ယုံကြည်အားထားလောက်သော အချက်အလက်ကင်းမဲ့သောကြောင့် နိုင်ငံတကာမှ မြန်မာ့အရေးပါဝင်လုပ်ဆောင်သူများ အနေဖြင့် စစ်ကောင်စီအင်အားနှင့် နိုင်ငံ၏ ပဋိပက္ခဖြေရှင်းရာတွင် စစ်တပ်၏ အခန်းကဏ္ဍကို ပိုမိုတွက်ခဲ့ကြသည်။
မြန်မာ့ပြည်တွင်းစစ်ကို အဆုံးသတ်ရန် ကြိုးစားနေသည့် နိုင်ငံတကာမှ ပါဝင်လုပ်ဆောင်သူများသည် အပေါ်ယံအားဖြင့် ကျိုးကြောင်း ဆီလျော်ပုံရသော ယူဆချက်တခု ပြုလုပ်ခဲ့သည်။ စစ်တပ်သည် မပြိုကွဲနိုင်လောက်အောင် အင်အားကြီးမားသောကြောင့် ပဋိပက္ခကို မည်သည့်နည်းဖြင့် ဖြေရှင်းရာတွင်မဆို စစ်အုပ်စုကို အာရုံစိုက်ရန်လိုသည်ဆိုသည့် အယူအဆဖြစ်သည်။ သို့သော် ထိုအယူအဆ မှန်ကန်ပါသလား။
စစ်တပ်သည် လျှို့ဝှက်မှုများ လွှမ်းခြုံနေသည့် ပွင့်လင်းမြင်သာမှုမရှိသော အဖွဲ့အစည်းတခုဖြစ်သောကြောင့် ၎င်း၏ အမှန်တကယ် အရွယ်အစားနှင့် ပတ်သက်သည့်မေးခွန်းမှာ ပဟေဠိ ဖြစ်နေသည်။ အောက်တွင် ရှင်းပြထားသည့်အတိုင်း ခိုင်မာသောအထောက်အထား မရနိုင်သည့် သုတေသီများသည် စစ်တပ်၏ အလွန်မြင့်မားသော လူအင်အားကို ခန့်မှန်းလေ့ရှိခဲ့ကြသည်။ ယခင်က မစဉ်းစားခဲ့သည့် အချက်အလက်များ၊ စစ်သားဟောင်းများကို တွေ့ဆုံမေးမြန်းမှုများနှင့် စစ်ဘက်အတွင်းရေး စာရွက်စာတမ်းများကို ပိုမိုနက်နက်ရှိုင်းရှိုင်း လေ့လာသောအခါ မြန်မာစစ်တပ်သည် စစ်သားမလုံလောက်မှု အလျင်အမြန်ကြီးထွားနေပြီး အရွယ်အစား သေးငယ်လာနေကြောင်း သိရသည်။
ယခင်က မစဉ်းစားခဲ့သည့် အချက်အလက်များ၊ စစ်သားဟောင်းများကို တွေ့ဆုံမေးမြန်းမှုများနှင့် စစ်ဘက်အတွင်းရေး စာရွက်စာတမ်းများကို ပိုမိုနက်နက်ရှိုင်းရှိုင်း လေ့လာသောအခါ မြန်မာစစ်တပ်သည် စစ်သားမလုံလောက်မှု အလျင်အမြန်ကြီးထွားနေပြီး အရွယ်အစား သေးငယ်လာနေကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်သည် အင်အားသိသိသာသာ ကျဆင်းလာသည်ကို သုတေသီများ သဘောတူကြသော်လည်း လက်ရှိတပ်အင်အားနှင့် ပတ်သက်သည့် ယုံကြည်အားထားလောက်သော အချက်အလက်ကင်းမဲ့သောကြောင့် စစ်အာဏာသိမ်းမှုမတိုင်မီက ဖောင်းပွသော အင်အားကိုသာ စံထားတွက်ချက်ကြသည်။ စစ်တပ်၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပတ်သက်သည့် ရနိုင်သမျှ အချက်အလက်များကို နှိုင်းယှဉ်ပြီး တပ်ဖွဲ့အရွယ်အစား သမားရိုးကျ ခန့်မှန်းခြင်းအတွက် ထိုသုတေသီများသည် သံသယဖြစ်ဖွယ်ကောင်းသော ကောက်ချက်များ ပြုလုပ်ခဲ့ကြသည်။
အာဏာမသိမ်းမီက စစ်အင်အားမှာ စုစုပေါင်း ၃ သိန်းမှ ၄ သိန်းအထိရှိသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆကြသည်။ သို့သော် ထိုခန့်မှန်းချက်သည်လည်း အခြေခံအားဖြင့် ယုံကြည်အားထားခြင်း မပြုနိုင်သည့် အချက်အလက်များပေါ်တွင်သာ မူတည်နေသည်။ စစ်တပ်၏ အမှန်တကယ် လူအင်အားသည် ယခင်စံနှုန်း၏ ထက်ဝက်ထက် မကျော်သည်မှာ သေချာသလောက် ဖြစ်နေသည်။
ယခုဆောင်းပါးတွင် ဖော်ပြထားသည့် အခြားနည်းလမ်းဖြင့် တွက်ချက်မှုသည် စစ်တပ်မှ ထွက်ပြေးလာသူများ၊ ဘက်ပြောင်းလာသူများနှင့် ကျယ်ပြန့်သော တွေ့ဆုံမေးမြန်းမှုများ၊ တပ်တွင်းညွှန်ကြားချက်များနှင့် အစည်းအဝေးမှတ်တမ်းများကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း၊ တပ်လှုပ်ရှားမှုနှင့် အရွယ်အစားဆိုင်ရာ သမိုင်းမှတ်တမ်းများ၊ အခြေခံ ပဋိပက္ခအချက်အလက်များမှ ထိခိုက်သေဆုံးမှုများနှင့် စစ်ဆေးရုံမှတ်တမ်းများအပေါ် အခြေခံသည်။
