့်ချထားပေးရန် ကျားဖောင်လုပ်ငန်းရှင်များက ငါးလုပ်ငန်း ဦးစီး ဌာနကို တောင်းဆိုသည်။ သို့သော် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် တပ်မတော် (ရေ) တို့က ကန့်ကွက်သည့်အတွက် ငါးလုပ်ငန်းဦးစီးဌာနက ၂၀၁၇ ခုနှစ်နောက်ပိုင်း ကျားဖောင်လုပ်ငန်းလိုင်စင်များ ထပ်မံ ထုတ်ပေးခြင်း မရှိတော့ချေ။
“ကျားဖောင်လိုင်စင်ထုတ်ပေးရမယ့်နေရာသည် နိုင်ငံတကာ ကုန်သွယ်ရေကြောင်းသင်္ဘောတွေ သွားလာတဲ့နေရာ ဖြစ်နေတယ်။ ကျနော်တို့ လိုင်စင်အသစ်တွေ ထုတ်ပေးတာကို တပ်မတော်(ရေ)နဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ကန့်ကွက်ပါတယ်။ ဒါကြောင့် မြန်မာ့ ပင်လယ်ပြင်မှာ ငါးဖမ်းလိုင်စင် ထုတ်ပေးဖို့ဟာ ငါးလုပ်ငန်းဦးစီးဌာန သဘောထား တခုတည်းနဲ့ ထုတ်ပေးလို့ မရပါဘူး”ဟု ဧရာဝတီ တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောအောင် ရဲထွဋ်လွင်က ရှင်းပြသည်။
ဖျာပုံမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းအရ ၂၀၁၉ – ၂၀ ငါးဖမ်းရာသီတွင် ဌာနမှ ငါးဖမ်းခွင့် တရားဝင် လိုင်စင် ထုတ်ပေးထားသည့် စက်လှေနှင့် ကျားဖောင်တွဲ ၁၈၁ တွဲရှိသည်။ စက်လှေ ၁ စီးလျှင် ကျားဖောင် ၈ ဖောင် ပါဝင် သည့်အတွက် တရားဝင် မှတ်ပုံတင်ထားသည့် ကျားဖောင်ပေါင်း ၁၄၄၈ ဖောင် ရှိသည်။ကျားဖောင် ၁ ဖောင်တွင် ဖောင်ဦးစီး ၁ ဦးနှင့် ဖောင်နောက်လိုက် ၂ ဦး၊ တချို့သောဖောင်များတွင် ဖောင်နောက်လိုက် ၃ ဦး နေထိုင်ကာ အလုပ်လုပ်ကြသည်။ ထို့ကြောင့် ငါးလုပ်ငန်းဦးစီးဌာနစာရင်းအရ ၂၀၁၉ – ၂၀၂၀ ငါးဖမ်းရာသီတွင် ဖျာပုံမြို့နယ်၌ တရားဝင်မှတ်ပုံတင်ထားသည့် ကျားဖောင်လုပ်သား ၅၀၀၀ နီးပါး ရှိကြောင်း သိရသည်။
သို့သော် ပင်လယ်ပြင်၌ အမှန်တကယ် ငါးဖမ်းခဲ့သည့်ကျားဖောင်အရေအတွက်မှာ ၅ ထောင်ခန့်ရှိကြောင်း ဖျာပုံ မြို့နယ်မှ ကျားဖောင်လုပ်ငန်းရှင်များက ဆိုသည်။ ထို့ကြောင့် ငါးလုပ်ငန်းဦးစီးဌာနက ခွင့်ပြုထားသည့် ပမာဏထက် ပင်လယ်ပြင် တွင် ငါးဖမ်းသည့် ကျားဖောင်အရေအတွက်က ၃ ဆကျော် ကွာခြားနေသည်။
ဖျာပုံဒေသ၌ ငါးဖမ်းခွင့်လိုင်စင် ရှိသူရော၊ မရှိသူပါ နှစ်ပေါင်းများစွာ ပင်လယ်ထွက်၍ ငါးဖမ်းခဲ့ကြသည်။ ထို့ကြောင့် တချို့သော ကျားဖောင်လုပ်ငန်းရှင်များဆိုလျှင် လုပ်ငန်းလိုင်စင်လုပ်ထားသော်လည်း သက်တမ်း မတိုးဘဲ ပစ်ထား ကြသည်။
“ငါးဖမ်းလိုင်စင် ၁ ခုကို သင်္ဘောတစ်စီးနဲ့ ကျားဖောင် ၈ ဖောင် ထွက်ခွင့်ရှိတယ်။ ဒါပေမယ့် ၈ ဖောင်နဲ့ တကယ် ထွက်ရဲ့ လားဆိုတော့ အနှစ် ၂၀ ကျော်အတွင်းမှာ သင်္ဘော ၁ စီးထဲမှာ တချို့က ၁၂ ဖောင်၊ ၁၅ ဖောင်၊ ဖောင် ၂၀ လောက် ထွက်တယ်။ တချို့ကလည်း တရားဝင်လိုင်စင်မရှိဘဲ ရညန (ရေကြောင်းပို့ဆောင်ရေးဌာန) က ထုတ်ပေးတဲ့ ငါးသယ်တဲ့ သင်္ဘောလိုင်စင်နဲ့ ၁၀ ဖောင်၊ ၁၅ ဖောင် လုပ်လာတာရှိတယ်။ ကာလရှည်တခုမှာ ဖြစ်ချင်တိုင်း ဖြစ်ပြီးတော့ စည်းကမ်း လည်း မရှိ၊ နိုင်ငံတော်အတွက်လည်း ဘာမှ အခွန်အခ မရတာတွေ ဖြစ်ခဲ့တယ်”ဟု ဧရာဝတီတိုင်းဒေသကြီး၊ အမှတ် ၁၀ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖျာပုံမြို့သား ဦးသိမ်းဆွေက ရှင်းပြသည်။
ဖျာပုံဒေသ၌ ငါးဖမ်းခွင့်လိုင်စင် ရှိသူရော၊ မရှိသူပါ နှစ်ပေါင်းများစွာ ပင်လယ်ထွက်၍ ငါးဖမ်းခဲ့ကြသည်။ ထို့ကြောင့် တချို့သော ကျားဖောင်လုပ်ငန်းရှင်များဆိုလျှင် လုပ်ငန်းလိုင်စင်လုပ်ထားသော်လည်း သက်တမ်း မတိုးဘဲ ပစ်ထား ကြသည်။
ပင်လယ်ထွက်ငါးဖမ်းဖို့ လိုင်စင်မလိုအပ်သည့် အခြေအနေတွင် ဒေသတွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင် များကလည်း ကျားဖောင် ၂ ဖောင်၊ ၃ ဖောင် စသဖြင့် တည်ဆောက်၍ စက်လှေရှိသော လုပ်ငန်းရှင်များနှင့် တွဲဖက် လုပ်ကိုင်ကြသည်။ ယင်းဖောင်များကို ဖျာပုံ၌ တွဲဖောင်၊ ကပ်ဖောင်ဟု ခေါ်သည်။
