ပုဂံရောက်သူတိုင်း နေဝင်ချိန်ဆည်းဆာအလှကို မင်္ဂလာစေတီ အထက်ကနေ သူ့ထက်ငါ အလုအယက် ကြည့်ဖူးကြသည်။
ဆည်းဆာတိမ်များအောက်က ဧရာဝတီ၏ ခမ်းနားမှုနှင့် အနောက်ဘက်အခြမ်း တန့်ကြည်တောင်ထိပ်တွင် ရွှေရောင်တဖိတ်ဖိတ်နှင့် ဖူးမြင်ရသည့် တန့်ကြည်တောင်စွယ်တော်စေတီတို့ ကာရန်ညီစွာပေါင်းစည်းထားသည့် ဆည်းဆာအလှကို မင်္ဂလာစေတီကသာလျှင် ထင်ထင်ရှားရှားမြင်တွေ့နိုင်မည် ဖြစ်ပါသည်။
သဘာဝတရားက ခြယ်မှုန်းသည့် ပန်းချီကားတချပ်ပုံပမာမို့ ပုဂံနေဝင်ချိန်ဆည်းဆာအလှကို မင်္ဂလာစေတီက ကြည့်လျှင် အကောင်းဆုံးဟု လမ်းညွှန်ကြခြင်း ဖြစ်ပါလိမ့်မည်။
သို့သော်လည်း ယခုအခါမှာတော့ စေတီ၏ ကြံ့ခိုင်မှု အနေအထားကြောင့် စေတီအထက်ပစ္စယံသို့ တက်ရောက်ခြင်းကို သက်ဆိုင်ရာက ကန့်သတ်ထားသည်။
“ဘုရားလည်းပြီး၊ ပြည်ကြီးလည်းပျက်” ဆိုသည့် အတိတ်တဘောင်များ ပေါ်ထွန်းနေသည့်ကြားက မင်္ဂလာ စေတီတော်ကို တည်ခဲ့သည်
“ဘုရားလည်းပြီး၊ ပြည်ကြီးလည်းပျက်” ဆိုသည့် အတိတ်တဘောင်များ ပေါ်ထွန်းနေသည့်ကြားက မင်္ဂလာ စေတီတော်ကို တည်ခဲ့သည် ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ နရသီဟပတေ့မင်းသည် ဤတဘောင်ကြောင့် ပထမတော့ စိုးရွံ့ထိတ်လန့်မှု ဖြစ်ခဲ့သေးသည်ဟု ဆိုသည်။ သို့အတွက်ကြောင့်လည်း ၆ နှစ်ခန့်မျှ ဘုရားတည်ခြင်းကို ရပ်ဆိုင်းထားခဲ့သည်။
သို့သော်လည်း မင်းဆရာဖြစ်သည့် ပံံ့သကူမထေရ်က တဘောင်အရေးကို ဂရုမစိုက်ဘဲ၊ သံသရာအရေးကို မျှော်တွေးလျှက် ဘုရားဆက်တည်ဖို့ ညွှန်ကြားလာသည့်အတွက် မင်းဆရာ၏ သြဝါဒကိုခံယူပြီး လက်စ မသတ်ရသေးသည့် မင်္ဂလာစေတီတော်ကြီးကို အပြီးသတ်တည်ထား ကိုးကွယ်နိုင်ခဲ့သည်။
မင်္ဂလာစေတီ၏ ပုံသဏ္ဍန်ကို ကြည့်မည်ဆိုလျှင် ရွှေစည်းခုံဘုရားနှင့် ခပ်ဆင်ဆင်တူတာကို တွေ့ရှိရမှာ ဖြစ်ပြီး အချိုးကျ ပြေပြစ်လှသဖြင့် ပုဂံခေတ် ဗိသုကာလက်ရာ၏ ခမ်းနားမှုကို တွေ့နိုင်သည်။
ရှေးသမိုင်း ကျမ်းဂန်များအဆိုအရ မင်္ဂလာစေတီတော်ကြီးကို တည်ထားခဲ့သော နရသီဟပတေ့မင်းသည် ဗျာဒိတ်ရ မင်းတပါးဟုလည်း ဆိုကြပါသည်။
ဗုဒ္ဓမြတ်စွာ တန့်ကြည်တောင်သို့ ကြွရောက်လာစဉ် နရသီဟပတေ့မင်းသည် တောင်စောင့်ဘီလူး ဖြစ်နေသည်ဟု ဆိုပါသည်။ ဗုဒ္ဓအား အင်ဖက်သုံးချပ်ကို ထီးသဖွယ်ပြုလုပ်ပြီး အရိပ်ကာပေးခဲ့သည်ကို အကြောင်းပြု၍ ဗုဒ္ဓက ဤဘီလူးသည်ကား ပုဂံပြည်ကြီးတွင် မင်းသုံးဆက်ဖြစ်လတ္တံ့ဟု မိန့်ခဲ့သည်။ ထိုမင်းသုံးဆက်မှာ စလေငခွေး၊ တရုတ်ပြေးမင်း (နရသီဟပတေ့) နှင့် ကုလားကျမင်း (နရသူ) တို့ ဖြစ်လေသည်။