စစ်တပ်၏ လက်ရှိလူအင်အားသည် ၁၅၀,၀၀၀ ခန့်သာရှိသည်ဟု စာရေးသူ ကောက်ချက်ချသည်။ ၎င်းတို့အနက် ၇၀,၀၀၀ ခန့်သည် တိုက်ခိုက်ရေးစစ်သားများ ဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိခိုက်သေဆုံး၊ ထွက်ပြေးသူများနှင့် ဘက်ပြောင်းသူတပ်ဖွဲ့ဝင် အနည်းဆုံး ၂၁,၀၀၀ ရှိသည်။ ထိုတပ်ဖွဲ့အင်အားဖြင့် စစ်တပ်သည် အစိုးရတခုထက် များစွာနိမ့်ကျသည့် တိုက်ခိုက်ရေးတပ်အဖြစ် အသက်ဆက်ရန် ခက်ခက်ခဲခဲလုပ်နေရသည်။
အင်အားချိနဲ့နေသည့် စစ်တပ်သည် ခုခံတော်လှန်ရေး လှုပ်ရှားမှုကို ကျော်ဖြတ်ပြီး ၎င်း၏ အုပ်ချုပ်သူအခန်းကဏ္ဍကို ခိုင်မာအောင်လုပ်နိုင်မည်ဟု ယူဆလျှင် ကျိုးကြောင်းဆီလျော်မှု မရှိတော့ပေ။
အင်အားချိနဲ့နေသည့် စစ်တပ်သည် ခုခံတော်လှန်ရေး လှုပ်ရှားမှုကို ကျော်ဖြတ်ပြီး ၎င်း၏ အုပ်ချုပ်သူအခန်းကဏ္ဍကို ခိုင်မာအောင်လုပ်နိုင်မည်ဟု ယူဆလျှင် ကျိုးကြောင်းဆီလျော်မှု မရှိတော့ပေ။ ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်တပ်ကို အနိုင်ရမည့်အင်အားစု၊ တည်ငြိမ်မှုထိန်းပေးနိုင်သည့် တခုတည်းသော အင်အားစုအဖြစ် ထိတွေ့ဆက်ဆံခြင်း ရပ်ဆိုင်းသင့်သည်။ ထိုသို့ယူဆခြင်းသည် အတိုက်အခံကို ၎င်းတို့ချေမှုန်းနိုင်မည်ဆိုသည့် ဗိုလ်ချုပ်များ၏ ထင်ယောင်ထင်မှားဖြစ်မှုကို အားပေးပြီး တွေ့ဆုံဆွေးနွေးရေးစားပွဲသို့ စစ်ကောင်စီကို ခေါ်ယူရာတွင် နှောင့်နှေးမှုများကိုသာ ဖြစ်စေသည်။
ရုန်းကန်နေရသော စစ်တပ်ဖွဲ့စည်းပုံ
အာဏာမသိမ်းမီက တပ်အင်အားခန့်မှန်းချက်များသည် အတော်အတန် ကျဉ်းမြောင်းသည့် အကန့်အသတ်အတွင်းတွင်သာ ကျရောက်နေသည်။ ကမ္ဘာတဝန်းမှ စစ်တပ်များ၏အင်အားကို နှစ်စဉ် ဖော်ပြသည် ဝက်ဘ်ဆိုက်တခုဖြစ်သော GlobalFirepower.com က ၂၀၂၁ ခုနှစ်တွင် မြန်မာစစ်တပ် စစ်အင်အားကို ၄ သိန်းဟု တွက်ချက်သည်။ အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန အချက်အလက်ဆိုင်ရာမှတ်တမ်း (CIA’s the World Factbook) တွင်လည်း အာဏာမသိမ်းမီက မြန်မာစစ်တပ်တွင် “ခန့်မှန်းခြေ ၃ သိန်းမှ ၄ သိန်းအထိ ရှိနိုင်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်း” သည်။ အခြား ခန့်မှန်းတွက်ချက်မှုများတွင် မြန်မာစစ်တပ်၏ စစ်အင်အားသည် ၃ သိန်းမှ ၃ သိန်းခွဲအကြား ရှိသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် စစ်တပ်သည် ဖွဲ့စည်းပုံ သိသိသာသာ တိုးချဲ့သော်လည်း အချိုးအစားညီ တပ်အင်အားတိုးချဲ့ခြင်း မရှိခဲ့ပေ။
ထို့ကြောင့်ပင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် ကျယ်ပြန့်ရှည်ကြာသော ပဋိပက္ခတွင် လက်နက်အင်အားနိမ့်သော ခုခံတော်လှန်ရေး အလျင်အမြန်ကျဆုံးမည်ဟု ဟောကိန်းထုတ်ခဲ့ကြသည့် ထိုသုတေသီအများအပြားကို တုန်လှုပ်စေခဲ့သည်။ ထိုအချက်ကြောင့် စစ်တပ်၏ အမှန်တကယ် အရွယ်အစားနှင့် ပတ်သက်သည့် ဆွေးနွေးငြင်းခုန်မှုသစ်များကို ဖြစ်စေသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် စစ်တပ်သည် ဖွဲ့စည်းပုံ သိသိသာသာ တိုးချဲ့သော်လည်း အချိုးအစားညီ တပ်အင်အားတိုးချဲ့ခြင်း မရှိခဲ့ပေ။ ခြေလျင်တပ်ရင်းအရေအတွက်သည် ၁၉၈၈ ခုနှစ်တွင် ၁၆၈ ရင်းသာရှိရာမှ ၂၀၀၇ ခုနှစ်တွင် ၅၀၄ ရင်းအထိ ရှိလာသော်လည်း စီစဉ်ထားသည့် နောက်ထပ် လူအင်အားကို မည်သည့်အခါကမှ မတိုးချဲ့ခဲ့ဘဲ တပ်ရင်းများတွင် လူအင်အားလွန်စွာနည်းနေသည်။