“တွဲဖောင်၊ ကပ်ဖောင်ဆိုတာက ရွာက တနိုင်တပိုင်လုပ်တဲ့လူတွေက သူတို့မှာ သင်္ဘောကလည်း မရှိဘူး။ ရင်းနှီးစရာ ငွေကြေးလည်း များများစားစား မရှိတော့ သင်္ဘောရှိတဲ့ လုပ်ငန်းရှင်ဆီမှာ ကိုယ်တတ်နိုင်တဲ့ ပမာဏနဲ့ ကျားဖောင် ၁ ဖောင်၊ ၂ ဖောင် တွဲချင်ပါတယ်။ ကူညီပေးပါဆိုပြီး ဝင်တွဲတာ။ လုပ်ငန်းရှင်က ကျားဖောင်တွေ ပင်လယ်ထဲ ဆွဲယူသွားပေးတယ်။ ပြန်သယ်လာပေးတယ်။ ကုန်တွေ ကမ်းပြန်ပို့ပေးတယ်။ ဒီလိုမျိုး တနိုင်တပိုင် လုပ်ငန်းရှင်တွေ အများကြီးရှိတယ်”ဟု ဖျာပုံမြို့ခံ ကိုကျော်စိုးမိုးက ပြောပြသည်။
ထိုသို့ လုပ်ငန်းလိုင်စင်မရှိသည့် တရားမဝင်ကျားဖောင်များ ပင်လယ်ထွက်၍ ငါးဖမ်းခွင့်ရဖို့အတွက် မြန်မာနိုင်ငံ၌ နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့သည့် ထုံးစံအတိုင်း ငါးလုပ်ငန်းဦးစီးဌာနကို လုပ်ငန်းရှင်များက လစဉ် လာဘ်ထိုးရသည်။
တရားမဝင် ကျားဖောင်စီးပွားရေး
ဖျာပုံမြို့အနီးရှိ ပင်လယ်ပြင်၌ တရားဝင်ထက် တရားမဝင် ငါးဖမ်းသည့်ကျားဖောင်များက ပိုများခဲ့ကြောင်း အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ဖောင်အရေအတွက် ၃ ထောင်ထက်မနည်း ရှိနေသည့် တရားမဝင် ကျားဖောင်များသည် ပြီးခဲ့သည့် ၂၀၁၉ – ၂၀၂၀ ခုနှစ် ငါးဖမ်းရာသီအထိ ပင်လယ်ပြင် ငါးဖမ်းထွက်ချိန်၌ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများကို တဖောင်ကို ၃၀၀၀ ကျပ်နှုန်း ပေးခဲ့ရသည်ဟု တရားမဝင် ကျားဖောင် လုပ်ငန်းရှင်များက ပြောသည်။
ထို့ပြင် လုပ်ငန်းလိုင်စင်မရှိသည့် တရားမဝင် ကျားဖောင်များအားလုံးမှာ ဖျာပုံမြို့နယ်။ ငါးလုပ်ငန်းဦးစီးဌာနသို့ ကျားဖောင် ၁ ဖောင်လျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ငါးဖမ်းရာသီစတင်သည့် စက်တင်ဘာလမှ ရာသီပိတ်သိမ်းသည့် ဧပြီလအထိ ပေးခဲ့ရသည်ဟု လုပ်ငန်းပိတ်သိမ်းခံခဲ့ရသည့် ကပ်ဖောင်၊ တွဲဖောင်လုပ်ငန်းရှင်များက ပြောသည်။
“ကျားဖောင်စထွက်တာနဲ့ ဘယ်အိမ်က ဘယ်နှစ်ဖောင်ထွက်သလဲဆိုပြီး စာရင်းနဲ့ လာကောက်တယ်။ တဖောင်ကို ၃၀၀၀ နှုန်းပေးရတယ်။ ဒါက လုံခြုံရေးဆိုင်ရာ တာဝန်ရှိတဲ့လူတွေ လာကောက်တာ။ ဖျာပုံ ငါးလုပ်ငန်းကိုကျတော့ တဖောင်ကို တလ ၅၀၀၀ နှုန်းနဲ့ လစဉ်ပေးရတယ်။ ပင်လယ်မှာက လိုင်စင်မရှိတဲ့ဖောင်က ၃ ထောင်ကျော်ရှိတော့ ၁ လ၊ ၁ လ ရတဲ့ ဝင်ငွေကို တွက်ကြည့်ပေါ့။ လိုင်စင်မရှိတဲ့ ကျားဖောင်စာရင်းတွေက သက်ဆိုင်ရာ ဌာနဆိုင်ရာတွေဆီမှာ အကုန်ရှိပြီးသား ပါ”ဟု ဒေါ်ညိမ်းကျေးရွာ အုပ်စုအတွင်းရှိ ကျားဖောင်လုပ်ငန်းရှင် ၁ ဦးက ပြောပြသည်။
“ကျနော်တို့အနေနဲ့ ကွင်းမဆင်းနိုင်ဘူး။ ရွာတွေကို မသွားနိုင်တဲ့အခြေအနေမှာ လုပ်ငန်းရှင်တွေဆီက ငွေယူတယ် ဆိုတာက မဟုတ်ဘူးဆိုတာကို သက်သေပြနိုင်ပါတယ်။ တဖက်ကပြောတဲ့ သွားရောက် စစ်ဆေးနိုင်ခြင်း မရှိဘူး ဆိုကတည်းကိုက ကျနော်တို့က ဒီဟာတွေကို သွားရောက်တောင်းခံခြင်း မရှိဘူး ဆိုတာကို သက်သေပြပြီးသားလည်း ဖြစ်ပါတယ်”
ကျားဖောင်လုပ်ငန်းရှင်များအဆိုအရ ဖျာပုံမြို့အနီးရှိ ပင်လယ်ပြင်တွင် တရားမဝင် ကျားဖောင် ၃၀၀၀ ကျော် ရှိခဲ့သည့် အတွက် ၁ ဖောင်လျှင် ၅၀၀၀ နှုန်းဖြင့် တွက်ချက်ပါက လုပ်ငန်းရှင်များက ငါးလုပ်ငန်းဦးစီးဌာနကို ပေးရ သောငွေမှာ ၁ လလျှင် ကျပ်သိန်း ၁၅၀ အထက်ရှိနေသည်။ ငါးဖမ်းရာသီက ၈ လကြာမြင့်သည့်အတွက် တရားမဝင် ကျားဖောင် လုပ်ငန်းရှင်များ အနေဖြင့် ဖျာပုံမြို့နယ် ငါးလုပ်ငန်းဌာနကို ၁ ရာသီလျှင် ခန့်မှန်းခြေအားဖြင့် ကျပ်သိန်း ၁ ထောင်ခန့် ငွေကြေးပေးအပ်ခဲ့ရသည့် အနေအထား ဖြစ်သည်။
