စစ်ကော်မရှင်က ရွေးကောက်ပွဲ မဖြစ်မနေကျင်းပရန် စိုင်းပြင်းနေသော်လည်း လက်လွှတ် ထားရသည့် ပြည်နယ် များတွင်မူ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များ ခေါ်ယူနိုင်ရေး မရေရာမှုများ မေးခွန်းထုတ်မှုများရှိနေသည်။
မကြုံစဖူး အပိုင်းလိုက်ကျင်းပမည့် ရွေးကောက်ပွဲ၌ အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်တွင် လုပ်မည်ဖြစ်ရာ ပြည်သူ့လွှတ် တော်ကို မဲများသူ အနိုင်ရ (FPTP)စနစ်ဖြင့် လည်းကောင်း၊ အမျိုးသားလွှတ်တော်၊ တိုင်းနှင့် ပြည်နယ်လွှတ်တော်တို့အား မဲများသူ အနိုင်ရစနစ်အပြင် အချိုးကျကိုယ်စားပြုစနစ် (PR) ပေါင်းစပ်ကျင်းပမည်ဟု ရွေးကောက်ပွဲ ကော်မရှင် (UEC)က ကြေညာထားသည်။
အမျိုးသားလွှတ်တော်အတွက် တိုင်းနှင့် ပြည်နယ်တခုလျှင် ၁၂ ဦးစီ ရွေးကောက်မည်ဖြစ်ရာ ၆ ဦးကို FPTP စနစ်၊ ကျန် ၆ ဦးကို PR စနစ်ဖြင့် ရွေးမည်ဖြစ်ပြီး၊ တမြို့နယ်လျှင် နှစ်ဦးရွေးကောက်မည့် တိုင်းနှင့်ပြည်နယ်လွှတ်တော်အတွက်မူ တဦးအား FPTP စနစ်ဖြင့်လည်းကောင်း ကျန်တဦးကို PR စနစ်ဖြင့် ရွေးကောက်မည် ဖြစ်သည်။
နိုင်ငံတဝန်း မြို့နယ်အများစုထိန်းချုပ်ထားဆဲ စစ်ကော်မရှင်အတွက် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲမှာ မထူးခြားလှသော် လည်း PR စနစ် ရောနှောကျင်းပမည့် အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ရွေကောက်ပွဲများတွင်မူ PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ်များအား မည်သို့ဆုံးဖြတ် ရွေးကောက်တင်မြှောက်မည်မှာ အငြင်းပွားဖွယ်ရာ ဖြစ်နေသည်။
သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများအရ လွှတ်တော်အစည်းအဝေးတရပ်၏ ပထမနေ့တွင် တက်ရောက်ခွင့် ရှိသူစုစုပေါင်း၏ ထက်ဝက်ကျော် မတက်ရောက်ပါက အစည်းအဝေး အထမမြောက်သော်လည်း ထပ်မံရွှေ့ဆိုင်းကျင်းပ သည့် အစည်းအဝေးများ၌ တက်ရောက်ခွင့်ရှိသူစုစုပေါင်း၏ အနည်းဆုံး သုံးပုံတပုံတက်ရောက်ပါက အစည်းအဝေး အထမြောက်ကြောင်း ပြဋ္ဌာန်းထားသည်။
ထို့အတွက် အဓိကအားဖြင့် နယ်မြေအများစု ဆုံးရှုံးထားသည့် ရခိုင်၊ ချင်း၊ ကရင်နီ(ကယားပြည်နယ်)၊ ကချင်၊ ကရင် စသည့် ဒေသများတွင် ပြည်နယ်လွှတ်တော်များပေါ်ပေါက်ရေး စစ်ကော်မရှင်က အငြင်းပွားဖွယ်နည်းလမ်းနှစ်မျိုးဖြင့် လုပ်ဆောင် လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်သည်။
ပထမအချက်မှာ စစ်တပ်ထိန်းချုပ်ထားနိုင်သည့် မြို့နယ်တွင်သာ ရွေးကောက်ပွဲကျင်းပပြီး ရရှိလာသော ကိုယ်စားလှယ် အရေအတွက်အနည်းငယ်နှင့် စစ်တပ်က အချိုးကျရထားသည့် တပ်ကိုယ်စားလှယ်ပေါင်းကာ လွှတ်တော်အား မဖြစ်မနေ ခေါ်ယူမည့်နည်းလမ်း ဖြစ်သည်။