တပ်မတော်ကို တည်ဆောက်ခြင်း (Building the Tatmadaw) စာအုပ်ကို ရေးသားသူ မောင်အောင်မျိုးက “၁၉၈၈ ခုနှစ်တွင် တပ်ရင်းတရင်း၏ လူအင်အားသည် ၇၇၇ ဦးဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်များအလယ်တွင် တပ်ရင်းတရင်း၏ လူအင်အားကို ၈၁၄ ဦးအထိတိုးချဲ့ပြီး ၂၀၀၁ ခုနှစ် တပ်ရင်းတရင်း၏ လူအင်အားကို ၈၅၇ ဦးအထိ တိုးချဲ့သည်။ သို့သော် လေ့လာသူအချို့၏ အဆိုအရ တပ်ရင်းတရင်း၏ ပျှမ်းမျှ အင်အားသည် သိသိသာသာ ကျဆင်းသည်။ ၁၉၈၈ ခုနှစ်တွင် ၆၇၀ အထက်ရှိနေရာမှ ၁၉၉၈ ခုနှစ်တွင် ၃၅၀ အထက်သို့ ကျဆင်းပြီး ၂၀၀၈ ခုနှစ်တွင် ၂၅၀ အထက်သာ ရှိတော့သည်” ဟု ရေးသားခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်တပ်ကို ခေတ်မီအောင်လုပ်ရန် အစီအစဉ်တခု စတင်လုပ်ကိုင်ရပြီး ကျဆင်းနေသော စစ်အင်အားကို ကာမိစေရန် လေကြောင်းစွမ်းအားနှင့် စက်ယန္တရားစွမ်းအား မြှင့်တင်ရသည်။
၂၀၀၀ ပြည့်နှစ်များအလယ်သို့ ရောက်လာသောအခါ တပ်ရင်းတရင်း၏ အင်အားသည် ၂၀၀ အောက်သို့ ကျဆင်းလာသည်။ စာရေးသူရရှိခဲ့သည့် ၂၀၀၅ ခုနှစ်က စာရွက်စာတမ်းတခုတွင် ထိုစဉ်က စစ်ရေးချုပ်အဖြစ်မှ နောင်တွင် သမ္မတဖြစ်လာသူ ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်က တပ်အင်အား ၂၀၀ အောက်သာရှိသည့် တပ်ရင်း ၂၈၄ ရင်းရှိပြီး အင်အား ၂၀၀ မှ ၃၀၀ ကြားရှိသောတပ်ရင်း ၂၂၀ ရှိကြောင်း ပြောထားသည်။
“တပ်သားစုဆောင်းမှုနှုန်း နိမ့်ကျနေသောကြောင့်၊ စစ်သားသစ်စုဆောင်းရန် ခက်ခဲသောကြောင့် စစ်တပ်တွင် လူသစ်အင်အားတိုးချဲ့ဖို့ လိုနေသည်” ဟု ဦးသိန်းစိန်က ပြောသည်။ ထိုအစည်းအဝေးမှတ်တမ်းတွင် ထိုနှစ်က (စစ်မြေပြင်သေဆုံးမှု၊ ဆေးအဆင့်ကျဆင်းမှုနှင့် တပ်ဖွဲ့မှ တာဝန်ရုတ်သိမ်းမှုကြောင့်) ဆုံးရှုံးသူ ၈,၇၆၀ ဦးရှိပြီး တပ်မှထွက်ပြေးသူ ၄,၇၀၁ ဦး ရှိကြောင်း ဖော်ပြထားသည်။
ထိုကိန်းဂဏန်းများက စစ်တပ်သည် စစ်အုပ်ချုပ်ရေး အပြည့်အဝ ကျင့်သုံးနေသည့်အတွင်း လူမှုအဆင့်မြင့်တက်စေရေး အနည်းငယ်မျှသော နေရာများအနက် တခုဖြစ်သည့် စစ်တပ်မှာပင် လူသစ်စုဆောင်းရန် ရုန်းကန်နေရကြောင်း ပြသနေသည်။ ၂၀၁၁ ခုနှစ်တွင် နိုင်ငံရေးတံခါးဖွင့်ပြီး စီးပွားရေးအခွင့်အလမ်းများ ပေါ်ပေါက်လာသောအခါ စစ်သားသစ် စုဆောင်းနိုင်မှုနှုန်းသည် ထပ်မံကျဆင်းသည်။ ထိုသို့သော အခြေအနေများကြောင့် အသစ်ခန့်အပ်ခံရသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်တပ်ကို ခေတ်မီအောင်လုပ်ရန် အစီအစဉ်တခု စတင်လုပ်ကိုင်ရပြီး ကျဆင်းနေသော စစ်အင်အားကို ကာမိစေရန် လေကြောင်းစွမ်းအားနှင့် စက်ယန္တရားစွမ်းအား မြှင့်တင်ရသည်။
