စစ်ကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်
၁၉၉၁ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) စစ်ဆင်ရေးခန်းမ၌ ပြုလုပ်သည့် စစ်တပ်နှင့် PNO တို့၏ ငြိမ်းချမ်းရေးပွဲသို့ တက်ရောက်ခဲ့သည့် PNO ကိုယ်စားလှယ်များထဲတွင် အသက် အငယ်ဆုံးသူ နှစ်ဦး ပါလာခဲ့သည်။
နှစ်ဦးစလုံးကလည်း ထိုခေတ်ထိုအခါက ပညာတတ် လူငယ်များ ဖြစ်ကြသည်။ ၎င်းတို့မှာ မန္တလေး တက္ကသိုလ်ဆင်း အသက် ၃၀ အရွယ် ခွန်စံလွင်နှင့် ရန်ကုန်တက္ကသိုလ်ထွက် အသက် ၂၅ နှစ် အရွယ် ခွန်သိန်းဖေတို့ ဖြစ်သည်။
ဦးခွန်စံလွင်က နိုင်ငံရေး မျိုးရိုးရှိသူ ဖြစ်သည်။ ၎င်း၏ ဖခင်မှာ ပညာတတ်တဦးလည်းဖြစ် နိုင်ငံရေး ဖြတ်သန်းမှုလည်း အစဉ်အလာကြီးသည့် ပအိုဝ်းခေါင်းဆောင်ကြီး သထုံ ဦးလှဖေ ဖြစ်ပြီး PNO ၏ ပထမဆုံး ဥက္ကဋ္ဌ ဖြစ်သည်။
PNO တို့ စစ်တပ်နှင့် ငြိမ်းချမ်းရေး ယူအပြီး စီးပွားရေး လုပ်ကိုင်ခွင့်များ ရခဲ့သည့်အထဲ ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့နှင့် အတူ ဦးခွန်စံလွင်၊ ဦးခွန်သိန်းဖေ တို့ကဲ့သို့ လူငယ်များလည်း ပါဝင်ခဲ့သည်။
၎င်းတို့ နှစ်ဦးစလုံးက အင်းလေးဒေသ နမ်းပန်နှင့် သလဲဦးတို့တွင် ဖွင့်လှစ်ထားသည့် PNO ၏ ရွေကျွန်းမျှော ဟိုတယ်များကို စီမံခန့်ခွဲသော Golden Island Cottages Hotel Group ကုမ္ပဏီတွင် အခြား PNO ခေါင်းဆောင်ပိုင်းများ နည်းတူ ဒါရိုက်တာ ရာထူးများ ယူထားကြသည်။
ထို့အပြင် PNO ခေါင်းဆောင်များ ထောင်ထားသည့် Golden Island Cottages Mining ကုမ္ပဏီနှင့် Kyolar Joker Mate Thahar Tours Co., Ltd. တို့တွင်လည်း ၎င်းတို့က ဒါရိုက်တာများ ဖြစ်သည်။
ပတ္တမြား နဂါးအုပ်စု၏ အဓိက ကျောက်မျက်တူးသည့် ကုမ္ပဏီကြီး နှစ်ခုဖြစ်သော Ruby Dragon Jade & Gems ကုမ္ပဏီ၊ ကျောက်စိမ်းနဂါး (Gems) ကုမ္ပဏီနှင့် အခြား ဆောက်လုပ်ရေး၊ ကုန်သွယ်ရေး ကုမ္ပဏီ နှစ်ခု၏ အစုရှယ်ယာရှင်နှင့် ဒါရိုက်တာ စာရင်းတွင်လည်း ဦးစံလွင် အမည် ပါဝင်သည်။ သို့သော် ထိုအမည်သည် ဦးခွန်စံလွင် ဟုတ်၊ မဟုတ် ဆိုသည်ကို ဧရာဝတီက အတည် မပြုနိုင်ပါ။
၂၀၁၀ ရွေးကောက်ပွဲတွင်မှု ဦးခွန်စံလွင်က ဟိုပုံးမြို့နယ် မဲဆန္ဒနယ် (၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နေရာ ဝင်ရောက် ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သည်။ ဦးခွန်သိန်းဖေကလည်း ဟိုပုံးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ ဝင်ရောက် ယှဉ်ပြိုင်ကာ အနိုင်ရခဲ့ပြီး လွှတ်တော်ထဲသို့ ရောက်ရှိခဲ့သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ခဲ့သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ တိုင်းများကို ကြေညာအပြီး ဦးသိန်းစိန် အစိုးရက ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ဒေသဦးစီးအဖွဲ့ ဥက္ကဌများ ခန့်ထားရာ ဦးခွန်စံလွင်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