“ကျနော်တို့အနေနဲ့ ကွင်းမဆင်းနိုင်ဘူး။ ရွာတွေကို မသွားနိုင်တဲ့အခြေအနေမှာ လုပ်ငန်းရှင်တွေဆီက ငွေယူတယ် ဆိုတာက မဟုတ်ဘူးဆိုတာကို သက်သေပြနိုင်ပါတယ်။ တဖက်ကပြောတဲ့ သွားရောက် စစ်ဆေးနိုင်ခြင်း မရှိဘူး ဆိုကတည်းကိုက ကျနော်တို့က ဒီဟာတွေကို သွားရောက်တောင်းခံခြင်း မရှိဘူး ဆိုတာကို သက်သေပြပြီးသားလည်း ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောအောင်ရဲထွဋ်လွင်က ပြောသည်။
ငါးလုပ်ငန်းဦးစီးဌာနက ပြီးခဲ့သည့်ငါးဖမ်းရာသီများတွင် တရားမဝင် ကျားဖောင်လုပ်ငန်းရှင်များထံမှ ငွေကြေး တောင်းခံ သည် ဟူသောကိစ္စရပ်အပေါ် ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
တရားမဝင် ကျားဖောင်လုပ်ငန်းရှင်များကတော့ လိုင်စင်မရှိသည့်ကျားဖောင်များ ပင်လယ်၌ ငါးဖမ်းသည်ကို ဌာနဆိုင်ရာများက နှစ်ပေါင်းများစွာ ငွေယူ၍ မသိချင်ယောင်ဆောင်ခဲ့ကြပြီး လက်ရှိ ၂၀၂၀ – ၂၀၂၁ ငါးဖမ်းရာသီမှ ရုတ်တရက် ပိတ်ပင်ခဲ့သည့်အတွက် ၎င်းတို့စီးပွားရေးကို အလုံးစုံပျက်စီးအောင် ဌာန ဆိုင်ရာများက လုပ်ဆောင်ခဲ့ ကြသည်ဟု စွပ်စွဲပြောဆိုကြသည်။
“တရားဝင်ထက် တရားမဝင်ဖောင်တွေက ပိုများနေတာတွေကို သက်ဆိုင်တဲ့ ဌာနဆိုင်ရာတွေ၊ အထူးသဖြင့် ငါးလုပ်ငန်း ဌာနပေါ့။ သူတို့တွေသိနေခဲ့တာပဲ။ ဒါတွေကို စောစောစီးစီး မဖြေရှင်းခဲ့လို့ ပြဿနာတွေ ပိုရှုပ်ကုန်တာ။ ပြဿနာတွေ ပိုပြီးကြီးထွားကုန်တာ”ဟု ဖျာပုံမြို့နယ်၊ အမာမြို့မှ ဒေသခံ ဦးကြည်သိန်းက ပြောသည်။
ကျားဖောင်ပေါ်မှ ပြဿနာများစာရေးသူကိုယ်တိုင် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်း၊ နောက်မီး၊ ခါးပြတ်၊ ဗန္ဓာပင်စသည့်ကျေးရွာများသို့ ၂၀၁၈ ခုနှစ်က တကြိမ်၊ ၂၀၁၉ ခုနှစ်တွင် ၁ ကြိမ် ကွင်းဆင်း၍ သတင်းရယူခဲ့သည်။ ထို့ပြင် ပင်လယ်ပြင်အတွင်းရှိ ကျားဖောင်လုပ်ငန်းခွင်အထိပါ သွားရောက်သတင်း ရယူခဲ့သည်။
ထို့ကြောင့် လူခေါ်ပွဲစားမှတဆင့် ရရှိလာသည့် ရေလုပ်သားကို ကြုံရာစက်လှေဖြင့် ကျားဖောင်ပေါ် တန်းပို့သည်။ ထိုသို့သော ရေလုပ်သားမျိုးကို ကျားဖောင်လောက၌ “ခုန်ဆင်း”ဟု ခေါ်ကြသည်။
မြေပြင်၌ သတင်းရယူချိန်တွင် တွေ့ရသည်က တရားဝင်လိုင်စင်ရထားသော ကျားဖောင်လုပ်ငန်းအများစုက ရေလုပ်သား များကို တရားဝင် စာရင်းသွင်းကြသည်။ ငါးလုပ်ငန်း ဌာနတွင် ရေလုပ်သားကတ်များ ပြုလုပ်၍ မှတ်ပုံတင်ကြသည်။ သို့သော် တရားမဝင်လုပ်ကိုင်သည့် ကျားဖောင်လုပ်ငန်းရှင်က သူကိုယ်တိုင်ပင် လုပ်ငန်းလိုင်စင်မရှိဘဲ ခိုးဝှက် လုပ်ကိုင် နေသည့် အနေအထားတွင် သူ့ဖောင်၌အလုပ်လုပ်မည့် ရေလုပ်သားကို ငါးလုပ်ငန်းဌာန၌ မှတ်ပုံတင်ဖို့ ဆိုသည်က မဖြစ်နိုင်သည့်အခြေအနေ ဖြစ်သည်။
ထို့ကြောင့် လူခေါ်ပွဲစားမှတဆင့် ရရှိလာသည့် ရေလုပ်သားကို ကြုံရာစက်လှေဖြင့် ကျားဖောင်ပေါ် တန်းပို့သည်။ ထိုသို့သော ရေလုပ်သားမျိုးကို ကျားဖောင်လောက၌ “ခုန်ဆင်း”ဟု ခေါ်ကြသည်။
ယခင်က ကျားဖောင်အရေအတွက် နည်းပါးသဖြင့် ဖျာပုံဒေသခံ ကျွမ်းကျင်ရေလုပ်သားများနှင့် အလုပ်သမား လောက်ငှစွာ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည့်အတွက် ကျားဖောင်လောကတွင် ပြဿနာကြီးကြီးမားမား မရှိခဲ့။ ပင်လယ်ပြင်ကို ကျွမ်းကျင်ပြီး အလုပ်၏ သဘောသဘာဝကို နားလည်နေသူများမို့ အဆင်ပြေခဲ့ကြသည်။
သို့သော် ၂၀၀၅ ခုနှစ်နောက်ပိုင်း ကျားဖောင်လုပ်ငန်းလုပ်ကိုင်သူ ပိုမိုများပြားလာသည့်အလျောက် ကျားဖောင်ရေလုပ်သား လိုအပ်ချက်မှာလည်း ပိုမိုမြင့်တက်လာခဲ့သည်။ ဒေသတွင်းက အလုပ်သမားများဖြင့် မလုံလောက်တော့သည့်အတွက် ကျားဖောင်လုပ်ငန်းရှင်များက မြန်မာပြည် ဒေသအသီးသီးမှ ရေလုပ်သားများကို တိုက်ရိုက်သော်လည်းကောင်း၊ လူခေါ် ပွဲစားများမှတဆင့်သော် လည်းကောင်း စုဆောင်းကြသည်။
ကျားဖောင်လုပ်ငန်း ပြုပြင်ပြောင်းလဲရေး ဘာတွေ လိုမလဲ (ရုပ်/သံ)