၂၀၁၀ မှ ၂၀၂၀ ကာလ မြန်မာပြည်တွင်း လက်နက်ကိုင် ပဋိပက္ခသည် စစ်မျက်နှာများစွာတွင် ပြန်လည် စတင်လာပြီး မြေပြင်တပ်အင်အား မလုံလောက်မှုက စစ်တပ်အတွက် ကြီးမားသော ပြဿနာတခု ဖြစ်လာသည်။ ဥပမာတခုမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီက ရခိုင်ပြည်နယ်မှ ရက္ခိုင့်တပ်တော် (AA) နှင့်တိုက်ရန် အင်အားချိနဲ့နေသော တပ်ဖွဲ့များကို စေလွှတ်ရသောကြောင့် စစ်ခေါင်းဆောင်များသည် ဆေးအဆင့်မမီသော စစ်သားများကိုပါ စေလွှတ်ရန် ဆုံးဖြတ်ရပြီး ထိုသူများကို AA က အလွယ်တကူ ဖမ်းဆီးလိုက်ခြင်းပင် ဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်းအခြေအနေ
ယခုအခါ အာဏာသိမ်းမှုနောက်ပိုင်း တော်လှန်ပုန်ကန်မှုသည် တိုက်ခိုက်ရေးတပ် မလုံလောက်သည့် ပြဿနာကို အခြေအနေ ပိုမိုဆိုးရွားစေသည်။ စာရေးသူတွင်ရှိသည့် တပ်တွင်းစာရွက်စာတမ်းများအရ စစ်တပ်တွင် မြေပြင်တပ်ရင်း ၅၂၂ ရင်း (ခြေလျင်တပ် ၂၁၇ တပ်ရင်းနှင့် ခြေမြန်တပ် ၃၀၅ တပ်ရင်း) ရှိပြီး ထိုတပ်များ အားလုံးနီးပါးသည် စစ်အင်အား ၂၀၀ အောက်သာရှိပြီး အများအပြားမှာ စစ်သားအင်အား ၁၅၀ အောက်သာ ရှိသည်။
ပေါက်ကြားလာသောအမိန့်များတွင် တပ်ရင်းမှူးအနေဖြင့် အင်အားအနည်းဆုံး ၈၅ ဦးပါသည့် စစ်ဆင်ရေးဝင်နိုင်သော တပ်များကိုသာ စစ်မြေပြင်သို့ စေလွှတ်ရန် ညွှန်ကြားထားပြီး ထိုလိုအပ်သည့် ခွဲတမ်းအရေအတွက် မဖြည့်ဆည်းနိုင်သည့် တပ်မှူးများကို အပြစ်ပေးမည်ဟု ခြိမ်းခြောက်ထားသည်။
တပ်တွင်းစာရွက်စာတမ်း တခုအရ ခြေမြန်တပ်မ ၁၀ ခုရှိ စနစ်တကျဖွဲ့စည်းထားသည့် တပ်ရင်းများတွင် ရှိရမည့် အင်အား ၂ သောင်းကျော်အစား ၁၆,၆၈၇ ဦးသာ ရှိကြောင်းသိရသည်။ ခြေမြန်တပ်များပါဝင်သော တပ်ရင်း ၁၀၀ အနက် ၅၂ ရင်းတွင် စစ်သား ၁၀၀ နှင့် ၁၅၀ အကြားရှိပြီး ၄၈ ရင်းတွင် စစ်သား ၁၅၀ နှင့် ၂၀၀ ကြားရှိသည်။ ထို့ကြောင့် မြန်မာမှ တိုက်ခိုက်ရေးတပ်များတွင် အင်အားအကောင်းဆုံးဖြစ်သော ခြေမြန်တပ်များတွင်ပင် အင်အား အကြီးအကျယ်ချို့တဲ့နေကြောင်း ထိုစာရွက်စာတမ်းက ပြသနေသည်။
ဘက်ပြောင်းလာသူများနှင့် တွေ့ဆုံမေးမြန်းမှုများ၊ စစ်မြေပြင်မှတ်တမ်းများကလည်း ထိုကိန်းဂဏန်းများ မှန်ကန်ကြောင်း ပြသနေသည်။ ပေါက်ကြားလာသောအမိန့်များတွင် တပ်ရင်းမှူးအနေဖြင့် အင်အားအနည်းဆုံး ၈၅ ဦးပါသည့် စစ်ဆင်ရေးဝင်နိုင်သော တပ်များကိုသာ စစ်မြေပြင်သို့ စေလွှတ်ရန် ညွှန်ကြားထားပြီး ထိုလိုအပ်သည့် ခွဲတမ်းအရေအတွက် မဖြည့်ဆည်းနိုင်သည့် တပ်မှူးများကို အပြစ်ပေးမည်ဟု ခြိမ်းခြောက်ထားသည်။
တပ်မှထွက်ပြေးလာသူတဦးကလည်း ထိုအချက်ကို စာရေးသူအား အတည်ပြုခဲ့သည်။
၂၀၀၁ ခုနှစ်တွင် စစ်တပ်၏ တပ်ရင်းဖွဲ့စည်းပုံကို တပ်ဖွဲ့ဝင် ဦးရေ ၈၅၇ ဦး (အရာရှိ ၃၁ ဦးနှင့် အခြားအဆင့် ၈၂၆ ဦး) အထိ တိုးချဲ့ခဲ့ကြောင်း ၎င်းကပြောသည်။ စစ်သားမလုံလောက်ခြင်းကြောင့် တပ်ရင်းတရင်း၏ ဖွဲ့စည်းပုံကို ၂၀၀ အထိ လျှော့ချလိုက်သည်။ ထိုအဆင့်တွင် တပ်ရင်းတရင်းအနေဖြင့် ရှေ့တန်းစစ်မျက်နှာတွင် စစ်သား အနည်းဆုံး ၁၂၀ ဖြန့်ထားပြီး အခြေစိုက်စခန်းတွင် အင်အား ၆၀ ချန်ထားရန်နှင့် ၂၀ ခန့်မှာ ပျက်ကွက်နှင့် တပ်ရင်းပြင်ပတွင် တာဝန်ထမ်းဆောင်သူများ ဖြစ်သည်။ သို့သော် ထိုသို့လျှော့ချထားသည့် အင်အား ၂၀၀ ပြည့်သည့်တပ်ရင်း မရှိသလောက်ပင်ဖြစ်ကြောင်း အထက်ပါ စစ်တပ်မှ ထွက်ပြေးလာသူက ပြောသည်။