ဦးခွန်စံလွင်က ဦးသိန်းစိန် အစိုးရလက်ထက်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် အစိုးရ နှစ်ဆက်တိုင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌတာဝန်ကို ယူခဲ့သူဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း ထပ်မံ ယှဉ်ပြိုင်ခဲ့သေးသူ ဖြစ်သည်။
“ရန်သူမရှိ၊ မိတ်ဆွေသာရှိ” ဆိုသည့် PNO ၏ မူအတိုင်း နယက ဦးအောင်ခမ်းထီ ကဲ့သို့ပင် ဦးခွန်စံလွင်က တက်လာသမျှ ခေါင်းဆောင်တိုင်းကို အဆင်ပြေအောင် ပေါင်းနိုင်သူ ဖြစ်သည်။
ထိုနေရာတွင် ဦးနေဝင်းထွန်းနှင့် ဦးစံလွင်တို့ နှစ်ဦးစလုံးက နယက ဦးအောင်ခမ်းထီ ခြေရာကို မီကြသူများ ဖြစ်သည်။ နှစ်ဦးစလုံးက လက်ရုံးများ ဖြစ်ကြသကဲ့သို့ ဦးအောင်ခမ်းထီ၏ မူအတိုင်းပင် တက်လာသမျှလူကို တည့်အောင် ပေါင်းနိုင်ကြသူများ ဖြစ်သည်။
ထိုနေရာတွင် ဦးနေဝင်းထွန်းနှင့် ဦးစံလွင်တို့ နှစ်ဦးစလုံးက နယက ဦးအောင်ခမ်းထီ ခြေရာကို မီကြသူများ ဖြစ်သည်။ နှစ်ဦးစလုံးက လက်ရုံးများ ဖြစ်ကြသကဲ့သို့ ဦးအောင်ခမ်းထီ၏ မူအတိုင်းပင် တက်လာသမျှလူကို တည့်အောင် ပေါင်းနိုင်ကြသူများ ဖြစ်သည်။
ဦးအောင်ခမ်းထီက စစ်ခေါင်းဆောင်တို့နှင့် အစဉ်အဆက် နီးကပ်သည့် ဆက်ဆံရေး ရှိခဲ့သကဲ့သို့ ၎င်း၏ လက်ရုံးများကလည်း စစ်ခေါင်းဆောင်တို့နှင့် နီးကပ်သည့် ဆက်ဆံရေးကို တည်ဆောက်ထားနိုင်ကြသူများ ဖြစ်သည်။
စစ်အုပ်စုနှင့် PNO ၏ နီးကပ်မှု၊ နှစ်ပေါင်းများစွာ စီပွားဖက် ဖြစ်ခဲ့မှု၊ စစ်အုပ်စုဘက်က ရပ်တည်ခဲ့မှုတို့ကြောင့်ပင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းသည့်အခါ ဦးခွန်စံလွင်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွဲ့ဝင်အဖြစ် ထည့်သွင်းခဲ့သည်။
“ရန်သူမရှိ ၊ မိတ်ဆွေသာရှိ” ဆိုသည့် မူကို လက်ကိုင်ထားသော PNO သည် အဖွဲ့၏ “မူ” အတိုင်း ခေတ်အဆက်ဆက် တက်လာသည့် ခေါင်းဆောင်များ၊ အစိုးရများနှင့် အဆင်ပြေအောင် ပေါင်းကာ ၎င်းတို့ အကျိုးစီးပွားကို ကောင်းစွာ ရှာနိုင်ခဲ့ကြသည်။
စစ်တပ်နှင့် ငြိမ်းချမ်းရေး ယူခဲ့သည့် ၁၉၉၁ ခုနှစ်မှ ယနေ့ အချိန်အထိ နှစ်ပေါင်း ၃၃ နှစ်ကြာ အာဏာရှင် စစ်ခေါင်းဆောင်များနှင့် ပလဲပနံသင့်ကာ အကျိုးစီးပွား မှီခို ယှက်ထွေး ပေါင်းသင်းခဲ့ကြသည်။
PNO ဘယ်ကလာ
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကို ၁၉၇၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပအိုဝ်းအမျိုးသားတို့ ရှမ်းပြည် ပဒေသရာဇ်များကို ဆန့်ကျင်ကာ တော်လှန်ရေး ဆင်နွဲရာမှ မြစ်ဖြားခံ ပေါ်ပေါက်လာသည့်အဖွဲ့ တဖွဲ့ဖြစ်သည်။
