ကိုဗစ်-၁၉ ကြောင့် စီးပွားရေး သိသိသာသာ နှေးကွေးသွားစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စတင်လုပ်ဆောင်သည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ထိန်းသိမ်းထားရန် ရည်ရွယ်သော အလယ်အလတ်နှင့်ရေရှည် စီးပွားရေးနာလန်ထရေးနှင့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တခုကို မြန်မာအစိုးရ ရေးဆွဲနေသည်။
“ကိုဗစ်-၁၉ အကျပ်အတည်း – ပြန်လည်နာလန်ထပြီး ပိုမိုကောင်းမွန်စွာတည်ဆောက်မည်” အမည်ရှိ ဆောင်းပါးတစောင်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (MIFER) ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းက အစိုးရမီဒီယာတွင် ရေးသားသည်။ ကမ္ဘာတဝန်း ကူးစက်ရောဂါကြောင့် ထိခိုက်သည့် စီးပွားရေးကို အထောက်အကူဖြစ်စေရန် အစိုးရက နောက်ဆုံးချမှတ်ထားသည့် အစီအမံများနှင့် တုံ့ပြန်မှုအစီအစဉ်များကို ထိုဆောင်းပါးတွင် လူထုအား ရှင်းပြထားသည်။
မြန်မာနိုင်ငံသည် လွန်ခဲ့သော လေးနှစ်ခန့်ကမျှ စတင်ခဲ့သော စီးပွားရေး ပြုပြင်ပြောင်းလဲမှု ခရီးကို ဆက်လက်ထိန်းသိမ်းရန် ကျယ်ပြန့်ပြီး အားလုံးအကျုံးဝင်သည့် အလယ်အလတ်နှင့်ရေရှည် မြန်မာ့စီးပွားရေးပြန်လည်နာလန်ထရေးနှင့် ပြုပြင်ပြောင်းလဲရေးအစီအစဉ်သစ် (MERRP) ကို ရေးဆွဲနေသည်မှာ ခရီးအတော်ရောက်နေပြီဖြစ်ကြောင်း စီးပွားရေးအပေါ် ကိုဗစ်-၁၉၏ သက်ရောက်မှုများ ကိုင်တွယ်ဖြေရှင်းရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သော ဦးသောင်းထွန်းက ရေးသားသည်။
“ထို့ကြောင့် မိမိတို့သည် စွမ်းအင်နှင့် အခြေခံအဆောက်အအုံကဲ့သို့သော ကဏ္ဍများတွင် အစိမ်းရောင်ရင်းနှီး မြှုပ်နှံမှုအတွက် မြန်မာနိုင်ငံ၏ အလားအလာကို အသုံးချရန်ကြိုးစားပြီး ပိုမိုကောင်းမွန်စွာ ပြန်လည်တည်ဆောက်ရန် ဤအခွင့်အလမ်းကို အပြည့်အ၀ အသုံးချမည်”
MERRP ကို စစ်မှန်သည့် ရေရှည်တည်တံ့သော စီးပွားရေးနာလန်ထရေး၏ အစိတ်အပိုင်းအဖြစ် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုဖြင့် အကောင်အထည်ဖေါ်မည်ဖြစ်ကြောင်း ဦးသောင်းထွန်းရေးသားသည်။
“ထို့ကြောင့် မိမိတို့သည် စွမ်းအင်နှင့် အခြေခံအဆောက်အအုံကဲ့သို့သော ကဏ္ဍများတွင် အစိမ်းရောင်ရင်းနှီး မြှုပ်နှံမှုအတွက် မြန်မာနိုင်ငံ၏ အလားအလာကို အသုံးချရန်ကြိုးစားပြီး ပိုမိုကောင်းမွန်စွာ ပြန်လည်တည်ဆောက်ရန် ဤအခွင့်အလမ်းကို အပြည့်အ၀ အသုံးချမည်”ဟု ထိုဆောင်းပါးတွင် သူရေးသားသည်။
ဧပြီလတွင် အစိုးရသည် ကာလတိုအတွင်း ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုများသက်သာရေးအတွက် ရည်ရွယ်ကာ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် (CERP) ကို စတင်ခဲ့သည်။ ထိုစီမံချက်သည် ဘဏ္ဍာရေး အကူအညီများဖြင့် မိုက်ခရိုစီးပွားရေးပတ်ဝန်းကျင်ကို တိုးတက်အောင်ဆောင်ရွက်ခြင်း ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍများတွင် တိုးတက်အောင်လုပ်ဆောင်ခြင်းဖြင့် ပုဂ္ဂလိက ကဏ္ဍအပေါ် ထိခိုက်မှုသက်သာစေခြင်း၊ အလုပ်သမားများနှင့် မိသားစုများအား အကူအညီပေးခြင်း၊ တီထွင်ဆန်းသစ်သော ထုတ်ကုန်များနှင့် နယ်ပယ်များကို အားပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုတောင့်တင်းကြံ့ခိုင်ရေးနှင့် အရေးပေါ် ရန်ပုံငွေအပါအဝင် ကိုဗစ်-၁၉ တုံ့ပြန်မှု ဘဏ္ဍာရေးအစီအစဉ်များကို ပိုမိုရရှိအောင် လုပ်ဆောင်ခြင်းတို့အပေါ် အာရုံစိုက်သည်။
