Automobile

ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ 'scUber' ဝန်ဆောင်မှုကို Uber မိတ်ဆက်

ရေငုပ်သင်္ဘောနဲ့ မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ စူးစမ်းလေ့လာရေး သွားရောက်နိုင်မယ့် ဝန်ဆောင်မှုတခုကို Uber က မိတ်ဆက်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ကွင်းစ်လန်းပြည်နယ်မှာ နေထိုင်သူတွေအနေနဲ့ လာမယ့်အပတ်ထဲ Uber app ကနေ နှစ်ယောက်စီး ရေငုပ်သင်္ဘောတစီးကို ကြိုတင်ငှားရမ်းနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ရေငုပ်သင်္ဘောနဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ရေအောက်သန္တာကျောက်တန်းနေရာကို သွားရောက် လည်ပတ်လေ့လာနိုင်မှာ ဖြစ်ပါတယ်။

မေလ ၂၇ ရက်နေ့ကနေ ဇွန်လ ၁၈ ရက်နေ့အထိ မောင်းသူပါဝင်တဲ့ ဘက်ထရီစွမ်းအင်သုံး ‘scUber’ ရေငုပ်သင်္ဘောနဲ့ ရေအောက် ငုပ်လျှိုးမှု အကြိမ် ၂၀ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ တကြိမ်ငုပ်ရင် ၁ နာရီလေက် ကြာမှာပါ။

ရေအောက်ခရီးကြောင်း ငှားမယ်ဆိုရင်တော့ သာမန် Uber အငှားယာဉ်တွေထက် ဈေး အဆပေါင်းများစွာ ပိုကြီးပါတယ်။ တယောက်ကို ဒေါ်လာ ၁,၀၃၀ ကျသင့်မှာပါ။ ဒီထဲမှာ ရေငုပ်သင်္ဘောနဲ့ ငုပ်မယ့်နေရာ အရောက် ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုလည်း ပါဝင်ပြီး ဖြစ်ပါတယ်။

scUber ငှားသူတွေအနေနဲ့ ပင်လယ်ရေအောက် အနက် မီတာ ၂၀ အထိ သတ်မှတ်လမ်းကြောင်းအတိုင်း ဆင်းသက် ငုပ်လျှိုးပြီး၊ မဟာသန္တာကျောက်တန်းကို အနီးကပ်ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။

သြစတြေးလျရဲ့ မဟာသန္တာကျောက်တန်းဟာ ကမ္ဘာပေါ်မှာ ကမ္ဘာလှည့်ခရီးသည် လည်ပတ်မှုအများဆုံး နေရာတခုဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတို့ကြောင့် ဂေဟစနစ် ယိုယွင်းမှုတွေ ရှိလာတယ်လို့ သိရပါတယ်။

မကြာမီက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံချက်တခုမှာ ရာသီဥတုပြောင်းလဲမှုကြောင့် သန္တာကျောက်တန်းသစ် ဖြစ်တည်မှုဟာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်အတွင်း ၈၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

Uber ရဲ့ ယခု ရေအောက်အစီအစဉ်ဟာ မဟာသန္တာကျောက်တန်းရဲ့ အခြေအနေကို လူအများ သတိပြုမိကြစေဖို့ ဖြစ်တယ်လို့ Uber Australia and New Zealand ရဲ့ အထွေထွေမန်နေဂျာဖြစ်သူ Susan Anderson က ပြောကြားခဲ့ပါတယ်။

Ref: Daily Mail

You may also like these stories:

DJI ဒရုန်းအသစ်တွေမှာ လေယာဉ် နီးကပ်လာရင် သတိပေးမယ့် ဆန်ဆာများ ပါဝင်လာမည်

ဈေးကွက်ယှဉ်ပြိုင်မှုဥပဒေကြောင့် Uber နဲ့ Grab တို့ ကန်ဒေါ်လာ ၉.၅ သန်း ဒဏ်ရိုက်ခံရ

ရန်ကုန်မြို့အငှားယာဉ် ဝန်ဆောင်မှု ပိုကောင်းလာမလား

မုန့်ပို့သမားတဦးကို သူရဲကောင်းဆန်ဆန် ကယ်တင်ခဲ့တဲ့ မင်းသား Benedict Cumberbatch

Loading