ပဒေသရာဇ် တော်လှန်ရေးအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ) ကို ၁၉၄၉ ခုနှစ်တွင် စတင် ဖွဲ့စည်းနိုင်ခဲ့ပြီး ဖြားတန်ကောင်ခယ်၊ သထုံ ဦးလှဖေ (ဗြားဗွာ လှဖေ)၊ ဗိုလ်ချန်ဇုံ အစရှိသော ပအိုဝ်းအမျိုးသား ခေါင်းဆောင်များ ပါဝင်ခဲ့ကြသည်။
ပအလဖကို ၁၉၄၉ ခုနှစ်မှ ဖွဲ့စည်းသော်လည်း ပဒေသရာဇ်တော်လှန်ရေးကိုမှု ပအိုဝ်းတို့၏ ဦးသျှောင်ကြီး ဖြစ်သည့် ဖြားတန်ကောင်ခယ်က ထိုနှစ်ထက် နှစ်များစွာစော၍ ဆန့်ကျင်တော်လှန်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ်ကျော် ကာလများကတည်းကပင် ဆန့်ကျင် တော်လှန်နေသည်ဟု ပအိုဝ်းသမိုင်း မှတ်တမ်းများတွင် ဖော်ပြကြသည်။
ဝန်ကြီးချုပ် ဦးနု ဖဆပလ လက်ထက်ခေတ်တွင်မှု ပအိုဝ်း ပအလဖတို့ နှစ်ကြိမ်တိုင် ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၅၀ ပြည့်နှစ်၊ ဇူလိုင်လတွင် ပထမအကြိမ် နှင့် ၁၉၅၈ ခုနှစ်၊ မေလတွင် ဒုတိယအကြိမ် ဖြစ်သည်။
ထို့နောက် ၁၉၅၉ ခုနှစ် စော်ဘွားများ အာဏာစွန့်မှု အပြီးတွင် ပဒေသရာဇ်တော်လှန်ရေးလည်း ချုပ်ငြိမ်းသွားခဲ့သည်။ ပဒေသရာဇ်များ အာဏာ မစွန့်ခင် တော်လှန်ရေးကာလကို ၎င်းတို့၏ ပထမ တော်လှန်နေရေးဟု ပအိုဝ်းတို့က သတ်မှတ်ကြသည်။
၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းကာလ ဗိုလ်ချုပ်ကြီး နေဝင်းက ပအိုဝ်း ခေါင်းဆောင်များကို ဖမ်းဆီးမှုအပြီး ၁၉၆၆ ခုနှစ်တွင် ဗိုလ်ချုပ် စံသိန်း ခေါင်းဆောင်မှုဖြင့် ပအိုဝ်းတို့၏ ဒုတိယ တော်လှန်ရေး ပြန်လည် စတင်ခဲ့သည်။
၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းကာလ ဗိုလ်ချုပ်ကြီး နေဝင်းက ပအိုဝ်း ခေါင်းဆောင်များကို ဖမ်းဆီးမှုအပြီး ၁၉၆၆ ခုနှစ်တွင် ဗိုလ်ချုပ် စံသိန်း ခေါင်းဆောင်မှုဖြင့် ပအိုဝ်းတို့၏ ဒုတိယ တော်လှန်ရေး ပြန်လည် စတင်ခဲ့သည်။
၁၉၆၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပအလဖကို ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အဖြစ် ဗိုလ်ချုပ် စံသိန်းက ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး နောက်တနှစ် ၁၉၆၈ တွင် ရှမ်းပြည်နယ် တော်လှန်ရေး တပ်ပေါင်းစု တပ်မတော် (SURA) နှင့် တိုက်ပွဲ၌ ဗိုလ်ချုပ် စံသိန်း ကျသည်။
