ဆီးရီးယန်းအရပ်သားတွေကို ကူညီကာကွယ်ပေးနေတဲ့ ဦးထုပ်ဖြူအဖွဲ့ (The White Helmets) ဟာ ဆီးရီးယား အနောက်မြောက်ပိုင်း အလက်ပိုဒေသမှာ နှင်းမုန်တိုင်းကြောင့် လမ်းပေါ်မှာ ပိတ်ဆို့နေတဲ့နှင်းတွေကို နာရီ ၄၀ နီးပါးလောက်ကြာအောင် ဖယ်ရှားနေတုန်း၊ နှင်းမုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေကို ကူညီနေတုန်းမှာပဲ ငလျင်သတင်းကြောင့် အလက်ပိုမြောက်ပိုင်းက ရာဂျူးမြို့ဆီကို ပြေးရပြန်ပါတယ်။
တူရကီအရှေ့ပိုင်းနဲ့ ဆီးရီးယားအနောက်မြောက်ပိုင်းမှာ ဖေဖော်ဝါရီ ၆ ရက် မနက်အစောပိုင်းက လှုပ်သွားတဲ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် ဒဏ်ရာရ သေဆုံးတဲ့လူတွေ ထောင်ပေါင်းများစွာ ရှိခဲ့တယ်။ ဦးထုပ်ဖြူအဖွဲ့ဟာ ငလျင်လှုပ်ပြီး နာရီပိုင်းအတွင်းမှာပဲ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေ၊ လူမှုရေးအဖွဲ့တွေ၊ လူသားချင်း စာနာထောက်ပံ့မှုပေးနိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးကို ရှိသမျှ အရင်းအမြစ်တွေအားလုံး မျှဝေစိုက်ထုတ်ပြီး ဝိုင်းဝန်းကူညီကြဖို့ ဖိတ်ခေါ်လိုက်တယ်။
တပြိုင်တည်းမှာပဲ နိုင်ငံတကာ ကူညီထောက်ပံ့ရေးအေဂျင်စီတွေက အကူအညီတွေကို ဖိတ်ခေါ်သလို နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း အာဆတ်အစိုးရနဲ့ သူ့မဟာမိတ်ရုရှားကို ငလျင်ဘေးဒဏ်သင့်နေရာတွေ လုံးဝ ဗုံးမကြဲအောင် တားဆီးပေးဖို့ တောင်းဆိုခဲ့တယ်။
ဆိုးဝါးပြင်းထန်လှတဲ့ ဆောင်းရာသီရဲ့ တပေါက်ပေါက်ကျနေတဲ့ နှင်းစက်တွေအောက်မှာ အပျက်အစီးပုံတွေ၊ အတုံးအရုံးလဲပြိုနေတဲ့ အဆောက်အအုံပျက်တွေနဲ့ အဲဒီအောက်က ငိုသံတွေ၊ ညည်းသံတွေ၊ ကူပါကယ်ပါ တစာစာအော်သံတွေဟာ ဦးထုပ်ဖြူအဖွဲ့သားတွေအတွက် သွေးပျက်စရာဖြစ်ခဲ့တယ်။ အဲဒီအသံတွေဟာ ထောင်သောင်းချီပြီး ပျောက်နေတဲ့သူတွေ၊ အသက်မသေသေးဘဲ အပျက်အစီးပုံတွေအောက်မှာ ပိတ်မိနေတဲ့သူတွေ အများကြီး ရှိနေသေးတယ်ဆိုတာကို သက်သေပြနေသလိုပါပဲ။
ဦးထုပ်ဖြူအဖွဲ့သားတွေဟာ အပျက်အစီးပုံကြားက ဒဏ်ရာရတဲ့သူတချို့ကို အချိန်မီ ကယ်တင်နိုင်ခဲ့တယ်။ ရာနဲ့ချီတဲ့ ရုပ်အလောင်းတွေကို ဆွဲထုတ်ရတယ်။ ငလျင်ဒဏ်ကြောင့် တချို့မိသားစုလိုက် သေဆုံးသွားကြတယ်။ တချို့မိသားစုလိုက် ရှင်သန်ကျန်ရစ်ခဲ့တယ်။ ကယ်ဆယ်ရေးလုပ်နေတုန်း မွန်းလွဲပိုင်းအချိန်မှာပဲ ငလျင်က နောက်တကြော့ ထပ်လှုပ်လိုက်ပြန်တယ်။