“ထိုစီမံချက်စတင်ပြီး ၆ လကြာသောအခါ မိမိတို့ မည်မျှအောင်မြင်ပြီးဖြစ်သည်၊ မည်သည်တို့ကို လုပ်ဆောင်ရန် ကျန်နေသည်နှင့် နောက်တဆင့် မည်သည်ကို လုပ်ဆောင်ရမည်ကို သတ်မှတ်ရန် လေ့လာစမ်းစစ်မှုများပြုလုပ်နေသည်” ဟု ဦးသောင်းထွန်းရေးသားသည်။
“ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူ ညှိနှိုင်းရေးအဖွဲ့နှင့်အတူတကွ လုပ်ဆောင်ခြင်းအားဖြင့် မိမိတို့၏ လတ်တလော ထိခိုက်မှု သက်သာရေးနှင့် ရေရှည်စီးပွားရေး နာလန်ထရေး အားထုတ်မှုများကို ဘဏ္ဍာငွေစိုက်ထုတ်ရန် ထောက်ပံ့ငွေနှင့် အထူးအခွင့်အရေးပေး ချေးငွေ ဒေါ်လာသန်း ရာပေါင်းများစွာကို သုံးစွဲခဲ့သည်” ဟုလည်း သူက ဆက်လက်ရေးသားသည်။
“စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်မှာ မှန်သော်လည်း ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးနှင့် ပြန်လည်နာလန်ထရေး စီမံချက်အရ ဆိုပါက မိမိတို့သည် မုန်တိုင်းကို ခံနိုင်ပြီး ပိုမိုကောင်းမွန်စွာ ပြန်လည် တည်ဆောက်နိုင်မည်ဟု မျှော်လင့်ရသည်”
MIFER ၏ အဆိုအရ အစိုးရသည် ကုန်ထုတ်လုပ်မှု၊ ဧည့်သည်ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍများသို့ ထုတ်ပေးငွေ ကျပ် ၂၀၀ ဘီလျံ၊ လယ်သမားများအတွက် ကျပ်ငွေ ၆၀၀ ဘီလျံ၊ အသေးစားချေးငွေကဏ္ဍအတွက် ကျပ်ငွေ ၁၀၀ ဘီလျံ၊ အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများအတွက်ကျပ်ငွေ ၂၀၀ ဘီလျံနှင့် လက်ဖက်ရည်ဆိုင်နှင့် လမ်းဘေးဆိုင်များဆက်လက်ရှင်သန်ရေးအတွက် ကျပ်ငွေ ၁၀၀ ဘီလျံ အပါအဝင် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်သည့် လူမှုရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ထိခိုက်မှုများကို ကိုင်တွယ်ရန် ကျပ်ငွေ ၂ ထရီလျံ (အမေရိကန်ဒေါ်လာ ၁.၅၂ ဘီလျံ) ကို သုံးစွဲခဲ့သည်။
“စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်မှာ မှန်သော်လည်း ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးနှင့် ပြန်လည်နာလန်ထရေး စီမံချက်အရ ဆိုပါက မိမိတို့သည် မုန်တိုင်းကို ခံနိုင်ပြီး ပိုမိုကောင်းမွန်စွာ ပြန်လည် တည်ဆောက်နိုင်မည်ဟု မျှော်လင့်ရသည်”ဟု ဦးသောင်းထွန်းရေးသားသည်။
၂၀၁၆ ခုနှစ်တွင် အာဏာရလာပြီးနောက် NLD အစိုးရသည် ရင်းနှီးမြှုပ်နှံမှု ဥပဒေများကို ပြင်ဆင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအကြား ယုံကြည်မှုကို မြှင့်တင်ရန် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေကိုပြဋ္ဌာန်းခြင်း၊ MIFER ကို တည်ထောင်ခြင်း၊ လူမှုစီးပွားကဏ္ဍများအားလုံး ညီမျှစွာတိုးတက်မှုကိုအားပေးသည့် လမ်းပြမြေပုံဖြစ်သော မြန်မာရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်(MDSP) ကိုချမှတ်ခြင်း အပါအဝင် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အများအပြားကို ပြုလုပ်ခဲ့သည်။
