ဒုတိယအကြိမ် ကိုဗစ်ကုစားရေးချေးငွေ အတွက် လျှောက်လွှာ ၁၁၀၀၀ ကျော်ကို လက်ခံရရှိသော်လည်း နိုင်ငံတော် က ချေးငွေခွင့်ပြုထားသည့် ကဏ္ဍမဟုတ်သော လုပ်ငန်းများမှ လျှောက်ထားခြင်း၊ စာရွက်စာတမ်း မပြည့်စုံခြင်း လုပ်ငန်း သက်တမ်း ၂ နှစ် မပြည့်ခြင်း စသည်တို့ကြောင့် လျှောက်လွှာ ၃၀၀၀ခန့် ပယ်ချလိုက်ကြောင်း UMFCCI မှ သိရသည်။
UMFCCI တွဲဖက် အတွင်းရေးမှူး ဦးအေးထွန်းက “စစ်ဆေးတာက သက်ဆိုင်ရာ ဝန်ကြီးဌာနပါတယ်၊ သက်ဆိုင်ရာ အသင်း အဖွဲ့တွေ ပါတယ်၊ ဘဏ်အဖွဲ့တွေ ပါတယ်၊ ဒီအဖွဲ့တွေက အရင်ဆုံး စိစစ်လိုက်တယ်။ ဒါကိုမှ ကျနော်တို့က ချေးငွေတွေ ဘယ်လောက်ထောက်ခံပေးရမလဲ ဆိုတာ ထပ်ပြီး စိစစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လျှောက်လွှာ ၁၁၀၀၀ အနက် လျှောက်လွှာ ၅၀၀၀ မှာ စိစစ်ပြီး ဖြစ်ရာ ပထမအသုတ်အဖြစ် လုပ်ငန်း ၁၀၄၁ ခုသို့ ငွေကျပ် ၂၀ ဒသမ ၇၇၇၅ ဘီလီယံ ထုတ်ချေး ခွင့် ပြုကြောင်း အစိုးရက ကြေညာထားသည်။
ချေးငွေရသော လျှောက်လွှာပိုင်ရှင်များထံ နိုင်ငံတော်က ချေးငွေထုတ်ပေးမည့် စာများ ပေးပိုမည်ဖြစ်ပြီး ယင်းစာကို အသင်းချုပ်က ပေးဝေရမည် ဖြစ်သောကြောင့် လက်ရှိတွင် စောင့်ဆိုင်းနေဆဲ အဆင့်သာ ဖြစ်ကြောင်း၊ ကျန်လျှောက်လွှာ ၃၀၀၀ ကျော်အား ဆက်လက် စိစစ်နေရာမှ ကိုဗစ် ပြန့်ပွားနေသည့်ကာလ ဖြစ်သဖြင့် စိစစ်သည့်ရက် ၁၀ ရက်ခန့် ရပ်နား ထားကြောင်း သိရသည်။
ယခု ချေးငွေ ထုတ်ပေးသည့် ကဏ္ဍများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန် အစားထိုးပစ္စည်း ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ ပြည်တွင်း ထုတ်လုပ်မှုမှ ပြည်ပ တင်ပို့သည်အထိ ထုတ်လုပ်မှု ကွင်းဆက် (Supply Chain) တလျှောက် ပါဝင်ဆောင်ရွက် သည့် လုပ်ငန်းများ၊ စားသောက်ကုန် ထုတ်သည့် လုပ်ငန်းများ၊ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများ စသည့် လုပ်ငန်း ကဏ္ဍ ၉ ခု ဖြစ်သည်။
အစိုးရက ချေးပေးသော ချေးငွေ၏ အတိုးနှုန်းမှာ ၁ ရာခိုင်နှုန်းနှင့် ချေးငွေကာလမှာ ၁ နှစ် သတ်မှတ်ထားပြီး၊ ပထမအကြိမ် COVID-19 ချေးငွေ ရရှိထားပြီးသူများနှင့် သတ်မှတ်ထားသော ကဏ္ဍတွင် မပါဝင်သည့် လုပ်ငန်းရှင်များအနေနှင့် ယခု ထုတ်ပေးသည့် ချေးငွေ အစီစဉ်တွင် ပါဝင်မည်မဟုတ်ပေ။