ဦးထုပ်ဖြူအဖွဲ့သားတွေဟာ အပျက်အစီးပုံကြားက ဒဏ်ရာရတဲ့သူတချို့ကို အချိန်မီ ကယ်တင်နိုင်ခဲ့တယ်။ ရာနဲ့ချီတဲ့ ရုပ်အလောင်းတွေကို ဆွဲထုတ်ရတယ်။ ငလျင်ဒဏ်ကြောင့် တချို့မိသားစုလိုက် သေဆုံးသွားကြတယ်။
ပထမရက်မှာတင် မြေပေါ် ဗုန်းဗုန်းလဲသွားတဲ့ အဆောက်အအုံပေါင်း ၁၃၃ လုံးလောက်နဲ့ တဝက်တပျက် ပျက်စီးသွားတဲ့ အဆောက်အအုံပေါင်း ၂၇၀ ကျော် တွေ့ရတယ်လို့ ဦးထုပ်ဖြူအဖွဲ့ရဲ့ Twitter စာမျက်နှာမှာ ရေးထားပါတယ်။ အသက်မသေဘဲ ကျန်ရစ်ခဲ့တဲ့ ဖခင်တယောက်က အဆောက်အအုံပျက်နံရံတွေကို ထုထုပြီး အထဲမှာ ပိတ်မိနေတဲ့ သားသမီးတွေကို တကြော်ကြော်အော်ခေါ်နေတဲ့ မြင်ကွင်းက ရင်ဆို့စရာမြင်ကွင်းတခုပါပဲ။
ဦးထုပ်ဖြူအဖွဲ့သားတွေဟာ စိတ်ခြောက်ခြားစရာ လူသေအလောင်းတွေကို တချိန်လုံးတွေ့နေရတဲ့ကြားထဲကပဲ စစ်ဘေးရှောင်ကလေးလေး “အာမက်” ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်။ ကလေးထိန်းတယောက်က သူ့ခန္ဓာကိုယ်နဲ့ အုပ်မိုးကာကွယ်ထားခဲ့လို့ အပျက်အစီးပုံတွေကြားမှာ အသက်မသေဘဲကျန်ခဲ့တဲ့ လူမမယ်ကလေးငယ် တယောက်ကိုလည်း ကယ်တင်နိုင်ခဲ့တယ်။

ကယ်ဆယ်ရေးလုပ်သားနဲ့ ကယ်တင်ရတဲ့သူတွေ မမျှတာကြောင့် ဦးထုပ်ဖြူအဖွဲ့သားတွေဟာ နာရီပေါင်းများစွာ မနေမနား အလုပ်လုပ်ခဲ့ရတယ်။ ဒါပေမယ့် အဆောက်အအုံပျက်တွေထဲမှာ ပိတ်မိနေတဲ့သူတွေရဲ့ ခေါ်သံတွေက သူတို့ကို “အချိန်မရှိတော့ဘူး၊ မြန်မြန်ကယ်မှဖြစ်မယ်” လို့ စက္ကန့်နဲ့အမျှ သတိပေးနေသလိုပါပဲ။
တကယ်တော့ ကယ်ဆယ်ရေးလုပ်ငန်းဆိုတာ လွယ်ကူလှတာတော့ မဟုတ်ပါဘူး။ သူတို့အသက်နဲ့ရင်းပြီး လုပ်ရတဲ့ အလုပ်ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်နေရင်းကနေ ကိုယ်ကိုယ်တိုင် ဒုက္ခရောက်သွားရတဲ့၊ အသက်ပေးသွားရတဲ့ ကယ်ဆယ်ရေးလုပ်သားတွေလည်း ရှိပါတယ်။ မိုဟာမက်ရှရစ်(ဖ်)၊ ဖါတီမာ၊ ဒါဟိအယ်ရှိတ်ကာနဲ့ ခါလိုင်းတိုကာ(ဂျ်)တို့ လေးယောက်ဟာ ကယ်ဆယ်ရေးလုပ်ရင်း အသက်ပေးသွားရတဲ့ ဗော်လန်တီယာ ဦးထုပ်ဖြူအဖွဲ့သားတွေ ဖြစ်ပါတယ်။
ဘယ်လိုဒုက္ခတွေပဲတွေ့တွေ့ ကလေးငယ်လေးတယောက်ကို ကယ်ဆယ်နိုင်လိုက်တိုင်း သူတို့ဟာ အပျော်ကြီးပျော်ကြတယ်။ ဒီလိုတဒင်္ဂလေးက သူတို့ ကယ်ဆယ်ရေးကို ရှေ့ဆက်ဖို့ မျှော်လင့်ချက်တွေပေးနိုင်လို့ Moments of hope လို့ သူတို့တင်စားကြတယ်။ ဒီလိုနဲ့ သူတို့ဟာ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ “ဂျာနာ”၊ ၈ ရက်နေ့မှာ “လီလီ” စတဲ့ ကလေးငယ်တွေအပြင် ကလေးငယ်လေးနှစ်ယောက် ပါဝင်တဲ့ မိသားစုတစုလုံးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့လို့ နောက်ထပ်လူ့အသက်တွေ အများကြီး ကယ်ဆယ်နိုင်လိမ့်ဦးမယ်ဆိုတဲ့ မျှော်လင့်ချက် ပိုကြီးလာခဲ့တယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့က “ရှမ်” ဆိုတဲ့ ကလေးမလေးနဲ့ သူ့အစ်ကိုကို အပျက်အစီးပုံထဲက အသက်ရှင်လျက် ဆွဲထုတ်နိုင်ဖို့ ကယ်ဆယ်ရေးလုပ်ရတာ ၆ နာရီလောက် ကြာခဲ့ပါတယ်။ “ရှမ်” ရဲ့ လက်တဖက်က ကောင်းကောင်း မလှုပ်နိုင်တော့သလို သူ့ခန္ဓာကိုယ်အောက်ပိုင်းက အပျက်အစီးပုံအောက်မှာ ပိနေတယ်။ သူ့အစ်ကိုကလည်း သူ့လိုပဲ အပျက်အစီးပုံအောက်မှာ မလှုပ်နိုင်ဘူး။ သူတို့ဟာ တယောက်ကိုတယောက် မမြင်ရပေမယ့် အမှောင်ထဲမှာ အသံပေးပြီး ရှင်သန်အောင်နေကြတယ်။
“ရှမ့်” အစ်ကိုက ကယ်ဆယ်ရေးလုပ်သားတွေကို ပြောတယ်။ “ရှမ်က တနေ့မှာ ဦးထုပ်ဖြူအဖွဲ့ဝင်ဖြစ်ချင်တာ”တဲ့။ ကယ်ဆယ်ရေးလုပ်သားတယောက်က ရှမ့်ကို သီချင်းလေး တညည်းညည်းနဲ့ စိတ်သက်သာရာရအောင် လုပ်ပေးခဲ့တယ်။ သူ့သီချင်းစာသားက ရိုးရိုးလေးပါပဲ။ “အို … ရှမ် … မင်းလေးက ငါတို့ရဲ့ ရှမ်ပါ” တဲ့။
“ရှမ့်” အစ်ကိုက ကယ်ဆယ်ရေးလုပ်သားတွေကို ပြောတယ်။ “ရှမ်က တနေ့မှာ ဦးထုပ်ဖြူအဖွဲ့ဝင်ဖြစ်ချင်တာ”တဲ့။ ကယ်ဆယ်ရေးလုပ်သားတယောက်က ရှမ့်ကို သီချင်းလေး တညည်းညည်းနဲ့ စိတ်သက်သာရာရအောင် လုပ်ပေးခဲ့တယ်။
“ရာဒီ” ဆိုတဲ့ ဦးထုပ်ဖြူအဖွဲ့ဝင် တယောက်ကတော့ “မစ်ရှင်တိုင်းမှာ ငါတို့အသက်ရှင်ဖို့နဲ့ သေဖို့ရာခိုင်နှုန်းက ငါးဆယ် ငါးဆယ်ပဲ။ ဒါပေမယ့် နောက်ဆုံးတော့ ဒီလိုပဲ စိတ်ပိုင်းဖြတ်ထားတယ်။ ကလေးတွေကို ရှင်သန်အောင် ကယ်ဆယ်နိုင်ခဲ့ရင် ငါတို့ရဲ့အနာဂတ်က ပြီးပြည့်စုံသွားမှာပဲဆိုတဲ့ စိတ်တခုနဲ့ ဆက်လုပ်ခဲ့တယ်” လို့ ပြောပါတယ်။
တကယ်တော့ ဆီးရီးယားဆိုတာ ကျဆုံးနိုင်ငံတခုလို့ပဲ လူအတော်များများက သိထားကြပါတယ်။ ဒါပေမယ့် ကျဆုံးနိုင်ငံထဲမှာပဲ မကျဆုံးသေးတဲ့ သူရဲကောင်းတွေ အများကြီး ရှိနေသေးတယ်ဆိုတာကို ဒီသဘာဝ ဘေးဒဏ်ကြီးက သက်သေပြလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ဦးထုပ်ဖြူအဖွဲ့သားတွေဟာ “ကရမ်” ဆိုတဲ့ ကလေးငယ်လေးတယောက်ကို ထပ်ကယ်နိုင်ခဲ့ပါတယ်။ “ကရမ်” ရဲ့ ချစ်စဖွယ်အပြုံးနဲ့ ကယ်ဆယ်ရေးလုပ်သားတွေကို တရင်းတနှီး ရိုက်ပုတ်နှုတ်ဆက်လိုက်တဲ့ အပြုအမူက ဦးထုပ်ဖြူသူရဲကောင်းတွေအတွက် အားဆေးအကြီးကြီးတခွက် ဖြစ်ရပြန်ပါတယ်။