ဒုတိယအချက်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်များကို ချန်လှပ်၍ ရွေးကောက်ပွဲ ကျင်းပနိုင်သည့် မြို့နယ်များမှ မဲဆန္ဒရလဒ်များပေါ်သာ ကိုယ်စားလှယ်များ အချိုးကျ ရွေးကောက်တင်မြှောက်သည့်ပုံစံဖြင့် ကိုယ်စားလှယ်အရေအတွက် ရရှိအောင် ပြုလုပ်နိုင်သည့် PR စနစ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး၊ ထိုနည်းကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ် ပလက်ဝမဲဆန္ဒနယ်၌ ရွေးကောက်ပွဲကော်မရှင်က ကျင့်သုံးခဲ့ဖူးသည့် သာဓကရှိသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ပလက်ဝမဲဆန္ဒနယ်အတွင်း ပါဝင်သော ကျေးရွာအုပ်စု ၉၄ ခုအား စစ်တပ်နှင့် အာရက္ခတပ်တော် (AA)တို့ကြား တိုက်ပွဲများကြောင့် လုံခြုံရေးအရ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း UEC က ကြေညာပြီး ကျန်ပလက်ဝ မြို့ပေါ်နှင့် ဆမီးမြို့ပေါ် ရပ်ကွက် ၇ ခု၊ ရှင်းလက်ဝကျေးရွာအုပ်စု ၁ စုတို့၌သာ ရွေးကောက်ပွဲကျင်းပကာ လွှတ်တော်ကိုယ် စားလှယ်များ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က ပလက်ဝမဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၆ သောင်းကျော်အနက် ၄ သောင်းကျော် မဲပေးခွင့်ဆုံးရှုံးခဲ့ပြီး ပိုနည်း သော လူဦးရေ ၁၇,၀၀၀ ကျော်မဲဖြင့်သာ တမြို့နယ်လုံး ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ် ငါးယောက်အား အတည်ပြု ရွေးကောက်လိုက်ကြောင်း UEC က ကြေညာခဲ့ဖူးသည်။
လက်ရှိတွင်လည်း မြို့နယ် ၁၇ ခု ရှိပြီး ၁၄ မြို့နယ်အား AA က သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်အခြေအနေနှင့် နှိုင်း ယှဉ်ကြည့်ပါက စစ်ကော်မရှင်အနေဖြင့် ၎င်းတို့ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် သုံးမြို့ နယ်၌သာ အပိုင်း(၁)အဖြစ် ရွေးကောက်ပွဲကျင်းပရန် ကြေညာထားသည်။
ထိုသုံးမြို့နယ်သည်ပင် တမြို့နယ်လုံးကျင်းပနိုင်ခြင်းမရှိသည့် အခြေအနေအောက် မဲများသူအနိုင်ရစနစ် အရ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် သုံးဦးသာ ရရှိနိုင်မည်ဖြစ်သည်။
တပြည်နယ်လုံးကိုယ်စားပြု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ထက်ဝက် (၁၇ ဦး)အား PR စနစ်ဖြင့် ကျင်းပမည့် မဲဆန္ဒနယ် သတ်မှတ်ချက်တွင်မူ စစ်တွေခရိုင်တခုလုံး၊ မောင်တောခရိုင်တခုလုံးနှင့် မြောက်ဦးခရိုင်တခုလုံး ပါဝင်သည့် မဲဆန္ဒနယ်(၁)၌ ကိုယ်စားလှယ် ၁၀ ဦး ရွေးကောက်မည်ဖြစ်ပြီး ကျောက်ဖြူခရိုင်တခုလုံး၊ တောင်ကုတ်ခရိုင်တခုလုံး၊ သံတွဲခရိုင်တခုလုံးနှင့် အမ်းခရိုင်တခုလုံးပါဝင်သော မဲဆန္ဒနယ်(၂)တွင် ကိုယ်စားလှယ် ၇ ဦး ရွေးကောက်မည်ဟု UEC က ကြေညာထားသည်။

UEC အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများအရ မဲဆန္ဒနယ်တခုလုံးကိုဖြစ်စေ၊ မဲဆန္ဒနယ်တခုအတွင်းမှ နယ်မြေအစိတ်အပိုင်းတချို့ကိုဖြစ်စေ ရွေးကောက်ပွဲပယ်ဖျက်ခွင့်၊ ရွေ့ဆိုင်းခွင့်ရှိသဖြင့် AA သိမ်းပိုက်ထားသည့် မြို့နယ်များအား ပယ်ဖျက်ကာ ၎င်းတို့ ထိန်းချုပ်ထားသော မြို့နယ်အနည်းစုမဲရလဒ်ဖြင့် မဲဆန္ဒနယ်တခုလုံးကိုယ်စားပြု ကိုယ်စားလှယ်အရေအတွက်ကို ရွေးကောက်တင်မြောက်သွားနိုင်သည့် အခြေအနေ ဖြစ်နေ သည်။
ထိုအခြေအနေနှင့်ပတ်သက်ပြီး ဩဂုတ် ၂၆ ရက်က ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံရာတွင် ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီများက မေးခွန်းထုတ်ခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်ထံမှ ရှင်းလင်း သည့်အဖြေမရခဲ့ဟု ရခိုင်ပြည်နယ်အခြေစိုက်ပါတီတခုက ဧရာဝတီကို ပြောသည်။