ကျားဖောင်လောကသို့ လာရောက်အလုပ်လုပ်ကြသည့် ရွှေ့ပြောင်းလုပ်သားများကို ဆန်းစစ်လျှင် အမျိုးအစား ၃ မျိုး ရှိသည်ကို တွေ့ရသည်။
ပထမတမျိုးက ကျားဖောင်တွင် အလုပ်လုပ်ပြီးနောက် ငွေကြေးလိုအပ်ချက်အရ လုပ်ငန်းရှင်ထံ တွင် စရံငွေယူပြီး ကျားဖောင်ပေါ် ပြန်တက်၍ အလုပ်လုပ်ကြသည့် ကျွမ်းကျင်ရေလုပ်သားများ ဖြစ်သည်။
စာရေးသူကိုယ်တိုင် ပင်လယ်ပြင်အတွင်းရှိ ကျားဖောင်လုပ်ငန်းခွင်သို့ သတင်းသွားယူချိန်တွင် ကျားဖောင် လုပ်ငန်း၌ ၄ နှစ်၊ ၅ နှစ်၊ ၇ နှစ် စသဖြင့်နှစ်ရှည်လုပ်ကိုင်နေသည့် ကျွမ်းကျင်ကျားဖောင်လုပ်သားများကို တွေ့ခဲ့ရသည်။ သူတို့က ရေလုပ်ငန်းတခုသာ ကျွမ်းကျင်သည့်အတွက် ကျားဖောင်ရာသီချိန်ဆိုလျှင် ဖောင်ပေါ် ပြန်တက်ကြသည့် ပင်လယ်ပျော်များ ဖြစ်သည်။
ဒုတိယတမျိုးကတော့ အလုပ်လုပ်ချင်သည့်အတွက် ကျားဖောင်တွင် အလုပ်လုပ်ဖူးသူနှင့်အတူ ဖျာပုံဒေသသို့ လိုက်လာပြီး အလုပ်လုပ်ကြသူများ ဖြစ်သည်။ သူတို့က မိသားစုနှင့်အတူ ဖျာပုံသို့ လာရောက်ပြီး လုပ်ငန်းရှင် ထုတ်ပေးသော ကြိုတင် ငွေကို မိသားစုလက်ထဲထည့်၍ ကျားဖောင်ပေါ် တက်သွားသူများဖြစ်သည်။
တတိယအမျိုးအစားကတော့ လူခေါ်ပွဲစားတို့က မြန်မာပြည်ဒေသအသီးသီးမှ နည်းမျိုးစုံဖြင့် ဖျာပုံသို့ ခေါ်ဆောင်လာသူများ ဖြစ်သည်။ ကျားဖောင်လောက၌ ပြဿနာအတက်ဆုံး လူအုပ်စုအမျိုးအစားဖြစ်သည်။ တက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းမှာလည်း လူခေါ်ပွဲစားတို့၏ လိမ်လည်ခေါ်ဆောင်မှုဖြင့် ဖျာပုံဒေသသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
“လူခေါ်ပွဲစားတွေက ငွေလိုချင်တော့ လမ်းကတွေ့တဲ့လူ အကုန်ခေါ်လာတယ်။ အဲဒီအထဲမှာ အရက်သမား၊ ဆေးသမား၊ ဉာဏ်ရည်မပြည့်သူ၊ ကျောင်းသား၊ ကျန်းမာရေးမကောင်းသူတွေအပြင် ထောင်ကထွက်လာသူတွေနဲ့ ရာဇဝတ်မှု ကျူးလွန် ပြီး ထွက်ပြေးလာတဲ့သူတွေပါ ကျားဖောင်လောကကို ရောက်လာတယ်။ လမ်းမှာလည်း စစ်ဆေးတာတွေ မရှိဘူး။ လုပ်ငန်း ရှင် ကလည်း အလုပ်သမားရရင် ပြီးရောဆိုပြီး လက်ခံတယ်။ အဲဒီမှာ ပြဿနာတွေ တက်ကြတာ”ဟု ဖျာပုံမြို့နယ်၊ အမာမြို့မှ ဒေသခံ ဦးကြည်သိန်းက ပြောပြသည်။
လူခေါ်ပွဲစားက လုပ်ငန်းရှင်ပေးသည့် လူခေါ်ခ ၃ သောင်း၊ ၅ သောင်းကျပ်ကို ယူသည်။ ရေလုပ်သားအတွက် လုပ်ငန်းရှင် ကြိုထုတ်ပေးသည့် လစာငွေ ၆ သိန်း၊ ၈ သိန်းစသည့်ငွေများကိုလည်း မိသားစုထံ ပြန်ပို့ပေးမည်ဟုပြောဆိုကာ လိမ်ယူသည်။ ဒီလိုနှင့် “ကျားဖောင်ပေါ် လူရောင်းစားသည်” ဟူသောဖြစ်ရပ်များ ပေါ်ပေါက်လာခဲ့သည်။
လူခေါ်ပွဲစားတို့၏ လိမ်လည်လှည့်ဖျားမှုကြောင့် ကျားဖောင်ပေါ်ရောက်လာခဲ့သူများတွင် အလုပ်ကြမ်း မလုပ်ဖူးသူ၊ ပင်လယ်အလုပ် မလုပ်ဖူးသူ၊ အရက်စွဲ၊ ဆေးစွဲနေသူများမှာ မလုပ်တတ်မကိုင်တတ်ဖြင့် အလုပ်လုပ်ရင်း ထိခိုက် ဒဏ်ရာများ ရရှိခြင်း၊ လုပ်မှားကိုင်မှားဖြစ်လျှင် ကျားဖောင်ဦးစီး တချို့့၏ အရိုက်အနှက်၊ ညှဉ်းပန်းနှိပ်စက်မှုများ ခံရခြင်းများ ကြုံကြရသည်ဟုလည်း သိရသည်။
ဒေါ်ညိမ်းတိုက်နယ် ဆေးရုံစာရင်းအရ ၂၀၁၈ ခုနှစ်တွင် ကျားဖောင်လုပ်သား ၈၂ ဦး၊ ၂၀၁၉ ခုနှစ်တွင် ကျားဖောင် လုပ်သား ၈၀ မှာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ကြသည်။ သေဆုံးသူ အများစုမှာ ဗီတာမင် B1 ဓာတ်ချို့တဲ့၍ ဖောယောင်ကာ သေဆုံးကြသည်ဟု ဒေါ်ညိမ်းတိုက်နယ်ဆေးရုံထံမှ သိရသည်။
ကျားဖောင်ဦးစီး၏ ရိုက်နှက်မှုကြောင့် ထိခိုက်ဒဏ်ရာရ၍ သေသူများရှိသလို မခံနိုင်သည့် ရေလုပ်သားများက ပြန်သတ်၍ ဖောင်ဦးစီးတို့ သေဆုံးမှုများ ဖြစ်ကြသည်။ ပင်လယ်ထဲ၌ အရက်မသောက်ရဘဲ တုံးတိအရက်ဖြတ် လိုက်ရသည့် အတွက် စိတ်ကစဉ့်ကလျားဖြစ်၍ ပင်လယ်ထဲ ခုန်ချကာ သေကြောင်းကြံကြသည်။ ဗီတာမင် ဘီဝမ်းဓာတ်ချို့တဲ့၍ ခန္ဓာကိုယ် ဖောယောင်ပြီး အမောဖောက်၍ သေကြသည်။ တချို့က ပင်လယ်ထဲ၌ ကြိုးဆွဲချ၍ သတ်သေကြသလို ဦးနှောက်သွေးကြောပြတ်ခြင်း၊ လေဖြတ်ခြင်းများဖြစ်၍ သေကြသည်။