သူတို့ကယ်ဆယ်ခဲ့တဲ့သူတွေက တချိန်မှာ ဆီးရီးယားရဲ့ အနာဂတ်ကို လှပအောင်ထုဆစ်နိုင်မယ့် မျိုးဆက်သစ်တွေ ဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဦးထုပ်ဖြူအဖွဲ့သားတွေဟာ အပျက်အစီးပုံကြီးတွေအောက်က သူတို့ရဲ့အနာဂတ်ကို ဆက်ပြီး တူးဆွနေကြတုန်းပါပဲ။
သူတို့ကယ်ဆယ်ခဲ့တဲ့သူတွေက တချိန်မှာ ဆီးရီးယားရဲ့ အနာဂတ်ကို လှပအောင်ထုဆစ်နိုင်မယ့် မျိုးဆက်သစ်တွေ ဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဦးထုပ်ဖြူအဖွဲ့သားတွေဟာ အပျက်အစီးပုံကြီးတွေအောက်က သူတို့ရဲ့အနာဂတ်ကို ဆက်ပြီး တူးဆွနေကြတုန်းပါပဲ။
ဆီးရီးယားဖြစ်ရပ်ဟာ ကျဆုံးနိုင်ငံဖြစ်ဖို့ ဦးတည်နေတဲ့ ကျမတို့နိုင်ငံအတွက်လည်း သင်ခန်းစာယူစရာ ဖြစ်ပါတယ်။ နိုင်ငံတခုကျဆုံးခြင်း၊ အောင်မြင်ခြင်းဆိုတာက နိုင်ငံသားတဦးချင်း တယောက်ချင်းစီက ထိန်းချုပ်ဖန်တီးနိုင်တဲ့ ကိစ္စမဟုတ်တာ သေချာပါတယ်။ ဆိုးရွားတဲ့အကြောင်းရင်းများစွာ ပေါင်းဆုံသွားတဲ့အခါ ကျဆုံးနိုင်ငံဖြစ်ရတဲ့ ဖြစ်ရပ်တွေရှိသလို၊ ကောင်းမွန်တဲ့ အကြောင်းရင်းတွေ များလာတဲ့အခါမှာလည်း တိုးတက်အောင်မြင်တဲ့ နိုင်ငံတခုဖြစ်လာတဲ့ သာဓကတွေ ကျမတို့ပတ်ဝန်းကျင်နိုင်ငံတွေမှာ တွေ့နိုင်ပါတယ်။ ဥပမာ ဗီယက်နမ်လို၊ ကမ္ဘောဒီးယားလို၊ တရုတ်ပြည်လို၊ အိန္ဒိယလို အစရှိသဖြင့်ပေါ့။
မည်သို့ပင် ကျဆုံးပျက်စီးနေစေကာမူ အဲဒီအပျက်အစီးပုံကြီးတွေ၊ ပြာပုံကြီးတွေအောက်ကပဲ ကျမတို့အနာဂတ်ကို တူးဆွပြီးရှာဖွေကြရမှာပါပဲ။ အဲဒီပြိုကျနေတဲ့ အဆောက်အအုံကြီးတွေအောက်က ကျမတို့ရဲ့ အနာဂတ်မျိုးဆက်တွေကို ကိုယ်တတ်နိုင်တဲ့နည်းလမ်းနဲ့ ကယ်ဆယ်ကြ၊ ထိန်းသိမ်းကြရမှာပါပဲ။ တချိန်တည်းမှာပဲ ကျမတို့ပတ်ဝန်းကျင်က ဦးထုပ်ဖြူသူရဲကောင်းတွေ၊ ဝတ်ရုံဖြူသူရဲကောင်းတွေကိုလည်း အလေးအမြတ် ချစ်ခင်တန်ဖိုးထားနေကြရဦးမှာ အသေအချာပါပဲ။
(The Myanmar Peace Narrative မှ ရေးသားတင်ဆက်သည်။)
ကိုးကား ။ ။ The White Helmets (whitehelmets.org)
You may also like these stories:
တူရကီ ငလျင်လှုပ်ပြီး ၄ ရက်ကြာ ကလေးငယ်တဦးကို အသက်ရှင်လျက် ကယ်တင်
တူရကီနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းမှာ အင်အားပြင်း ငလျင်လှုပ်ခတ်
ငလျင်လှုပ်ရင် ဘယ်လို အကာအကွယ်ယူရမလဲ
အင်ဒိုနီးရှားမှာ အင်အားပြင်း ငလျင်ကြောင့် အနည်းဆုံး လူ ၃၄ ဦး သေဆုံး
ငလျင်ကြောင့် မင်းကွန်း ခြင်္သေ့ကြီး၊ မယ်နုအုတ်ကျောင်းနှင့် စေတီအချို့ ပျက်စီး