ဗိုလ်ချုပ် စံသိန်း ကျဆုံးပြီးချိန်တွင် ဥက္ကဋ္ဌနေရာ၌ ဦးမော်ဟိုင်း ဖြစ်လိုက်သေးသည်။ သို့သော် ၁၉၇၂ ခုနှစ်တွင် ပမ်မန်းကျေးရွာ၌ ပြုလုပ်သည့် ပအိုဝ်းတော်လှန်ရေး အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးမော်ဟိုင်း ရောက်မလာခဲ့ဘဲ အတွင်းရေးမှူး ဦးအောင်သာ တဦးသာ ရောက်ရှိခဲ့ပြီး ဒုဥက္ကဋ္ဌဖြစ်သူ ဗိုလ်ကြီး တာကလယ်က ဥက္ကဋ္ဌအဖြစ်လည်ကောင်း၊ တွဲဖက်အတွင်းရေးမှူး ဖြစ်သူ ဦးစိန်ရွှေက အတွင်းရေးမှူး အဖြစ်လည်ကောင်း အာဏာသိမ်းခဲ့ကြသည်ဟု ပအိုဝ်းခေါင်းဆောင်တဦးဖြစ်သူ ဦးခွန်ဥက္ကာက ၎င်း၏ အနှစ် ၅၀ တော်လှန်ရေးခရီး စာအုပ်တွင် ရေးသားခဲ့သည်။
ဥက္ကဋ္ဌနေရာကို ဗိုလ်ကြီး တာကလယ်က တာဝန်ယူကာ ဖြတ်သန်းရင် ၁၉၇၃ ခုနှစ်၊ စက်တင်ဘာ လကုန်ပိုင်းတွင် ရလလဖ နှစ်ဖွဲ့ ကွဲသွားခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) လိုလားသူအုပ်စု (ပအိုဝ်းနီ) နှင့် မလိုလားသူအုပ်စု အမျိုးသားရေးအဖွဲ့ (ပအိုဝ်းဖြူ) ဟူ၍ ဖြစ်သည်။
ပအိုဝ်းနီအဖွဲ့ကို ဗိုလ်ကြီးတာကလယ် နှင့် ဗိုလ်လှမောင်က ဦးဆောင်ပြီး ပအိုဝ်းဖြူအဖွဲ့ကို ၁၉၆၀ ရွေးကောက်ပွဲ အနိုင်ရအမတ်များဖြစ်ခဲ့သည့် သထုံ ဦးလှဖေ၊ ဦးကျော်စိန်နှင့် ဘုန်းကြီးဘဝမှ လူဝတ်လဲလာသူ ဦးအောင်ခမ်းထီတို့က ဦးဆောင်ခဲ့ကြသည်။ ပအိုဝ်းအဖွဲ့ နှစ်ဖွဲ့ အချင်းချင်း နယ်မြေစိုးမိုးရေး တိုက်ပွဲများ လများစွာကြာ ဖြစ်ခဲ့ကြသေး ပြီး နောက်ပိုင်း ပအိုဝ်းဖြူတို့က မူလနယ်မြေများကို ပြန်လည် စိုးမိုးနိုင်သည်ဟု ဦးခွန်ဥက္ကာက ရေးသားခဲ့သည်။
ပအိုဝ်းဖြူအဖွဲ့က ၁၉၇၄ ခုနှစ်တွင် ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (SSNLF) အဖြစ် အမည်ပေး လှုပ်ရှားခဲ့ကြသည်။ ခေါင်းဆောင် သထုံ ဦးလှဖေ ၁၉၇၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် ကွယ်လွန်သွားရာ ဦးကျော်စိန်က PNO ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
ဦးလှဖေ နှင့် ဦးကျော်စိန်တို့မှာ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ (ပအမဖ) ကိုယ်စားလှယ်များအဖြစ် ၁၉၆၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ခဲ့သူများ ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံး ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းမှုအပြီး အဖမ်းခံခဲ့ကြရပြီး နောင်မှ ပြန်လည် လွတ်မြောက် လာကြသည်။
၁၉၇၆ ခုနှစ် လုံးဒါ ညီလာခံအပြီးတွင်မှု ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး [Shan State National Liberation Front- SSNLF မှ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (PNO) အဖြစ် ပြောင်းလဲလိုက်ကြသည်။ ထိုမှ စ၍ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) စတင် ဖြစ်ပေါ် လာခဲ့ခြင်း ဖြစ်သည်။