မွန်ပြည်နယ် သီးနှံစိုက်ပျိုးရေး တောင်သူ ဦးဝင်းရွှေက “အခု အသုတ်မှာ စိုက်ပျိုးရေးအတွက် ချေးငွေကပါတော့ ဝမ်းသာ ပါတယ်။ ဒါပေမယ့် တကယ့် စိုက်ပျိုးတဲ့ တောင်သူတွေက ဘယ်လိုလုပ်ရမှန်း လျှောက်ရမှန်း မသိတာနဲ့ ရန်ကုန်နဲ့နီးတဲ့ အသိုင်းအဝိုင်းက သူတွေလောက်ပဲ လျှောက်မိတယ်။ အများစုက မလျှောက်မိဘူး” ဟု ဧရာဝတီသို့ ပြောပြသည်။
ပထမအကြိမ် ကိုဗစ်ကုစားရေး ချေးငွေတွင် အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်းများ၊ လက်ခစား (CMP) လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများကို ဦးစားပေး ကဏ္ဍအဖြစ် ထုတ်ချေးပေးခဲ့ခြင်း ဖြစ်ပြီး လျှောက်ထားသည့် လုပ်ငန်းရှင်ပေါင်း ၅ ထောင်အနက် ၃၀၀၀ ကျော်သာ ချေးငွေ ရရှိခဲ့ကာ လျှောက်လွှာ ၉၀၀ ကျော်ကို ပယ်ချခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။
အထက်ပါ ချေးငွေများ ထုတ်ပေးမှုများနှင့် ပတ်သက်၍ ဦးစားပေး ကဏ္ဍများတွင် မပါသည့် လုပ်ငန်းများ၊ လုပ်ငန်းရှင် တဦး တယောက်ချင်း၏ ရရှိမှု ငွေပမာဏ နည်းပါးခြင်း၊ ယခု တကြိမ်တွင် ထောက်ခံစာများနှင့် ပတ်သက်၍ အခက်အခဲများ ရှိခြင်း တို့ကြောင့် လုပ်ငန်းရှင်များကြား ဝေဖန်မှုများလည်း ရှိနေသည်။
ယင်းအခြေအနေနှင့် ပတ်သက်၍ UMFCCI တွဲဖက် အတွင်းရေးမှူး ဦးအေးထွန်းက “ကျနော်တို့ကတော့ တတ်နိုင်သမျှ ဖြေလျှော့ပြီး လုပ်ကိုင်ပါတယ်။ ဥပမာ တချို့ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေက သူတို့ဆီမှာ လိုင်စင်တွေ ဘာတွေ သတ်သတ်မှတ်မှတ် မရှိဘူး။ အဲဒီလိုမျိုး မရှိတဲ့ လုပ်ငန်းတွေက တကယ်ပဲ မရှိတဲ့ လုပ်ငန်းသေချာအောင် သူ့ရဲ့ သက်ဆိုင် တဲ့ မြို့နယ်အဆင့်တွေကို ထောက်ခံချက် ယူခိုင်းတယ်။ ဒါကို လိုင်စင်သဘောမျိုး စဉ်စားပေးတာမျိုး ရှိပါတယ်။ အများကြီး ဖြေလျှော့ပေးထားပါတယ်”ဟု ဆိုသည်။
အဓိကအားဖြင့် လုပ်ငန်းရှင်များက ချေးငွေ လျှောက်ထားရာတွင် ပါဝင်ရမည့် စာရွက်စာတမ်းများနှင့် ချေးငွေ တင်ပြသည့် အခါတွင် လိုအပ်သည့် ငွေကြေး ဘဏ္ဍာရေးရှင်းတမ်းများကို တင်ပြ ထားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
“တချို့ကျတော့ ဘဏ္ဍာရေးရှင်းတမ်းကို မသိတော့ လုပ်ငန်း အခြေအနေကိုပဲ တင်ပေးတယ်။ ဘဏ္ဍရေးရှင်းတမ်းကို မတင်ပေးဘူး။ တချို့ကျတော့လည်း လုပ်ငန်းလည်ပတ်မှုကို သေချာ မတင်ပေးတော့ လုပ်ငန်းသဘောအရ ပြန်တောင်းရ တာ ရှိတယ်။ အဲဒီတော့ အချိန်ပေးရတယ်။ အဆင်မပြေမှုလေးတွေ ရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့် အချိန်မမီလို့ မတင်ပေးရတာတွေ ရှိပါတယ်”ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် လုပ်ငန်းငယ်လေးများကို မြန်မြန်ဆန်ဆန်နှင့် ချေးငွေ များပေးနိုင်ရန် နိုင်ငံတော်အနေနှင့် ဘတ်ဂျက်များ ရှိပါက ယခုအထိ မပါသေးသည့် ကဏ္ဍများကို ချေးငွေ ထပ်မံချပေးရန် လုပ်ငန်းရှင်အချို့က ထောက်ပြကြသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က “သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးကို ဖြတ်သန်းပြီးတော့ နောက်ဆုံးဖိုင်နယ် ချေးငွေ ချေးဖို့ စိစစ်တဲ့ အထဲမှာ ငါးလုပ်ငန်း အဖွဲ့ချုပ်လည်း ပါတယ်။ ဖိုင်နယ်ကျ တော့ ထောက်ခံပြီး လိုအပ်ချက်တွေဖြည့်ပြီး နိုင်ငံတော်ကို တင်ပြတဲ့ အထဲမှာ ငါးလုပ်ငန်းက လျှောက်လွှာ ၁၇၀၀ လောက် ထင်တယ်။ တကယ်ပေးမယ်လို့ ရောက်တဲ့ဟာက ၄၀၀ ကျော်လောက်ပဲ နိုင်ငံတော်ဆီ ရောက်တယ်”ဟု ဧရာဝတီသို့ အတည်ပြု ပြောပြသည်။
လျှောက်လွှာ သတ်မှတ်ချက်များ မပြည့်စုံသောကြောင့် အပယ်ခံရသည့် သူများက ငါးလုပ်ငန်းကဏ္ဍတွင်ပင် သုံးပုံ နှစ်ပုံခန့် ရှိကြောင်း ၎င်းက ရှင်းပြသည်။
“ဒါတွေကတော့ အားနည်းချက် ချို့ယွင်းချက်တွေ ရှိလို့ ဖြစ်တယ်။ ဒါပေမယ့် ဒီမှာ ဘာလေး အသိပေးစရာရှိလဲ ဆိုတော့ နိုင်ငံတော်က ချေးငွေပေးဖို့ သတ်မှတ်တဲ့ တချို့အချက်တွေက ကျနော်တို့ လုပ်ငန်းတွေ အတွက်က အံ့ဝင်ခွင်ကျ မဖြစ် တာတို့ အဆင်သင့် မဖြစ်တာတို့ ပါတာတွေ့တယ်။ ဒါတွေက အခက်အခဲဖြစ်တယ်”ဟု ဦးဝင်းကြိုင်က သုံးသပ်ပြော ဆို သည်။
ထို့ပြင် အထွေထွေအုပ်ချုပ်ရေးရုံးများကလည်း ၎င်းတို့ ဆီသို့ သီခြား ညွှန်ကြားချက် မရှိဆို၍ အခက်အခဲဖြစ်ပြီး တချို့ကို လျှောက်လွှာတင်ရမည့် ရက်အတွင်း ပြည့်စုံအောင် မလုပ်ပေးနိုင်သည်များလည်း အခက်အခဲ တွေ့ရကြောင်း၊ အခွန်ပြေစာ ပြရာတွင် တချို့ ငါးလုပ်ငန်းများသည် နိုင်ငံတော်၏ အခွန်မူဝါဒထဲတွင် မပါ၍ အခွန်ပြေစာမရှိသည့် လုပ်ငန်းများ ရှိနေ ခြင်း စသည့် အခက်အခဲများ ရှိကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်
You may also like these stories:
ကိုဗစ် ကုစားရေး ဒုတိယအကြိမ် ချေးငွေကို လုပ်ငန်းရှင် ၉၀၀ ကို ထုတ်ပေးမည်
ကိုဗစ်ကြောင့် ထိခိုက်မှု အများဆုံးကဏ္ဍ ၃ ခု၏ အခွန်ပေးသွင်းခြင်း ကာလကို တိုးမြှင့်ပေး
ကိုဗစ်ချေးငွေ ပြန်ဆပ်ကာလ ၁ နှစ် သတ်မှတ်ချက် အစိုးရ ပြန်သုံးသပ်ပေးမည်