ဒေါ်ညိမ်းတိုက်နယ် ဆေးရုံစာရင်းအရ ၂၀၁၈ ခုနှစ်တွင် ကျားဖောင်လုပ်သား ၈၂ ဦး၊ ၂၀၁၉ ခုနှစ်တွင် ကျားဖောင် လုပ်သား ၈၀ မှာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ကြသည်။ သေဆုံးသူ အများစုမှာ ဗီတာမင် B1 ဓာတ်ချို့တဲ့၍ ဖောယောင်ကာ သေဆုံးကြသည်ဟု ဒေါ်ညိမ်းတိုက်နယ်ဆေးရုံထံမှ သိရသည်။
မြန်မာနိုင်ငံအတွက် ငါးပိ၊ ငါးခြောက်နှင့် ပုစွန်ခြောက်များ ထုတ်လုပ်ပေးနေပြီး ပြည်ပဝင်ငွေပါ ရှာဖွေ ပေးနေသည့် ကျားဖောင်လုပ်ငန်းများ နာမည်ဆိုးဖြင့် ကျော်ကြားရသည့်အကြောင်းအရင်းကို အဖြေရှာ ကြည့်လျှင် တရားမဝင် ကျားဖောင်များပြားခြင်း၊ ရွှေ့ပြောင်းလုပ်သား များပြားခြင်း၊ လူခေါ်ပွဲစားတို့၏ ခြေရှုပ်အမြတ်ထုတ်မှုနှင့် ငါးလုပ်ငန်းဌာန အပါအဝင် ဌာနဆိုင်ရာတို့၏ ကြီးကြပ်ကွပ်ကဲမှု အလွန်အမင်း အားနည်းခြင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများကို အသိပညာပေးမှု အားနည်းခြင်းများ ဖြစ်နေသည်ကို တွေ့ရသည်။
“ပင်လယ်ငါးဖမ်းလုပ်ငန်းနဲ့ပတ်သက်ရင် ခေတ်အဆက်ဆက်က မှားလာခဲ့တာ အမှန်ပဲ။ အဲဒီမှာ တာဝန်ရှိခဲ့တဲ့ ငါးလုပ်ငန်း ဦးစီးဌာနကလည်း အမှားတွေအများကြီးပဲ။ လုပ်ငန်းရှင်တွေဘက်ကလည်း စနစ်တကျ မှတ်ပုံတင် ရမယ်။ ကျားဖောင် လုပ်ငန်းနဲ့ ကန့်သတ်ချက်တွေကို လိုက်နာရမယ်ဆိုတာကိုလည်း မလိုက်နာခဲ့ကြဘူး။ ကိုယ့်ရဲ့အဆင်ပြေမှုအပေါ်မှာဘဲ အဆင်ပြေသလို နေခဲ့ကြတယ်”ဟု ဖျာပုံမြို့သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေက ပြောသည်။
ကျားဖောင်လုပ်သားများ ညှဉ်းပန်းနှိပ်စက် ခိုင်းစေခံရခြင်း၊ အာဟာရ ချို့တဲ့ခြင်း၊ အချိန်မီ ဆေးကုသခွင့် မရခြင်း၊ လူကုန်ကူးခံရခြင်း၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရခြင်း၊ တရားဥပဒေ၏ အကာအကွယ်ကို မရရှိခြင်းနှင့် သေကြေပျောက်ဆုံးသည့် အရေအတွက်များ တနှစ်ထက်တနှစ် ပိုမိုများပြားလာသည့်အတွက် ပြည်တွင်းမီဒီယာများက ၂၀၁၆ ခုနှစ်မှစတင်၍ သတင်းများ၊ ဆောင်းပါးများ ဖော်ထုတ်ရေးသားခဲ့ကြသည်။ သို့သော် ပြည်ထောင်စုအစိုးရနှင့် လွှတ်တော်တို့က အလေးထားဖြေရှင်းဆောင်ရွက်ခြင်း မရှိခဲ့ဟု ဝေဖန်မှုများကလည်း ရရှိနေသည်။
ဒဂုံတက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်း လူကုန်ကူးခံရပြီး နှိပ်စက်ခိုင်းစေခံရသည့် ဖြစ်ရပ် ပေါ်ပေါက်ပြီးမှသာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနက ဖျာပုံမြို့နယ်ရှိ အင်္ဂလန် ကျားဖောင် လုပ်ငန်းများကို အလေးထား၍ တင်းကြပ်စွာ ကိုင်တွယ်လာခဲ့ခြင်း ဖြစ်သည်။
“ဒီနှစ်က မကြာခင်မှာ ရာသီပြန်စတော့မှာဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ အလုပ်ရှင်အလုပ်သမား စာချုပ်ချုပ်ဖို့၊ ရေလုပ်သားကတ်တွေ စနစ်တကျလုပ်ဖို့၊ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုတွေ မဖြစ်စေဖို့ ဆောင်ရွက်ပါမယ်။ ဒီနှစ်ကတော့ ကျနော်တို့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်မှာပါ”ဟု ဧရာဝတီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောအောင်ရဲထွဋ်လွင်က ပြောသည်။
ကျားဖောင်လောက ပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှု
တရားဝင်ငါးဖမ်းခွင့်လိုင်စင်ရှိသူများသာ ပင်လယ်ထွက် ငါးဖမ်းခွင့်ပြုမည့် အခြေအနေကြောင့် ကပ်ဖောင်၊ တွဲဖောင် လုပ်ကိုင်သူ ကျားဖောင် ၄၀၀၀ ခန့် လုပ်ငန်းရပ်နားခဲ့ရပြီး တရားဝင် ကျားဖောင်လိုင်စင်များမှာလည်း ကျပ်သိန်းရာနှင့်ချီ၍ ဈေးတက်သွားခဲ့သည်။