PNO အမည်နှင့် ပထမဆုံး ဥက္ကဋ္ဌမှာ ဦးကျော်စိန်ဖြစ်ပြီး ဒုဥက္ကဋ္ဌမှာ ဦးခွန်ရဲနောင် ဖြစ်သည်။ အထွေထွေ အတွင်းရေးမှုးမှာ ဗိုလ်မှူးကြီး အောင်ခမ်းထီ ဖြစ်ပြီး တွဲဖက်အထွေထွေ အတွင်းအရေးမှုးအဖြစ် ဦးခင်ကျော်ညိုက တာဝန်ယူသည်။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွင် ဗိုလ်မှူးကြီး ဂီးဒေါင်း၊ ဗိုလ်မှူးကြီး အောင်ခမ်း၊ ဗိုလ်မှူးကြီး ထွန်းရီ၊ ဗိုလ်မှူးကြီး ခွန်ဝိဇ္ဇာ၊ ဗိုလ်မှူး ခွန်ဥက္ကာ၊ ဗိုလ်မှူး စံသိန်း၊ ဗိုလ်မှူး ဖိုးတိုတို့ ပါဝင်ခဲ့ကြသည်။
၁၉၇၇ ခုနှစ်တွင် ဒုတိယ ဥက္ကဋ္ဌ ခွန်ရဲနောင် လက်နက်ချသွားခဲ့ပြီး ဥက္ကဋ္ဌဖြစ်သူ ဦးကျော်စိန်လည်း နုတ်ထွက်သွားခဲ့သည်။ ထိုအချိန်မှ စ၍ ဗိုလ်မှူးကြီး အောင်ခမ်းထီက PNO ၏ ဥက္ကဋ္ဌ စတင်ဖြစ်လာခဲ့သည်။
အရှင်ကုသလ (သို့မဟုတ်) ဦးအောင်ခမ်းထီ
PNO ၏ ဥက္ကဋ္ဌများ ဖြစ်ကြသော သထုံ ဦးလှဖေ၊ ဦးကျော်စိန်တို့ပြီးလျှင် ၎င်းတို့ နောက်မျိုးဆက်ထဲမှ ဥက္ကဋ္ဌ ဖြစ်လာသူမှာ ဦးအောင်ခမ်းထီ ဖြစ်သည်။
အရှင်ကုသလ ဘွဲ့ဖြင့် ရဟန်းဘဝ ကတည်းကပင် ပအိုဝ်းအမျိုးသားအရေး ဆောင်ရွက်နေသည့် သံဃာတပါး ဖြစ်ခဲ့သော ဦးအောင်ခမ်းထီးသည် ၁၉၇၁ ခုနှစ် ၎င်းအသက် ၃၅ နှစ်အရွယ်တွင် လူဝတ်လဲကာ ရလလဖ သို့ ဝင်ရောက်ပြီး တော်လှန်ရေးတွင် ပါဝင်လာခြင်းဖြစ်သည်။
၁၉၇၃ ခုနှစ် ရလလဖ နှစ်ခြမ်းအကွဲတွင် သထုံ ဦးလှဖေ၊ ဦးကျော်စိန်၊ ဦးခွန်ရဲနောင်တိုနှင့်အတူ ပအိုဝ်းဖြူအဖွဲ့ကို ဦးဆောင်သူများထဲ ပါဝင်ခဲ့ပြီး ဦးလှဖေ ဆုံးပါး၊ ဦးကျော်စိန်၊ ဦးခွန်ရဲနောင်တို့ အလင်းဝင်သွားရာမှ ဦးအောင်ခမ်းထီက ၁၉၇၇ ခုနှစ်တွင် PNO ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
“ရန်သူမရှိ၊ မိတ်ဆွေသာရှိ” မူကို လက်ကိုင်ထားသည့် ဦးအောင်ခမ်းထီ ပေါင်းသင်းနေသော လက်ရှိ မိတ်ဆွေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ပြည်သူများစွာကို ဖမ်းဆီး သတ်ဖြတ် အကျဉ်းချ နေသကဲ့သို့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်နေသည့် စစ်တပ်ကို ဦးဆောင်နေသူ ဖြစ်သည်။
“ရန်သူမရှိ ၊ မိတ်ဆွေသာရှိ” ဆိုသော အဖွဲ့၏ မူအတိုင်း ဦးအောင်ခမ်းထီသည် ငြိမ်းချမ်းရေးယူသည့် ၁၉၉၁ ခုနှစ် နဝတ ခေတ် ဗိုလ်ချုပ်မှူးကြီး စောမောင် လက်ထက်မှသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ် သိန်းစိန်နှင့် ယခု လက်ရှိ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်ထိ စစ်အာဏာရှင်တို့၏ မိတ်ဆွေကြီးအဖြစ် ရှိနေခဲ့သူ ဖြစ်သည်။
ဦးအောင်ခမ်းထီသည် ကြားကာလ နိုင်ငံရေး အကူးအပြောင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ လက်ထက်တွင်လည်း ခေါင်းဆောင်များနှင့် အဆင်ပြေစွာ ဆက်ဆံ နေထိုင်ခဲ့သူဖြစ်သည်။