ရခိုင်ပြည်နယ်အခြေစိုက် မှတ်ပုံတင်ထားသည့် ပါတီတာဝန်ရှိသူတဦးက “ကျနော်တို့ ဒွိဟဖြစ်နေတာလည်း စစ်တွေမှာ ကျင်းပတယ်ဆို စစ်တွေခရိုင်တခုလုံး လွှမ်းခြုံမလား၊ ကျောက်ဖြူမှာကျင်းပတယ်ဆို ကျောက်ဖြူခရိုင်တခုလုံး လွှမ်းခြုံမ လား၊ အဲဒါတွေ မေးခွန်းထုတ်တယ်။ UEC က ဖြေရှင်းတာတော့ အပိုင်း ၁ အနေနဲ့ စဉ်းစားထားတယ်၊ နောက်ထပ် အပိုင်း ၂ တို့၊ ၃ တို့ လုပ်မယ့်သဘောပဲမြင်ရတယ်။ ကျနော်တို့ ရခိုင်ပြည်နယ်ရဲ့ လွှတ်တော်ဖွဲ့စည်းပုံက ဘယ်လိုသွားမှာတုန်း၊ အပိုင်း ၁ လုပ်ထားတဲ့ရလဒ်နဲ့ပဲ သွားမှာလား၊ ဘာမှရေရေရာရာမသိရဘူး။ ဒီနေ့အစည်းအဝေးအရတော့ တော်တော်စိတ်ပျက်သွား တယ်” ဟု ပြောသည်။
ထို့ပြင် PR စနစ်အား လွှတ်တော်အတွင်း လူမျိုးစုပါတီများနှင့် ပါတီငယ်များ ကိုယ်စားပြုပါဝင်ခွင့်ရရေး ရည်ရွယ်ကာ ထည့်သွင်းကျင်းပသည်ဆိုသော်လည်း လက်တွေ့တွင် မည်သည့်အကျိုးမှမရှိဘဲ ရခိုင်ပြည်နယ်အခြေအနေအရ ပါတီ ဆက်လက်ရပ်တည်နိုင်ရေးအတွက်ပင် ခက်ခဲနေကြောင်း ၎င်းက ဆိုသည်။
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တရားဝင်မှုမရှိကြောင်း ကန့်ကွက်မှုများအပြင် အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG)၊ အာရက္ခတပ်တော်(AA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တော်လှန်ရေးအင် အားစုများက ရွေးကောက်ပွဲကို လက်မခံကြောင်း အတိအလင်း ပြောကြားထားသော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် က ရွေးကောက်ပွဲအား မဖြစ်ဖြစ်သည့်နည်းလမ်းဖြင့်ကျင်းပရန် အပူတပြင်း ကြိုးပမ်းလျက်ရှိသည်။
စစ်ကော်မရှင်ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ့အာဘော်၌ “ရွေးကောက်ပွဲဥပဒေတွင် ဆန္ဒမဲပေးသူ မည်သည့် ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မည်ဟု သတ်မှတ်ပြဋ္ဌာန်းထားမှုမရှိခြင်းကြောင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးသည် အခက်အခဲများစွာရှိမည်မဟုတ်ဟု ဆိုရမည်။ ထို့ပြင် လွှတ်တော်အစည်းအဝေးများကျင်းပရာ၌ လွှတ်တော် တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်ဦးရေ၏ တက်ဝက်ကျော်လျှင် အစည်းအဝေးအထမြောက်ခြင်း၊ အထမမြောက်ပါက လည်း ဒုတိယအကြိမ် အစည်းအဝေးတွင် လွှတ်တော်တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်များအနက် အနည်းဆုံး သုံးပုံတပုံ တက်ရောက်ပါက အထမြောက်ခြင်းဖြစ်ရာ ရွေးကောက်ပွဲမှ လိုအပ်သည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ထွက် ပေါ်လာရေးသည်လည်း များစွာခဲယဉ်းမည်မဟုတ်” ဟု ၎င်းတို့ စိတ်ကြိုက်ခြယ်လှယ်ကျင်းပမည့် ရွေးကောက်ပွဲအခြေအနေ နှင့် ပတ်သက်ပြီး ဩဂုတ် ၈ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
You may also like these stories:
တိုင်းပြည်ပျက်နေချိန် ကျင်းပမယ့် ရွေးကောက်ပွဲ
ပြည်ပရောက်မြန်မာတွေ ရွေးကောက်ပွဲ မဲပေးကြမှာလား
လုံခြုံရေးစိန်ခေါ်ချက်ကြောင့် ရန်ကုန်မှာ ရွေးကောက်ပွဲ တပြိုင်နက်မလုပ်နိုင်
ရွေးကောက်ပွဲ အပိုင်း ၁ မန္တလေးမြို့ပေါ် ၂ မြို့နယ်သာ ပါဝင်