နရသီဟပတေ့မင်း၏ ဆင်ခြင်တုံတရား၊ သံခင်းတမန်ခင်း ဆက်ဆံရာတွင် စိတ်လိုက်မာန်ပါ ထင်သလို တုန့်ပြန်မှုတို့က ပုဂံပြည်ကြီး အပျက်နိဂုံးချုပ်ဖို့ရာ အကြောင်းဖန်လာခဲ့ခြင်းဖြစ်
နရသီဟပတေ့မင်း၏ ဆင်ခြင်တုံတရား၊ သံခင်းတမန်ခင်း ဆက်ဆံရာတွင် စိတ်လိုက်မာန်ပါ ထင်သလို တုန့်ပြန်မှုတို့က ပုဂံပြည်ကြီး အပျက်နိဂုံးချုပ်ဖို့ရာ အကြောင်းဖန်လာခဲ့ခြင်းဖြစ်သလို၊ သမိုင်းတွင်လည်း တရုတ်ပြေးမင်းအဖြစ် ကဗ္ဗည်းတွင်စေခဲ့ပြီး သမိုင်းတရားခံမင်းတပါးအဖြစ် ထင်ရှားသွားခဲ့လေသည်။
ကျောက်စာထဲတွင် နရသီဟပတေ့မင်း၏ ဂုဏ်ပုဒ်ကို ဤသို့ဆိုထားသည်ကို တွေ့ရပေမည်။
ဟင်းခွက်သုံးရာဖြင့် ပွဲတော်တည်သည့်မင်း ဟူ၍လည်းကောင်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသော ဘုရင်ဟူ၍လည်းကောင်း ရေးထိုးထားသည်ကိုတွေ့ရှိရပါသည်။
ဆရာကြီးပါရဂူကတော့ ယင်းဂုဏ်ပုဒ်နှစ်ခုကို ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု သူ၏ ပုဂံခရီးသည် စာအုပ်တွင် ရေးထားခဲ့သည်။
“ယင်းဂုဏ်ပုဒ်နှစ်ခုမှာ တခုနှင့်တခု ဆန့်ကျင်ဘက်ဖြစ်နေသည်။ နိဗ္ဗာန်ကို ရောက်လို၊ ရလိုသူသည် အာသာရမ္မက်ကို ပယ်ဖျက်ရသည်။ အာသာရမ္မက် မပယ်ဖျက်နိုင်သူသည် နိဗ္ဗာန်နှင့်အလှမ်းဝေးသည်”
ပုဂံသည် ကြီးကျယ်မြင့်မြတ်ခမ်းနားသလောက် သမိုင်း၏ကောင်းကျိုးဆိုးကျိုးများကို မှတ်တမ်းတင်ထားသည့် နေရာတခုဟု ဆိုနိုင်လိမ့်မည်။
ပုဂံပြည်၏ အထင်ကရမင်းတပါးဖြစ်သည့် နရသီဟပတေ့မင်း၏ ကောင်းမှုဖြင့် မင်္ဂလာစေတီကို တည်ထား ကိုးကွယ်ခဲ့သော်လည်း ပညတ်သွားရာ ဓာတ်သက် မပါခဲ့လေသလား မသိနိုင်။
ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်ထီးနန်း၊ ကိုယ့်သမိုင်း၊ ကိုယ့်ယဉ်ကျေးမှုအားလုံးသည် နောက်ဆုံးတော့ မွန်ဂိုစစ်သည်များ လက်အောက်ကျရောက်သွားခဲ့ရသည် မဟုတ်ပါလား။
တိုင်းပြည်တွင် ဘယ်မင်းတက်တက် ဘုရားတည်ခြင်ကို အားပြု၍လုပ်ကြသည်။ ခေတ်အဆက်ဆက် မြန်မာပြည်ကို အုပ်ချုပ်ခဲ့သူတိုင်း ဘုရားတည်ခဲ့ကြသည်။
စာရေးသူတို့ တိုင်းပြည်တွင် ဘယ်မင်းတက်တက် ဘုရားတည်ခြင်းကို အားပြု၍လုပ်ကြသည်။ ခေတ်အဆက်ဆက် မြန်မာပြည်ကို အုပ်ချုပ်ခဲ့သူတိုင်း ဘုရားတည်ခဲ့ကြသည်။ အထူးသဖြင့် ထိုမင်းအစိုးရတို့ ကိုးကွယ်သော ဆရာတော်များ၏ သြဝါဒ လမ်းညွှန်မှုအောက်တွင် အတိတ်တဘောင်များဖြင့် တည်ထားကိုးကွယ်ခဲ့ကြသော စေတီများ မြန်မာပြည်တွင် အထင်အရှားရှိပါသည်။
သိရီမင်္ဂလာ ကမ္ဘာအေး စေတီကို ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းအဓိဌာန်ဖြင့် ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် ၁၉၅၂ ခုနှစ်တွင် ထီးတော်တင်လှူခဲ့သည်။ မဆလပါတီဥက္ကဋ္ဌ ဦးနေဝင်းလက်ထက် ၁၉၈၀ ပြည့်နှစ်တွင် မဟာဝိဇယစေတီကို တည်ထားကိုးကွယ်ခဲ့ပြီး ဦးနေဝင်းတည်သည့် ဘုရားဟု လူသိများကြသည်။ နဝတ၊ နအဖ လက်ထက်တွင် စွယ်တော်စေတီနှင့် နေပြည်တော်တွင် ရွှေတိဂုံပုံတူ ဥပ္ပါတသန္တိ စေတီတော်တို့ကို တည်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရအုပ်ချုပ်စဉ်ကာလတွင် ဆရာတော်များ၏ ဦးဆောင်မှုဖြင့် ငြိမ်းချမ်းရေး စေတီတော်ကြီး တည်ဆောက်ခဲ့သော်လည်း တည်ဆဲ ကာလမှာပင် အာဏာသိမ်းခံခဲ့ရလေသည်။
ပါလီမန် ဒီမိုကရေစီခေတ်က ဝန်ကြီးချုပ် ဦးနု တည်ထားခဲ့သည့် သိရီမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီးက ပညတ်နှင့် ဓာတ်သက်တို့တထပ်တည်း ကျခဲ့လေသလား
ပါလီမန် ဒီမိုကရေစီခေတ်က ဝန်ကြီးချုပ် ဦးနု တည်ထားခဲ့သည့် သိရီမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီးက ပညတ်နှင့် ဓာတ်သက်တို့တထပ်တည်း ကျခဲ့လေသလား မပြောတတ်သော်လည်း ၁၉၆၂ တွင် အာဏာ အရပ်ရပ်တို့ကို သိမ်းယူသည့် ဗိုလ်ချုပ်ကြီးနေဝင်းကြောင့် မြန်မာပြည်တလွှား အာဏာရှင်ကို ဆန့်ကျင်သော လက်နက်ကိုင် အဖွဲ့စည်းများစွာ ပေါ်ထွက်လာခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ရည်စူးပြီး စေတီ တည်ထားခဲ့သည်ဆိုသည့် ပညတ်က မြန်မာပြည် အေးငြိမ်းချမ်းသာစေမည့် ဓာတ်သက်ပါခဲ့ပုံမပေါ်ပေ။
အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက် ၁၉၈၀ ပြည့်နှစ်တွင် မဟာဝိဇယစေတီတော်ကို တည်ထားစဉ်က အမည်နာမ ဘွဲ့တော်ပေးသည်ကအစ ဗေဒင်နက္ခတ်၊ ယတြာစသည်တို့ဖြင့် သေချာတွက်ချက်ပြီးမှ ‘မဟာ’ ကြီးကျယ်သော မြင့်မြတ်သော၊ ‘ဝိဇယ’ ထူးကဲစွာအောင်မြင်ခြင်းဟု အဓိပ္ပာယ် ဆောင်သည့် မဟာဝိဇယ စေတီတော်ကြီးကို ရန်ကုန်တိုင်း ဒဂုံမြို့နယ် ရွှေတိဂုံဘုရား၏ တောင်ဘက်မုခ်ဦးနှင့် မျက်စောင်းထိုး ဓမ္မရိက္ခိတ ကုန်းတော်ပေါ်တွင် တည်ထားခဲ့လေသည်။
ဦးနေဝင်း၏ ဘဝနေဝင်ချိန်သည် သူ၏ နေအိမ်အကျယ်ချုပ်ကာလတွင် ဖြစ်ပွားခဲ့ပြီး ဈာပန အခန်းအနားကို မိသားစုဝင် အနည်းငယ်မျှနှင့်သာ အကျဉ်းရုံး ပြုလုပ်ခဲ့ရလေသည်။
သို့သော်လည်း ၁၉၈၈ ဒီမိုကရေစီ လူထုအုံကြွမှုကြီး အပြီးတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တပါတီအာဏာရှင်စနစ် ပျက်သုဉ်းသွားခဲ့သည်။ တချိန်က ကြီးမြတ်အောင်မြင်ခဲ့သော မဟာအာဏာရှင်ကြီး ဦးနေဝင်း၏ ဘဝနေဝင်ချိန်သည် သူ၏ နေအိမ်အကျယ်ချုပ်ကာလတွင် ဖြစ်ပွားခဲ့ပြီး ဈာပန အခန်းအနားကို မိသားစုဝင် အနည်းငယ်မျှနှင့်သာ အကျဉ်းရုံး ပြုလုပ်ခဲ့ရလေသည်။