ကျားဖောင်လုပ်ငန်းလိုင်စင်များကို ၂၀၁၇ ခုနှစ်နောက်ပိုင်းမှ စတင်၍ ငါးလုပ်ငန်းဦးစီးဌာနက အသစ်ထုတ်မပေးတော့သည့်အတွက် လက်ရှိ အသက်ဝင်နေသည့် လုပ်ငန်းလိုင်စင်များမှာ ကျားဖောင်လောကအတွက်တော့ ရွှေထက် တန်ဖိုးရှိသည့်ပစ္စည်းများ ဖြစ်နေသည်။
“လိုင်စင်ကြေးက မြင့်နေတယ်။ လိုင်စင်တစောင်ကို အရင်တုန်းက သိန်း ၃၀၀ ပေါက်ရာကနေ ၄၀၀၊ ၄၅၀ အထိ တက် တယ်။ အခုဆို ၅၅၀ ကနေ သိန်း ၆၀၀ အထိ ဖြစ်သွားပြီ”ဟု ဖျာပုံမြို့နယ်၊ နောက်မီးကျေးရွာမှ ကျားဖောင်လုပ်ငန်းရှင် ကိုဉာဏ်ကြီးက ပြောသည်။
ကျားဖောင်လုပ်ငန်းလိုင်စင်များကို ၂၀၁၇ ခုနှစ်နောက်ပိုင်းမှ စတင်၍ ငါးလုပ်ငန်းဦးစီးဌာနက အသစ်ထုတ်မပေးတော့သည့်အတွက် လက်ရှိ အသက်ဝင်နေသည့် လုပ်ငန်းလိုင်စင်များမှာ ကျားဖောင်လောကအတွက်တော့ ရွှေထက် တန်ဖိုးရှိသည့်ပစ္စည်းများ ဖြစ်နေသည်။
စနစ်တကျ ကြပ်မတ်ဖို့လိုအပ်နေတဲ့ ကျားဖောင်လုပ်ငန်းများ (ရုပ်/သံ)
အကြီးစားကျားဖောင်လုပ်ငန်းရှင်တချို့မှာ လုပ်ငန်းလိုင်စင်ရှိသော်လည်း ကမာ္ဘ့ကပ်ရောဂါ COVID-19 ကြောင့် တရုတ်၊ အိန္ဒိယအပါအဝင် ပြည်ပသို့ ရေထွက်ကုန် တင်ပို့နိုင်ခြင်းမရှိသည့် အခြေအနေအပေါ် စိုးရိမ်သည့် အတွက် ကျားဖောင် လုပ်ငန်း ရပ်နားမှုများ ရှိနေသည်။ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ ကတော့ ကျားဖောင် ထွက်ချင်လည်း ထွက်ခွင့်မရှိသည့်အခြေအနေ ဖြစ်သည်။
“ဖျာပုံမြစ်ကမ်းဆိုတဲ့ရွာမှာ အရင်တုန်းက လုပ်ငန်းရှင် အယောက် ၂၀ လောက်ရှိတာ ဒီနှစ်ဆို ၄ ဦး ၅ ဦး လောက်ပဲ ရှိတော့တယ်။ ကျန်တဲ့လူတွေ မလုပ်ကြတော့ဘူး။ ရွာကြီးဆိုတာလည်း ခြောက်ကပ်နေတာပဲ။ ခါတိုင်းဆို ဒီအချိန်က လူတွေ စည်ကားနေပြီ။ လက်ရှိက ဖျာပုံမြို့တောင် ခြောက်ကပ်နေတယ်”ဟု ဖျာပုံမြို့ခံ ကိုကျော်စိုးမိုးက ပြောပြသည်။
ကျားဖောင်လုပ်ငန်းများကို ဥပဒေဖြင့် တင်းကြပ်လိုက်ခြင်း၏ကောင်းကျိုးက ပင်လယ်ထွက်မည့် ကျားဖောင်များ နည်းပါး သွားခဲ့သဖြင့် လုပ်သားလိုအပ်ချက်လည်း လျော့ကျသွားသည်။ ကျားဖောင်လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမား ရရှိရန် လူခေါ်ပွဲစားများကို အားကိုးရသည့်အခြေအနေလည်း လျော့နည်းသွားသည့်အပြင် ကျွမ်းကျင် ရေလုပ်သားများကို စိစစ်ရွေးချယ်နိုင်သည့်အခြေအနေ ရောက်ရှိခဲ့သည်။
“ရေလုပ်သားကတ်တွေ စနစ်တကျလုပ်တာ ကောင်းပါတယ်။ ကျနော်တို့က လူရွေးချယ်ခွင့် ပိုရသွားတယ်။ အရင်လိုတော့ ရေလုပ်သားကတ်ကို အနားကပ်မှ လုပ်တာမျိုး မရတော့ဘူး။ အချိန်နည်းနည်းပေးပြီးတော့ စနစ်တကျ လုပ်ရတာ တခုပဲ။ ကျန်တာအဆင်ပြေတယ်”ဟု နောက်မီးကျေးရွာမှ ကျားဖောင်လုပ်ငန်းရှင် ဦးမြတ်သူက ပြောသည်။
ကျားဖောင်လုပ်ငန်းကျွမ်းကျင်သူ ရေလုပ်သားအများစု ပင်လယ်အတွင်း၌ အလုပ်လုပ်ကြမည်ဖြစ်၍ လုပ်ငန်းခွင် ထိခိုက် ဒဏ်ရာမှု၊ ညှဉ်းပန်းနှိပ်စက် ခိုင်းစေမှု၊ သေကြေပျောက်ဆုံးမှုနှင့် အခြားသော ပဋိပက္ခများလည်း ယခင်နှစ်များထက် လျော့နည်း ကျဆင်းနိုင်ကြောင်း ဖျာပုံဒေသခံများက ပြောဆိုကြသည်။
အလုပ်လက်မဲ့ ကျားဖောင်လုပ်သားများ
နှစ်ပေါင်း ၂၀ ကျော် တရားဥပဒေစိုးမိုးမှု အားနည်းပြီး ဖရိုဖရဲ ဖြစ်ခဲ့သည့် ကျားဖောင်လုပ်ငန်းကို အခုနှစ်မှ စတင်၍ ဥပဒေဖြင့် စနစ်တကျ ကြပ်မတ်လိုက်သည့်အချိန်တွင် ကောင်းကျိုးများရှိသလို ဆိုးကျိုးများလည်း ပေါ်ပေါက်ခဲ့သည်။
“အခုလိုတင်းကြပ်လိုက်တော့ အသေးစားနဲ့ အလတ်စား လုပ်ငန်းသမားတွေ ပြုတ်ကုန်တယ်။ ကျားဖောင် လောကမှာ သူတို့က ၈၀ ရာခိုင်နှုန်းလောက်ရှိနေတာ။ ကျားဖောင်တဖောင်ကို သိန်း ၁၀၀ လောက် ရင်းထားရတယ်။ ရှိတဲ့ငွေလေးနဲ့ ရင်းထားတဲ့ကျားဖောင်တွေက အခုချိန်ပြန်ရောင်းစားရင် ၁၀ သိန်းတောင် မရဘူး။ အရင်က လိုင်စင်မရှိလည်း ဖောင်ထွက် လို့ ရနေတော့ လိုင်စင်မလုပ်ခဲ့ကြဘူး။ အခုကျတော့ လိုင်စင်ရှိမှ ထွက်ရမယ်ဆိုတော့ သူတို့တွေရဲ့ထိခိုက်နစ်နာမှုက အများကြီးဖြစ်သွားတယ်”