အစိုးရသည် ကြိုးနီစနစ်ကို ဖယ်ရှားရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများအတွက် အွန်လိုင်းမှတ်ပုံတင်စနစ်ကိုလည်း ထူထောင်ခဲ့သည်။ ထို့အပြင် အစိုးရသည် လာမည့် နှစ်ပေါင်း ၂၀ အတွင်း တာဝန်သိသော စီးပွားရေးလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလျံ ၂၀၀ ကျော်ကို ဆွဲဆောင်ရန် ရည်ရွယ်သော မြန်မာရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံချက် (MIPP) ကိုလည်း ချမှတ်ခဲ့သည်။
ထို့အပြင် အစိုးရနှင့် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ ညှိနှိုင်းမှု ပြုလုပ်နိုင်စေရန်နှင့် MSDP နှင့်ကိုက်ညီသည့် အဆိုပြုချက်များကို ဦးစားပေးနိုင်ရန် စီမံကိန်းဘဏ်ကိုလည်း တစုတစည်းတည်းရှိပြီး အများပြည်သူကြည့်ရှုနိုင်သည့် အချက်အလက်များ စုဆောင်းထားရာ နေရာအဖြစ် ထူထောင်ခဲ့သည်။ သို့သော် ရိုဟင်ဂျာ ပြဿနာကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု သိသိသာသာ ကျဆင်းသွားသည်။
ထိခိုက်ရသည့် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့် တရားဝင်အချက်အလက်များကို အစိုးရက ထုတ်ပြန်ခြင်း မရှိသေးသော်လည်း မတ်လမှ စတင်ပြီး မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းကဏ္ဍများနှင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများကို မှီခိုနေရသူ သန်းပေါင်းများစွာတို့ကို ကိုဗစ်-၁၉ က အပြင်းထန်ဆုံး ထိခိုက်စေသည်။
မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (GDP) သည် ကိုရိုနာဗိုင်းရပ်စ်ထိခိုက်မှုကြောင့် လက်ရှိဘဏ္ဍာရေးနှစ်တွင် ၁.၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။ အာရှဖွံ့ဖြိုးရေး ဘဏ်၏ အဆိုအရ မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုမှာ လွန်ခဲ့သော နှစ်က ၆.၇ ရာခိုင်နှုန်းရှိသည်။ သို့သော် လာမည့်နှစ်တွင် ၆ ရာခိုင်နှုန်းသို့ ပြန်လည်ခုန်တက်မည်ဟု ဆိုသောကြောင့် ကနဦးကျဆင်းမှုကဲ့သို့ပင် ထူးခြားသော နာလန်ထမှုဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် လက်ရှိဘဏ္ဍာရေးနှစ်၏ ပထမ ၁၁ လအတွင်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော်ပြန်လည်ရရှိကြောင်း အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းဖြစ်သော ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားရေး ဦးစီးဌာန (DICA) က မကြာသေးမီက ကြေညာသည်။ လွန်ခဲ့သော ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင် မြန်မာနိုင်ငံ အမေရိကန် ဒေါ်လာ ၄.၁ ဘီလျံတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရရှိခဲ့သည်။