ထိခိုက်သေဆုံးမှုနှုန်းသည်လည်း စစ်တပ်ကို အထိနာစေသည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၂၀,၀၀၀ ခန့် သေဆုံးသည်ဟု NUG က ခန့်မှန်းသည်။ အချို့ခွဲခြမ်းစိတ်ဖြာ လေ့လာသူများက “စစ်မြေပြင်တွင် သေဆုံးမှုနှင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရမှုသည် ထိုနှစ်နှစ်အတွင်း ၁၀,၀၀၀ မှ ၁၅,၀၀၀ အကြားရှိသည်” ဟု ခန့်မှန်းသည်။
“၂၀၂၁ ခုနှစ် သြဂုတ်လမှာ ကျနော်တပ်က ထွက်ပြေးမလာခင်က ကျယ်ပြန့်တဲ့ တိုက်ပွဲမရှိသေးဖူးသလို ကျနော်တို့တပ်ရင်းကလည်း အရာရှိအပါအဝင် တပ်ဖွဲ့ဝင် ၇၀ လောက်တောင်မှ မဖြန့်ကြက်နိုင်တော့ဘူး” ဟု လည်း ၎င်းကပြောသည်။
အခြားစာရွက်စာတမ်း မှတ်တမ်းတခုအရ ကရင်ပြည်နယ်ရှေ့တန်းတွင် ချထားသည့် တပ်ရင်း ၂၁ ရင်းအနက် ၁၄ ရင်းတွင် အရာရှိများအပါအဝင် အင်အား ၈၅ အောက်သာရှိပြီး တပ်ရင်း ၇ ရင်းတွင်သာ တပ်ဖွဲ့ဝင် ၈၅ ဦးအထက် ရှိသည်။
ကရင်ပြည်နယ်တွင် စစ်တပ်မှ ဘက်ပြောင်းလာသူတဦးက သူ၏ တပ်ရင်းသည် အခြေစိုက်စခန်းတွင် အင်အား ၄၀ အောက်သာရှိပြီး အများစုကို ဘဏ်များ၊ အုပ်ချုပ်ရေးရုံးများနှင့် ထိုတပ်ရင်း အခြေစိုက်သည့် မြို့ကိုစောင့်ကြပ်ရန် ချထားရကြောင်း သိရသည်။ ထို့ကြောင့် စစ်တပ်သည် ၎င်း၏ အခြေစိုက်စခန်းများကို ကာကွယ်ရန် စစ်သားများနှင့် အလယ်အလတ်အရာရှိများ၏ ဇနီးများ၊ မိသားစုဝင်များကို လေ့ကျင့်ပေးရသည်ဟု သိရသည်။
ထိခိုက်သေဆုံးမှု၊ ဘက်ပြောင်းမှုနှင့် တပ်ပြေးမှု တိုးလာပြီး လူသစ်ရရှိမှုကျဆင်း
နှေးကွေးလာသော စစ်သားသစ် စုဆောင်းမှုနှင့်အတူ ဘက်ပြောင်းမှုများနှင့် တပ်ပြေးမှုများကြောင့်လည်း စစ်တပ်သည် အင်အားချိနဲ့လာသည်။ စစ်တပ်တပ်ဖွဲ့ဝင် ၃,၀၀၀ နှင့် ရဲ ၇,၀၀၀ ခန့် ခုခံတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းသည်ဟု သတင်းရင်းမြစ် အများအပြားက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အရာရှိတဦးက ပြီးခဲ့သည့် ဖေဖော်ဝါရီလအထိ စစ်သား ၃,၂၃၆ ဦးနှင့် ရဲ ၉,၀၉၁ ဦး ဘက်ပြောင်းလာကြောင်း ပြောသည်။
စစ်အာဏာမသိမ်းမီကပင် တပ်ပြေးအရေအတွက် မြင့်မားသည်။ ဥပမာအားဖြင့်ဆိုရပါက ၂၀၀၅ ခုနှစ်တွင် တပ်ပြေး ၄,၇၀၁ ဦးရှိသည်။ လက်ရှိရရှိထားသော အချက်အလက်များသည် ပိုမိုယုံကြည်ဖွယ် ခန့်မှန်းချက်များကို အထောက်အကူ မပြုနိုင်သော်လည်း စစ်အာဏာသိမ်းပြီးနောက်တွင် စစ်သား အနည်းဆုံး ၈,၀၀၀ ကျော် ဘက်ပြောင်း သို့မဟုတ် တပ်မှထွက်ပြေးသည်ဟု အကဲဖြတ်သည်။
“သတင်းတုတွေက သိပ်ကို ကျယ်ပြန့်လွန်းတော့ တပ်ချုပ် မင်းအောင်လှိုင်နဲ့ သူ့လက်ထောက် စိုးဝင်းတောင်မှ တပ်အင်အား ဘယ်လောက်ရှိတယ်ဆိုတာ မသိဘူး”
ထိခိုက်သေဆုံးမှုနှုန်းသည်လည်း စစ်တပ်ကို အထိနာစေသည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၂၀,၀၀၀ ခန့် သေဆုံးသည်ဟု NUG က ခန့်မှန်းသည်။ အချို့ခွဲခြမ်းစိတ်ဖြာ လေ့လာသူများက “စစ်မြေပြင်တွင် သေဆုံးမှုနှင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရမှုသည် ထိုနှစ်နှစ်အတွင်း ၁၀,၀၀၀ မှ ၁၅,၀၀၀ အကြားရှိသည်” ဟု ခန့်မှန်းသည်။ Nikkei Asia မှ ဒေါမနစ် ဖောင်လ်ဒါက မကြာသေးမီက သတင်းတခုတွင် တနေ့လျှင် မြန်မာစစ်သား ၁၅ ဦးအထိ ပျှမ်းမျှသေဆုံးသည်ဟု ဖော်ပြသည်။ ထိုသို့ဆိုလျှင် တနှစ်လျှင် မြန်မာစစ်သား ၅,၅၀၀ သေဆုံးသည် သို့မဟုတ် အာဏာသိမ်းပြီးနောက် ၁၁,၀၀၀ သေဆုံးသည်ဟု ၎င်းကရေးသည်။