ပထမဆိုးကျိုးကတော့ တနိုင်တပိုင် ငွေကြေးများဖြင့် ကပ်ဖောင်၊ တွဲဖောင်များ ရင်းနှီးမတည်ထားသည့် အသေးစားနှင့် အလတ်စား ကျားဖောင်လုပ်ငန်းရှင်များ၏ ထိခိုက်ဆုံးရှုံးမှုဖြစ်သည်။ ကျားဖောင် ၁ ဖောင်၏ အရင်းအနှီးက ကျပ်သိန်း ၁၀၀ ခန့်ရှိသည်။ လုပ်ငန်းရပ်နားခဲ့ရသည့်ဖောင်အရေအတွက်မှာ ၄ ထောင်ခန့် ရှိနေသည့်အတွက် အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်တို့၏ ဆုံးရှုံးမှုက ကျပ်သိန်းပေါင်း သိန်းနှင့်ချီ ရှိနေသည်။
“အခုလိုတင်းကြပ်လိုက်တော့ အသေးစားနဲ့ အလတ်စား လုပ်ငန်းသမားတွေ ပြုတ်ကုန်တယ်။ ကျားဖောင် လောကမှာ သူတို့က ၈၀ ရာခိုင်နှုန်းလောက်ရှိနေတာ။ ကျားဖောင်တဖောင်ကို သိန်း ၁၀၀ လောက် ရင်းထားရတယ်။ ရှိတဲ့ငွေလေးနဲ့ ရင်းထားတဲ့ကျားဖောင်တွေက အခုချိန်ပြန်ရောင်းစားရင် ၁၀ သိန်းတောင် မရဘူး။ အရင်က လိုင်စင်မရှိလည်း ဖောင်ထွက် လို့ ရနေတော့ လိုင်စင်မလုပ်ခဲ့ကြဘူး။ အခုကျတော့ လိုင်စင်ရှိမှ ထွက်ရမယ်ဆိုတော့ သူတို့တွေရဲ့ထိခိုက်နစ်နာမှုက အများကြီးဖြစ်သွားတယ်” ဟု ခါးပြတ်ကျေးရွာမှ ကျားဖောင် လုပ်ငန်းရှင်ဟောင်း ဦးသန့်စင်က ရှင်းပြသည်။
ကျားဖောင်လောက၌ ဒုတိယမြောက် ထိခိုက်နစ်နာသူများကတော့ အခြေခံလူတန်းစား ကျားဖောင်လုပ်သား များပင် ဖြစ်သည်။ ကျားဖောင်လုပ်ငန်း၌ အလုပ်လုပ်ကြသည့် ကျွမ်းကျင်ရေလုပ်သားများမှာ ဖျာပုံမြို့နယ် သာမက ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်၊ မအူပင်အပါအဝင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းမှ ရေလုပ်သားများလည်း အပါအဝင် ဖြစ်သည်။ ငါးလုပ်ငန်းဦးစီးဌာန၏ ဥပဒေအရ တင်းကြပ်မှုကြောင့် ကျားဖောင် ၄ ထောင်ခန့် လုပ်ငန်းရပ်ဆိုင်းသွားသလို အဆိုပါ လုပ်ငန်းများတွင် အလုပ်လုပ်နေကြသည့် ကျားဖောင်လုပ်သားနှင့် ကုန်းပေါ်၌ ပိုက်ဖာ၊ ငါးလှန်း၊ ငါးရွေးလုပ်သား ၁ သောင်းထက်မနည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ကြသည်။
“လုပ်ငန်းရှင်တွေက ဖောင်တွေလျော့လိုက်တော့ ကိုယ့်ရွာထဲကလူတောင် လူစေ့ အလုပ်မရတော့ဘူး။၊ တခြားရွာက လူတွေဆို ပိုဆိုးတာပေါ့။ လုပ်ငန်းရှင်တွေက ငွေရှိတော့ မလုပ်လည်း ဘာမှမဖြစ်ဘူး။ ကိုယ်တွေက လက်လုပ်လက်စား တွေ ဆိုတော့ အခုကျ ပိုဆိုးတာပေါ့။ အလုပ်မရှိတော့ ပိုက်ဆွဲ၊ နေ့စားလုပ်၊ တွေ့တဲ့အလုပ် အကုန်လိုက်လုပ် နေကြရ တယ်”ဟု ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာမှ ဒေသခံ ကိုစိုးက ပြောပြသည်။
ကျားဖောင်လုပ်ငန်း၏အပြောင်းအလဲကြောင့် ရေလုပ်သားများ အလုပ်လက်မဲ့ဖြစ်ကြသလို ကုန်းပေါ်ရှိ အလုပ်များမှာလည်း လုပ်အားခဈေးနှုန်းများ လျော့ကျခဲ့သည်။
“လူငှားတွေ၊ အလုပ်သမားတွေက ပိုကုန်ပြီ။ အဲဒီတော့ လုပ်ငန်းရှင်ကြီးတွေက အလုပ်သမားကို ခေါင်းခေါက် ရွေးတော့တာ။ တနေ့ ၁ သောင်းတန်ကို ၆ ထောင်ပဲ ပေးတယ်။ ကြိုက်ရင်လုပ်၊ မကြိုက်ရင် မလုပ်နဲ့ဆိုတော့ လူငှားတွေက ကြိတ်မှိတ်လုပ်ရတယ်။ မီဒီယာတွေက ရေလုပ်သားတွေ အခွင့်အရေး ရရှိအောင် ဖော်ထုတ် ဆောင်ရွက်ပေးပေမယ့် တကယ် အခွင့်အရေးရသွားတာက လုပ်ငန်းရှင်ကြီးတွေပဲ ဖြစ်သွားတယ်။ လူငှားတွေဘဝက ပိုတောင် စုတ်ပြတ်သတ် သွားသေးတယ်။ လုပ်ငန်းရှင်ဈေးကွက် ဖြစ်သွားပြီ”ဟု ကျားဖောင်လုပ်ငန်းရှင်ဟောင်း ဦးသန့်စင်က ပြောဆိုသည်။
ဒေသတွင်း၌ အလုပ်လက်မဲ့ဦးရေ လျော့ချနိုင်ရေးအတွက် စက်လှေတစီးတွင် ကျားဖောင် ၈ ဖောင်အစား ၁၀ ဖောင် သို့ တိုးမြှင့်ပေးရန် ကျားဖောင်လုပ်ငန်းရှင်များက ငါးလုပ်ငန်းဦးစီးဌာနကို တောင်းဆိုထားသည်။