သို့သော် PNO ၏ အကျိုးစီးပွား နွယ်သည့် အဓိက အုပ်စုကမူ စစ်အုပ်စုသာဖြစ်ခဲ့ပြီး ဦးအောင်ခမ်းထီသည်လည်း အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် အဆက်အသွယ် မပြတ်ခဲ့သူ ဖြစ်သည်။
“ရန်သူမရှိ၊ မိတ်ဆွေသာရှိ” မူကို လက်ကိုင်ထားသည့် ဦးအောင်ခမ်းထီ ပေါင်းသင်းနေသော လက်ရှိ မိတ်ဆွေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ပြည်သူများစွာကို ဖမ်းဆီး သတ်ဖြတ် အကျဉ်းချ နေသကဲ့သို့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်နေသည့် စစ်တပ်ကို ဦးဆောင်နေသူ ဖြစ်သည်။
ထို့ပြင် စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှ ပြီးခဲ့သည့် ဧပြီလအထိ ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ်ရေ ၂၄၀၀ ကျော်ဖြင့် အရပ်သား ၁၂၀၀ ကျော် သေဆုံးစေခဲ့မှုများတွင် အဓိက တာဝန်ရှိသည့် ခေါင်းဆောင်လည်း ဖြစ်သည်။
ထိုသို့ စစ်တပ်က ပြစ်မှုများစွာ ကျူးလွန်နေသော်လည်း ဦးအောင်ခမ်းထီက စစ်ခေါင်းဆောင်တို့နှင့် တသားတည်း ရှိနေပြီး ၎င်းဦးဆောင်သည့် PNO ကိုပင် စစ်ကောင်စီက စစ်လက်နက်များ ထပ်မံ တပ်ဆင်ပေးလျက် ရှိသည်။
စစ်အာဏာ သိမ်းပြီးနောက်ပိုင်း PNO ၏ အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲများကိုလည်း အသက် ၈၈ နှစ်အရွယ် ရောက်နေပြီ ဖြစ်သည့် ဦးအောင်ခမ်းထီက တက်ရောက် ဩဝါဒပေးကာ တက်ကြွနေဆဲ ဖြစ်သည်။
စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ကလည်း ဦးအောင်ခမ်းထီအား ဝဏ္ဏကျော်ထင်ဘွဲ့ကို ၂၀၂၃ ခုနှစ်တွင် ထပ်မံပေးလိုက်သည်။ ယခင် နအဖ စစ်အစိုးရ လက်ထက် ၂၀၀၂ ခုနှစ်တွင်လည်း ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ လုပ်ကွက်မှ တူးဖော်ရရှိသည့် တန် ၃,၀၀၀ ကျော် ကျောက်စိမ်းရိုင်းတုံးကြီးကို စစ်အစိုးရသို့ လှူဒါန်းခဲ့မှုကြောင့် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရဘွဲ့ကို ဦးအောင်ခမ်းထီ ရရှိခဲ့သေးသည်။
(ဆက်လက်ဖော်ပြပါမည်)
You may also like these stories:
အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၁
အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၂
မိုးကုတ် ရတနာမြေကို ခရိုနီတွေ လက်ဝါးကြီးအုပ် မရတော့ပြီ
မွန်နှင့် ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့သစ်များ
PNLA နှင့် နေဝင်းထွန်း၏ ပအိုဝ်းပြည်သူစစ်တို့ ဆီဆိုင်၌ တိုက်ပွဲပြင်းထန်
ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ပအိုဝ်းတော်လှန်ရေးခရီး နှစ် ၅၀
အပစ်ရပ် PNLA တပ်ဖွဲ့ဝင် ၅ ဦးအား ပအိုဝ်းပြည်သူ့စစ်မှ ဖမ်းဆီးသတ်ဖြတ်
ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တွင် နေရာပေးရန် PNO နှင့် TNP တို့တောင်းဆို