ဘက်ပြောင်းလာသူများ၊ စစ်တပ်ကို စွန့်ခွာလာသူများ၊ ခုခံတော်လှန်ရေး အင်အားစုများ၊ လူမှုအသိုက်အဝန်းမှပုဂ္ဂိုလ်များနှင့် တွေ့ဆုံမေးမြန်းမှုများဖြင့် အတည်ပြုထားသည့် မြေပြင်တပ်အချက်အလက်များ၊ စစ်မြေပြင်မှ သေဆုံးမှုသတင်းများ၊ တပ်တွင်း စာရွက်စာတမ်းများနှင့် စစ်ဆေးရုံစာရင်းများကို စာရေးသူ၏ နေ့စဉ်လေ့လာမှုများအရ မြန်မာစစ်တပ်သည် အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်မြေပြင်သေဆုံးမှု ၁၃,၀၀၀ အထိ ခံစားရသည်။
အာဏာမသိမ်းမီက နှစ်စဉ် စစ်သားသစ်စုဆောင်းမှုနှင့် တပ်ပြေးမှုအရေအတွက်သည် တူညီသော်လည်း အာဏာသိမ်းပြီးနောက် စစ်သားစုဆောင်းမှုသည် သိသိသာသာ နှေးကွေးသွားသည်။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဗမာလူမျိုး အများစုနေထိုင်ရာ မြန်မာနိုင်ငံအလယ်ပိုင်းသည် ယခင်က စစ်တပ် လူသစ်စုဆောင်းသည့် အဓိကဒေသများ ဖြစ်သော်လည်း ယခုအခါ ခုခံတော်လှန်ရေး အမာခံဒေသများ ဖြစ်နေသည်။ ထိုဒေသများတွင် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများသည် ဗမာလူများစုနှင့် ၎င်းတို့ တချိန်က တပ်မတော်ဟု တလေးတစားခေါ်ခဲ့သည့် စစ်တပ်အကြား ဆက်စပ်မှုများကို ဖြတ်တောက်လိုက်သောကြောင့် စစ်သားသစ်စုဆောင်းသည့် အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေသည်။
လူအင်အား အကျပ်အတည်း ဖိအားကို တန်ပြန်ရန် စစ်တပ်သည် အာဏာသိမ်းပြီး နောက်ပိုင်းတွင် စစ်သားသစ်များအတွက် ဆွဲဆောင်မှုကို တိုးချဲ့သည်။ တပ်မှ ထွက်ပြေးလာသူတဦး၏ အဆိုအရ စစ်တပ်သည် စစ်သားစုဆောင်းသည့် ဆုငွေကို ကျပ် ၅ သိန်းမှ ကျပ် ၂၅ သိန်းအထိ တိုးမြှင့်လာကြောင်း သိရသည်။ ထို့အပြင် စစ်တပ်သည် “ရာဇဝတ်သားများ၊ အကြွေး အကြီးအကျယ် ပိနေသူများနှင့် မူးယစ်ဆေးဆွဲနေသူများ” ကို စစ်သားသစ်အဖြစ် လက်ခံလာရသည်။
အနာဂတ်အရာရှိများကို အဓိကမွေးထုတ်ပေးနေသည့် စစ်တက္ကသိုလ်သည်ပင် အာဏာသိမ်းမှုပြီးနောက် လျှောက်လွှာလက်ခံရရှိမှု သိသိသာသာ ကျဆင်းလာသည်။ ထိုအချက်များသည် အခြားမည်သည့် အချက်ကိုမျှ မဖော်ပြလျှင်ပင် စစ်တပ်သည် အင်အားချိနဲ့သွားကြောင်း ပြသနေသည့် အခြားအချက်အလက်တခု ဖြစ်သည်။
စစ်တပ်အင်အား အချက်အလက်များကို မှားယွင်းဖော်ပြမှုများ
စစ်တပ်၏ အင်အားနှင့်ပတ်သက်သည့် တိကျယုံကြည်အားထားနိုင်သော သတင်းအချက်အလက် ကင်းမဲ့မှုအပြင် စစ်တပ်က အချက်အလက်များကို အဆင့်အားလုံးတွင် ဖုံးကွယ်ထားပြီး မှားယွင်းသောသတင်းများကို ဖော်ပြသည်။
“ကျနော်တပ်ကနေ ခုခံတော်လှန်ရေး အင်အားစုတွေဆီကို ထွက်ပြေးမလာခင် ကျနော့်တပ်ရင်းက လိမ်ညာထုတ်ပြန်တဲ့ တပ်ပြေးအချက်အလက်တွေကို အခြေခံပြီး ကျနော်အလုပ်လုပ်ရတယ်” ဟု စစ်တပ်တွင် တပ်ရေးအရာရှိအဆင့် တာဝန်ထမ်းဆောင်ပြီး ဘက်ပြောင်းလာသူ တဦးကပြောသည်။ “တပ်ပြေးအရေအတွက်က များလွန်းတော့ တပ်မှူးတွေက စွဲချက်တင်ခံရပြီး ရာထူးတက်ဖို့ အခွင့်အလမ်း နည်းသွားမှာစိုးရိမ်လို့ သူတို့ဒုက္ခရောက်မှာ စိုးရိမ်ပြီး စာရင်းအပြည့်အစုံမတင်ပြဖို့ ကျနော်တို့ကို ပြောတယ်။ အချက်အလက်တွေကို အကြိမ်ကြိမ်လိမ်နေရတော့ ကျနော့်တပ်ရင်းမှာ အမှန်တကယ်ရှိတယ်ဆိုတဲ့ အင်အားကိုတောင် ကျနော် သံသယဝင်လာတယ်” ဟု ၎င်းကပြောသည်။