တချိန်က လာဘ်ရွှင် ကံကောင်းခဲ့သော ဗိုလ်ချုပ်ခင်ညွန့် တယောက် ၂၀၀၄ ခုနှစ်တွင် ကံမကောင်းအကြောင်းမလှစွာ အဖမ်းခံရကာ နေအိမ်အကျယ်ချုပ်ချခံ ခဲ့ရသည်။
အလားတူပင် ၁၉၈၈ ခုနှစ်နောက်ပိုင်း တက်လာသည့် စစ်အစိုးရလက်ထက်တွင်လည်း ခေတ်အဆက်ဆက် အုပ်ချုပ်မင်းလုပ်ခဲ့သူများ နည်းတူ ရန်ကုန်၊ မန္တလေးမြို့များတွင် တရုတ်ပြည်မှ ပင့်လာသော စွယ်တော်၏ နံဘေး စွယ်တော်ပွားများကို ဌာပနာထားပြီးစွယ်တော်စေတီတော်ကို တည်ထားခဲ့ကြလေသည်။ ထို့နောက် ထောက်လှမ်းရေးညွှန်ချုပ် ဗိုလ်ချုပ်ခင်ညွန့်က ရန်ကုန်တိုင်း အင်းစိန်မြို့နယ်အတွင်းရှိ မင်းဓမ္မကုန်းမြေ အမည်တွင်သော နေရာတွင် ဘေးဘယာကင်းပြီး လာဘ်ရွှင် ကံကောင်းစေရန် အလို့ငှာ ရည်ရွယ်ပြီး အဘယာလာဘမုနိ ဘုရားကို တည်ထားခဲ့ပြန်သည်။ တချိန်က လာဘ်ရွှင် ကံကောင်းခဲ့သော ဗိုလ်ချုပ်ခင်ညွန့် တယောက် ၂၀၀၄ ခုနှစ်တွင် ကံမကောင်းအကြောင်းမလှစွာ အဖမ်းခံရကာ နေအိမ်အကျယ်ချုပ်ချခံ ခဲ့ရသည်။
NLD အစိုးရလက်ထက်တွင်လည်း ထင်ရှားသည့် ဆရာတော်တပါးက ဦးဆောင်မတည်ကာ မြန်မာပြည်တခွင် သင့်မြတ်ငြိမ်းချမ်းစေဖို့ အလို့ငှာရည်ရွယ်ပြီး ငြိမ်းချမ်းရေး စေတီတော်ကို တည်ခဲ့သည်။
NLD အစိုးရလက်ထက်တွင်လည်း ထင်ရှားသည့် ဆရာတော်တပါးက ဦးဆောင်မတည်ကာ မြန်မာပြည်တခွင် သင့်မြတ်ငြိမ်းချမ်းစေဖို့ အလို့ငှာရည်ရွယ်ပြီး ငြိမ်းချမ်းရေး စေတီတော်ကို တည်ခဲ့သည်။ တည်လို့ မပြီးဆုံးသေးခင်မှာပင် အာဏာထိန်းခံခဲ့ရကာ အကျဉ်းကျခဲ့ရပြန်သည်။
မြန်မာပြည်တွင် ရှေးဟောင်းဘုရားများစွာ ရှိပြီးဖြစ်သော်လည်း တက်လာသည့် အုပ်ချုပ်သူအဆက်ဆက် ၎င်းတို့ကိုးကွယ်သော မင်းဆရာဘုန်းတော်ကြီးများ၏ လမ်းညွှန်အခါပေးမှုတို့ဖြင့် ဘုရားတည်ခဲ့ ကြသည်။ သို့သော်လည်း ထိုဘုရားစေတီပုထိုးများ၏ ဘွဲ့တော်များသည် ပညတ်သွားရာ ဓာတ်သက်မပါခဲ့လေသလား မသိနိုင်ပေ။ မြန်မာပြည်ကြီး အခုထိ မငြိမ်းချမ်းသေးတာကတော့ အမှန်ပင် ဖြစ်လေသည်။
(The Myanmar Peace Narrative မှ ရေးသားတင်ဆက်သည်)။
You may also like these stories:
စစ်ပြေးဒုက္ခသည်များအရေး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဘာလုပ်သင့်လဲ
အာဏာသိမ်း စစ်အုပ်စု လက်ခုပ်ထဲက ဘာသာရေး လွတ်လပ်ခွင့်
စစ်ခေါင်းဆောင်များ၏ အကျွမ်းကျင်ဆုံး အလုပ်