“ပင်လယ်ငါးသယံဇာတကို ထိန်းသိမ်းရမယ်ဆိုတာကို ကျနော်တို့ လေးလေးနက်နက် ခံယူထားပါတယ်။ ဒါပေမယ့် ဒေသ အတွင်းမှာ ဖြစ်ချင်တိုင်းဖြစ်ခဲ့တဲ့ ကျားဖောင်လုပ်ငန်းကို တုံးတိကြီးဖြတ်ချပြီး ကိုင်တွယ် လိုက်မယ်ဆိုရင် သူတို့ကို မှီခိုနေရတဲ့ ရေလုပ်သားတွေကို ဘယ်လိုရှင်းမလဲဆိုတာ ထည့်သွင်းစဉ်းစားရမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဖြေလျော့မှု တခု ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။ သင်္ဘောတစီးကို ကျားဖောင် ၁၀ ဖောင်၊ ဒါမှမဟုတ် ၁၂ ဖောင်တော့ ခွင့်ပြုသင့်တယ်လို့ မြင်ပါတယ်”ဟု ဖျာပုံအမတ် ဦးသိမ်းဆွေက ပြောသည်။
“ဒီလိုမျိုး ဖြေလျော့ခွင့်ပြုမယ်ဆိုရင် အရင်တုန်းက ဖြစ်ချင်တိုင်းဖြစ်၊ ပျက်ချင်တိုင်း ပျက်ခဲ့တဲ့ ကျားဖောင်တွေရဲ့ အရေအတွက် ထက်ထက်ဝက်မက လျော့ချပြီးသား ဖြစ်သွားမယ်။ အဲဒီလိုဆိုရင်တော့ ဒေသတွင်းက ရေလုပ်သားတွေကို တတ်နိုင်သလောက် ထိန်းကြောင်းမှုတွေ ပြုလုပ်သွားနိုင်မှာ ဖြစ်ပါတယ်”
ထို့ပြင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ခွင့်ပြုထားသည့် ငါးသယ်ခွင့်လိုင်စင် (ရညန) လိုင်စင်ဖြင့် ခုတ်မောင်းနေသော ငါးသယ်သင်္ဘောများကို ကျားဖောင် ၄ ဖောင်ခန့် လုပ်ငန်းလုပ်ကိုင်ရန် ငါးလုပ်ငန်းဦးစီးဌာနက ဖြေလျော့ ခွင့်ပြုသင့်သည်ဟု ဦးသိမ်းဆွေက အကြံပြုသည်။
“ဒီလိုမျိုး ဖြေလျော့ခွင့်ပြုမယ်ဆိုရင် အရင်တုန်းက ဖြစ်ချင်တိုင်းဖြစ်၊ ပျက်ချင်တိုင်း ပျက်ခဲ့တဲ့ ကျားဖောင်တွေရဲ့ အရေအတွက် ထက်ထက်ဝက်မက လျော့ချပြီးသား ဖြစ်သွားမယ်။ အဲဒီလိုဆိုရင်တော့ ဒေသတွင်းက ရေလုပ်သားတွေကို တတ်နိုင်သလောက် ထိန်းကြောင်းမှုတွေ ပြုလုပ်သွားနိုင်မှာ ဖြစ်ပါတယ်”ဟု ဖျာပုံအမတ် ဦးသိမ်းဆွေက ၎င်း၏အမြင်ကို ပြောပြသည်။
ကျားဖောင်လုပ်သားများကို ရေလုပ်သားကတ်၊ အလုပ်ရှင်အလုပ်သမား စာချုပ်များဖြင့် စနစ်တကျ အလုပ်လုပ်ရန် စီမံသကဲ့သို့ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီးမှ အလုပ်ခန့်ရန် ကျားဖောင်လုပ်သားများကို ဆေးကုပေးနေသည့် ဒေါ်ညိမ်းတိုက်နယ်ဆေးရုံအုပ် ဒေါက်တာ မင်းဉာဏ်ပိုင်အောင်က အကြံပြုပြောဆိုသည်။
“ကျနော်ဖြစ်စေချင်တာတော့ လူတယောက်ကို အလုပ်လက်ခံတော့မယ်ဆိုရင် သူ့ဆီမှာ ရောဂါအခံ ပါ၊ မပါ သေချာလေး စစ်ဆေးစေချင်တယ်။ နောက်တခုက လုပ်သားတွေကို ပင်လယ်ထဲဆင်းတော့မယ်ဆိုရင် အရက်အလွန်အကျွံ သောက်လာ သူတွေ၊ အရင်သမားတွေကို ချက်ခြင်းပင်လယ်ထဲ မခေါ်သွားသင့်ဘူး။ ကုန်းပေါ်မှာ အရင်ဆေးကု၊ အရင်ဆုံး အရက်ဖြတ် ခိုင်း၊ အရက်ပြတ်တဲ့ဝေဒနာကို ဆေးကုပြီး အလုပ် လုပ်နိုင်ပြီဆိုမှ ခိုင်းသင့်တယ်။ ဖြစ်နိုင်ရင်တော့ အကုန်လုံးကို ကျန်းမာ ကြောင်း စစ်ဆေးစေချင်တယ်။ အဲဒီလိုစစ်ပြီးတော့မှသာ အလုပ်ခိုင်းမယ်ဆို ဒီပြဿနာတွေ နည်းသွားမှာပါ”ဟု ဒေါက်တာ မင်းဉာဏ်ပိုင်အောင်က ပြောဆိုသည်။
မြန်မာနိုင်ငံတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် ကျားဖောင်လောက၌ ယခုနှစ် ငါးဖမ်းရာသီမှ စတင်၍ အပြောင်းအလဲ များ မြင်တွေ့နေရပြီဖြစ်သည်။
နှစ်ပေါင်းများစွာ ဖရိုဖရဲဖြစ်ခဲ့ပြီး အလုပ်သမား အခွင့်အရေး ချိုးဖောက်မှု၊ ညှဉ်းပန်းနှိပ်စက် ခိုင်းစေမှု၊ လူကုန်ကူးမှု၊ လုပ်အားခေါင်းပုံဖြတ်မှု၊ သေကြေပျောက်ဆုံးမှုများ ပေါ်ပေါက်ခဲ့သည့် ကျားဖောင်လုပ်ငန်းများ စနစ်တကျ ရှင်သန်လည်ပတ်နိုင်စေရန် အစိုးရနှင့် လွှတ်တော်တို့က ဆောင်ရွက်နိုင်မည်လားဆိုတာ ဆက်လက် စောင့်ကြည့် သွားရမည်ဖြစ်သည်။
ရောဂါတွေကြားက ကျားဖောင်လုပ်သားတွေ (ရုပ်/သံ)
You may also like these stories:
၂၀၁၅ မှ ၂၀၂၀ ထိ အလုပ်သမား နှိပ်စက်ညှဉ်းပန်းမှုများ
ပင်လယ်ပြင် ရေလုပ်သားများ မှတ်ပုံမတင်ပါက အရေးယူမည်
ကျားဖောင်လုပ်ငန်းကို လူသတ်ကွင်းလို၊ မူးယစ်ဆေးဝါး စက်ရုံကြီးလို့ ပုံဖော်တာတွေ ရှိနေတယ်
ပြဿနာတွေ အမြစ်တွယ်နေတဲ့ ကျားဖောင်လုပ်ငန်း ဘယ်လိုပြုပြင် ပြောင်းလဲမလဲ