တပ်ရင်းမှူးသည် တပ်ပြေးများကို တာဝန်ထမ်းဆောင်ဆဲ စာရင်းတွင် ဖော်ပြထားပြီး ၎င်းတို့၏ လခများကို လူသစ်စုဆောင်းရန် မက်လုံးအဖြစ် အသုံးချသည်ဟု ထိုတပ်ပြေးက ပြောသည်။ အဆင့်မြင့်အရာရှိများသည် ထိုအလေ့အထကို သိသော်လည်း ကြံရာပါများဖြစ်လာကြောင်းလည်း ၎င်းကပြောသည်။
“သတင်းတုတွေက သိပ်ကို ကျယ်ပြန့်လွန်းတော့ တပ်ချုပ် မင်းအောင်လှိုင်နဲ့ သူ့လက်ထောက် စိုးဝင်းတောင်မှ တပ်အင်အား ဘယ်လောက်ရှိတယ်ဆိုတာ မသိဘူး” ဟုလည်း ၎င်းကပြောသည်။ မြန်မာစစ်တပ်နှင့် ပတ်သက်သည့် ထိပ်တန်းကျွမ်းကျင်သူ အင်ဒရူးဆက်သ်က စစ်တပ်၏ အမှန်တကယ်အရွယ်အစားသည် မသိနိုင်သည့် အချက်များအနက် မသိနိုင်ဆုံးအချက် ဖြစ်သည်ဟု ရေးသားခဲ့သည်။
ထိုသို့သော မရေရာမှုကြောင့် ခွဲခြမ်းစိတ်ဖြာလေ့လာသူများသည် စစ်တပ်အင်အားကို အကြီးအကျယ် ပိုမို တွက်ကြသည်။
တိကျမှုကို ရရှိရန်ခက်ခဲသော်လည်း အထက်ပါ ကိုးကားခဲ့သည့် အချက်အလက်များသည် စစ်တပ်၏ အရွယ်အစားနှင့် ပတ်သက်သည့် ရုပ်ပုံလွှာကို လွန်စွာ ကွဲပြားခြားနားသွားစေသည်။ ရေတပ်နှင့် လေတပ်သားများကို တိုက်ခိုက်ရေးတပ်များ၊ ထောက်ပံ့ရေးတပ်များနှင့် အကူတပ်များ၏ ခန့်မှန်းခြေအင်အား ၇၀,၀၀၀ သို့ ပေါင်းထည့်လျှင်ပင် မြန်မာစစ်တပ်တခုလုံး၏ အင်အားသည် ၁၅၀,၀၀၀ ခန့် သာရှိသည်။ ထိုအချက်သည် စစ်အာဏာမသိမ်းမီက ကျိုးကြောင်းဆီလျော်မှုအရှိဆုံးသော ခန့်မှန်းခြေ ၂၀၀,၀၀၀ အောက် များစွာနိမ့်ကျနေသည်။
စစ်တပ်သည် ၎င်း၏ရဲတပ်ဖွဲ့ဝင် ၇၀,၀၀၀ ကို အကူအင်အားဖြစ်သတ်မှတ်ပြီး ၎င်းတို့အနက် ၁၂,၀၀၀ ကို စစ်တပ်များတွင် အစိတ်အပိုင်းအဖြစ် ဖြန့်ကြက်ထားသည်။ စစ်တပ်သည် အင်အား ၁၅,၀၀၀ ခန့်ရှိသည့် နယ်ခြားစောင့်တပ်နှင့် ခါးပိုက်ဆောင်တပ်များကိုလည်း အသုံးချနေသည်။
စစ်အပ်အင်အားချိနဲ့လာသည့် အခြားအထောက်အထားများ
ရှေ့တန်းစစ်မျက်နှာတွင် ထောက်ပံ့ပို့ဆောင်ရေးတပ်များကို ကျယ်ကျယ်ပြန့်ပြန့် ချထားခြင်းသည် စစ်တပ်အင်အား ပြိုကွဲနေကြောင်းပြသသည့် အခြားအထောက်အထားတခု ဖြစ်သည်။ စစ်တပ်သည် လေတပ်၊ ရေတပ်နှင့် အငြိမ်းစားစစ်သားစသည့် လက်ရုံးနှင့် ထောက်ပံ့ရေးတပ်များမှ စစ်သားများကိုလည်း ရယူအသုံးပြုနေသည်။ တိုက်ပွဲအတွေ့အကြုံမရှိသည့် ကာကွယ်ရေးပစ္စည်းစက်ရုံများမှ စစ်သားများကို တိုက်ပွဲအတွက်ပြင်ဆင်နေသည့် တပ်ရင်းများသို့ ပို့ဆောင်နေသည်ဟု သတင်းများက ဆိုသည်။
အလားတူစွာပင် စစ်တပ်သည် ထောက်ပို့တပ်များဖြစ်သည့် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်၊ ဆက်သွယ်ရေးတပ်၊ စစ်သင်တန်းကျောင်း၊ ထောက်ပံ့ပို့ဆောင်ရေးတပ်နှင့် လက်နက်ခဲယမ်းတပ်များမှ စစ်သားများကိုလည်း တိုက်ခိုက်ရေးတပ်များသို့ ပို့ဆောင်စေသည်။ ထိုအချက်မှာ လေတပ်အရာရှိတဦးကို ရှေ့တန်းမြေပြင်စစ်မျက်နှာတွင် တာဝန်ထမ်းဆောင်ပါက ရာထူးတိုးပေးမည်ဟု စည်းရုံးပြီး တိုက်ပွဲတွင် ထိုသူအသတ်ခံရသောအခါ လူသိရှင်ကြားဖြစ်လာသည်။
မြေပြင်တပ်များအတွက် အကန့်အသတ်များသောကြောင့် မြေပြင်သိမ်းပိုက်ရေးတွင် ထိရောက်မှုမရှိသော လေကြောင်းတိုက်ခိုက်မှုများ တိုးလာသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း လေတပ်သည် လေကြောင်းတိုက်ခိုက်မှု ၆၀၀ ကျော် ပြုလုပ်ခဲ့ပြီး အများအားဖြင့် အရပ်သားများကိုသာ ပစ်မှတ်ထား တိုက်ခိုက်သည်။
စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသို့ အပစ်အခတ်ရပ်စဲရန် မေတ္တာရပ်ခံခြင်းဖြင့် ၎င်းတို့၏ အားနည်းချက်ကို ဖော်ပြနေသည်။ စစ်တပ်၏ ရည်မှန်းချက်မှာ အပစ်အခတ် ရပ်စဲထားသည့် ရခိုင်ကဲ့သို့သော ဒေသများမှတပ်များကို အခြားအဓိက ပဋိပက္ခဒေသများတွင် ဖြန့်ကြက်ထားရန် ဖြစ်သည်။ တရုတ်အထူးသံတမန်သစ်က ကြားဝင်စေ့စပ်ပေးသည်ဟု ယူဆရသည့် တရုတ်-မြန်မာနယ်စပ် ဒေသများတွင် တိုက်ပွဲများ နှိုင်းယှဉ်ချက်အားဖြင့် ငြိမ်သက်နေခြင်းသည် စစ်ကောင်စီကို အသက်ရှူပေါက်ပေးပြီး တပ်ဖွဲ့ဝင် ၃,၀၀၀ ခန့်ကို အခြားပိုမိုအရေးပါသော ဒေသများတွင် ဖြန့်ကြက်နိုင်စေသည်။
တည်ငြိမ်မှုကို ဗိုလ်ချုပ်များ ပြန်မထိန်းနိုင်တော့
အာဏာထိန်းချုပ်နိုင်ရေး သေချာစေရန် နိုင်ငံ၏ အကန့်အသတ်ရှိသော ရင်းမြစ်များကို စစ်တပ်အတွင်း ဆယ်စုနှစ်များစွာ လောင်းထည့်ပြီးနောက် ယခုအခါ စစ်တပ်သည် အင်အားအနည်းဆုံး၊ အထိခိုက်အလွယ်ဆုံး အနေအထားသို့ ရောက်နေသည်။ ဗိုလ်ချုပ်များသည် ၎င်းတို့၏အားနည်းချက်များကို ရက်စက်ကြမ်းကြုတ်မှုများဖြင့် ဖုံးကွယ်ရန် ကြိုးစားနေသော်လည်း နှစ်များစွာအတွင်း အကျင့်ပျက်အရာရှိများ၊ စိတ်ဓာတ်ကျဆင်းနေသည့် စစ်သားများ၊ အခွံသာရှိသော ဖွဲ့စည်းပုံများ၊ ကျဆင်းသွားသည့် လူထုထောက်ခံမှုတို့ အားလုံးသည် စစ်တပ်ကို အထိနာစေသည်။
မြေပြင်တပ်များအတွက် အကန့်အသတ်များသောကြောင့် မြေပြင်သိမ်းပိုက်ရေးတွင် ထိရောက်မှုမရှိသော လေကြောင်းတိုက်ခိုက်မှုများ တိုးလာသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း လေတပ်သည် လေကြောင်းတိုက်ခိုက်မှု ၆၀၀ ကျော် ပြုလုပ်ခဲ့ပြီး အများအားဖြင့် အရပ်သားများကိုသာ ပစ်မှတ်ထား တိုက်ခိုက်သည်။
ယခုအခါ စစ်အင်အား ထင်ယောင်ထင်မှားဖြစ်မှုသည် ခံနိုင်ရည်ရှိသော စစ်မျက်နှာများစွာမှ ခုခံတော်လှန်မှုများနှင့် မကြုံစဖူးပြင်းထန်သည် လူထု၏အမုန်းတရားကြောင့် အလျင်အမြန် ပြိုကွဲနေသည်။
နိုင်ငံတကာ အသိုက်အဝန်း၊ အထူးသဖြင့် မြန်မာနှင့်ဆက်စပ်သော ဒေသတွင်းမှ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် စစ်တပ်၏အင်အားနှင့် ပတ်သက်သော ယူဆချက်များကို အပြင်းအထန်လေ့လာပြီး ကိုယ်ပျောက်သည်ဟု အထင်ရောက်နေသည့် ဘုရင်သည် ကိုယ်လုံးတီးသာဖြစ်ကြောင်း ဝန်ခံကာ မြန်မာပဋိပက္ခနှင့် ပတ်သက်သည့် ၎င်းတို့၏ ချဉ်းကပ်ပုံကို ပြန်လည်သုံးသပ်ရန် အရေးပါသော အချိန်ကျရောက်နေပြီ ဖြစ်သည်။
(USIP ပါ ရဲမျိုးဟိန်း၏ Myanmar’s Military Is Smaller Than Commonly Thought — and Shrinking Fast ကို ဘာသာပြန်သည်။ ရဲမျိုးဟိန်းသည် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှ ဧည့်ပညာရှင်နှင့် ဝီလ်ဆင်စင်တာတွင် သုတေသီဖြစ်သည်။)
You may also like these stories :
မြန်မာစစ်တပ် ပြိုလဲပျက်စီးသွားနိုင်သည်
ပျက်နေတဲ့ တပ်ထဲ မည်သူမျှ မဝင်လိုတော့
ကိုယ့်တပ်ကိုယ်နင်းတဲ့ မင်းအောင်လှိုင်
ဗိုလ်ကတော်တွေလည်း စစ်ကောင်စီ စစ်သင်တန်းတက်ခိုင်း
စစ်တပ်တွင် တပ်ပြေးများပြီး စိတ်ဓာတ်ရေးရာ အကျပ်အတည်း ကြုံလာ
အညာသားတွေပါ စစ်တပ်ကို တော်လှန်နေကြတယ်