သင့်တင့်လျှောက်ပတ်ပြီး တာဝန်သိသော ရင်းနှီးမြှုပ်နှံမှု မြန်မာနိုင်ငံတွင် ဆက်လက်စီးဝင်နေရေးသည် ပိုမိုခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့သည့် စီးပွားရေးနာလန်ထရေးအတွက် မရှိမဖြစ်ဟုလည်း ဆိုသည်။
စွမ်းအင်၊ ကုန်ထုတ်လုပ်ရေး၊ အိမ်ခြံမြေ ကဏ္ဍများမှ အဓိက စီမံကိန်းကြီးများအတွက် အဆိုပြုချက်သစ်အများအပြားကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က စဉ်းစားသုံးသပ်နေကြောင်း ဦးသောင်းထွန်းပြောပြီး “အလားအလာကောင်းသည်။ သို့သော် ထိုသို့ရရှိရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ”ဟု ဆိုသည်။
သင့်တင့်လျှောက်ပတ်ပြီး တာဝန်သိသော ရင်းနှီးမြှုပ်နှံမှု မြန်မာနိုင်ငံတွင် ဆက်လက်စီးဝင်နေရေးသည် ပိုမိုခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့သည့် စီးပွားရေးနာလန်ထရေးအတွက် မရှိမဖြစ်ဟုလည်း ဆိုသည်။
ကျောက်မီးသွေးအစားထိုး ကာဗွန်ထုတ်လွှတ်မှုနည်းသည့် ၁၂၅၀ မဂ္ဂါဝပ် သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံတခုကို သီလဝါတွင် တည်ဆောက်ရန် ခွင့်ပြုကြောင်း အကြောင်းကြားစာကို အစိုးရက ဂျပန်မှ Marubeni, Sumitomo Corp. နှင့် Mitsui & Co တို့ကို ဇူလိုင်လတွင် ပေးအပ်ခဲ့သည်။
ထို့အပြင် အစိုးရသည် ဆိုလာစီမံကိန်း ၃၀ အတွက် လျှင်မြန်သည့် နိုင်ငံတကာတင်ဒါခေါ်ယူမှုကိုလည်း ပြုလုပ်ခဲ့သည်။ MIFER ၏ အဆိုအရ အစိုးရသည် တင်ဒါဝင်ရောက်ယှဉ်ပြိုင်မှု ၁၅၅ ခုရရှိပြီး အောင်မြင်သော တင်ဒါများမှာ ဓါတ်အားတယူနစ်လျှင် ၀.၀၄၂၂ ဒေါ်လာရှိကြောင်း သိရသည်။
တရုတ်ကျောထောက်နောက်ခံပြု ရန်ကုန်မြို့သစ်တည်ဆောက်ရေးလုပ်ငန်းကို ကြီးကြပ်ရန် အတိုင်ပင်ခံလုပ်ငန်း Roland Berger ကို ငှားရမ်းသည့်အကြောင်းကိုလည်း ဦးသောင်းထွန်းက သူ၏ ဆောင်းပါးတွင် ရှင်းပြသည်။
“ဒီလိုလုပ်ဆောင်မှုတွေဟာ ပိုမိုမျှတ၊ ယှဉ်ပြိုင်ပြီး စီမံကိန်းတခုလုံးအတွက် အရည်အသွေးပိုမိုကောင်းမွန်စေပြီး အနာဂတ် ဒီလို စီမံကိန်းတွေအတွက်လည်း စံနမူနာဖြစ်လာမယ်” ဟု ဦးသောင်းထွန်းပြောသည်။
သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးသည် ထိုစီမံကိန်း၏ အဓိက သွင်ပြင်လက္ခဏာဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများတွင် ရေလွှမ်းမိုးမှုခံနိုင်သော ဒီဇိုင်းနှင့် သဘာဝနှင့် လူသားများက တည်ဆောက်ထားသည့် ပန်းခြံများ၊ တူးမြောင်းများနှင့် အခြားရေလမ်းကြောင်းများ ပါဝင်ကာ တချိန်တည်းတွင် ရေတိမ်ဒေသများနှင့် ဇီဝမျိုးစုံ မျိုးကွဲစုံလင်မှုကို ထိန်းသိမ်းမည်ဖြစ်ကြောင်း ဦးသောင်းထွန်းက အများပြည်သူသို့ အာမခံသည်။
(Nan Lwin ၏ Myanmar Govt Vows to ‘Build Back Better’ With Latest COVID-19 Recovery Plans ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဒုတိယအကြိမ် ကိုဗစ်ကုစားရေး ချေးငွေအတွက် လျှောက်လွှာ ၃၀၀၀ ကျော် ပယ်ချခံရ
တာချီလိတ်- မယ်ဆိုင် ကုန်သွယ်ရေး အကန့်အသတ်များ ပြန်ဖြေလျှော့ရန် သဘောတူမှုရ
ထားဝယ် SEZ သို့ တရုတ်ကုမ္ပဏီများ အလုအယက်လာနေ