ရန်ကုန်မြို့ရဲ့ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ် ပြောင်းလဲမှုတွေထဲမှာ အငှားယာဉ် Taxi တွေရဲ့ ဝန်ဆောင်မှုကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတရပ်မှာ အပါအဝင်ပါ။ မကြာသေးခင်က မြန်မာပြည်ကို မိတ်ဆက်လာတဲ့ နည်းပညာအခြေပြု နိုင်ငံတကာအငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်း တွေဖြစ်ကြတဲ့ Grab နဲ့ Uber တို့က ရန်ကုန်မြို့ရဲ့ လမ်းမတွေထက်မှာ မောင်းနှင်နေကြပါပြီ။
စင်ကာပူအခြေစိုက် Grab နဲ့ အမေရိကန် အခြေစိုက် Uber တက္ကစီ ဝန်ဆောင်မှုတွေ မပေါ်ခင်က မြန်မာနိုင်ငံမှာ ပြည်တွင်းအငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ Oway Ride နဲ့ Hello Cabs စတဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ လက်ရှိ Hello Cabs, Oway Ride, Grab, Uber စတဲ့ အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်း ၄ ခုက မြန်မာနိုင်ငံမှာ အပြိုင်အဆိုင်ဖြစ်နေပါပြီ။
“ဒီလို Application ကနေတဆင့် ဘိုကင်တင်ပြီး စီးရတဲ့ တက္ကစီတွေရဲ့အဓိက အားသာချက်က စီးတဲ့သူအတွက် ပိုပြီး ယုံကြည်စိတ်ချရတယ်။ စီးရတာ လုံခြုံတယ်။ တိကျတဲ့အတွက် ဈေးနှုန်းနဲ့ ပတ်သက်ပြီး အချင်းများစရာ မလိုဘူး။ မီတာတက္ကစီဆိုရင်တော့ ကားကြပ်ရင် ကြပ်သလောက် မီတာက တက်တာဆိုတော့ အဲဒီစနစ်ကတော့ ရန်ကုန်မှာ သိပ်အဆင်မပြေဘူး။ ဈေးနှုန်းကို Fix သတ်မှတ်ပြီး စီးရတာ ပိုအဆင်ပြေတယ်” လို့ လှိုင်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၅ နှစ် အရွယ်၊ ကိုရဲလင်းအောင်က ပြောပါတယ်။
သူကဆက်ပြီး “တခါတလေ ဒီ Application သုံးရတာ ဈေးပိုများတဲ့အခါတွေလည်း ရှိတယ်။ တချို့ ခရီးစဉ်တွေဆို ဈေးက ပုံမှန်ငှားတဲ့ ဈေးထက် တော်တော်ကွာတယ်။ တခါတလေ သိပ်မများဘဲ ပုံမှန်ဈေးအတိုင်းပဲ ရတာလည်းရှိတယ်။ ဝန်ဆောင်မှုပိုင်းအရတော့ ပုံမှန် လမ်းပေါ်သွားနေတဲ့ တက္ကစီတွေလမ်းထိပ်မှာ ရပ်ထားတဲ့ တက္ကစီတွေထက်စာရင် ပိုကောင်းတယ်လို့ ယုံကြည်ရတဲ့ အတွက် ဒီလိုတက္ကစီတွေကို ပိုသဘောကျမိတယ်။ သူတို့က အဲကွန်းလည်းပါတယ်။ စီးရတာလည်း Safe ဖြစ်တယ်” လို့ သူက ဆိုပါတယ်။
စီးရေ ၁၀၀ ကျော်နဲ့ ပြေးဆွဲနေတဲ့ Grab တက္ကစီ ဝန်ဆောင်မှုကတော့ ဈေးနှုန်းအားဖြင့် စီးရတာ ပိုပြီး သက်သာတယ်လို့ ကိုရဲလင်းအောင်က ပြောပါတယ်။
“Grab ကတော့ ဈေးကို တနေရာကနေ တနေရာကို ဘယ်လောက်ဆိုပြီး နှုန်းထားတခုပဲ သတ်မှတ် ထားတော့ ပိုအဆင်ပြေတယ်။ ကိုယ်တန်တယ်ထင်ရင် စီးတယ်၊ များတယ်ထင်ရင် မစီးဘူး” လို့ သူက ပြောပါတယ်။
ခရီးသည်များအနေနဲ့ Taxi Application များကို အသုံးပြုတဲ့အခါမှာ Application ကနေ တဆင့် မိမိသွားမယ့်နေရာကို “ခေါ်ဆောင်ရမယ့် နေရာ” ၊ “ပို့ဆောင်ရမယ့် နေရာ” စတဲ့ တည်နေရာ အချက်အလက် Location များ ဖြည့်စွက်ပေးရမှာဖြစ်ပြီး “ခရီးစဉ် ကျသင့်ငွေ”ကို Application က တွက်ချက်ဖော်ပြပေးတာ ဖြစ်ပါတယ်။
“ကျနော်တို့ Application က မီတာတွက်သလိုမျိုး တစ်ကီလိုမီတာမှာ ဘယ်လောက်ဆိုပြီး အခြေခံ နှုန်းထား သတ်မှတ်ထားတာပါ။ ကီလိုမီတာဘယ်လောက်မောင်းပြီး အချိန်ဘယ်လောက် ကြာတယ် ဆိုတဲ့အပေါ်မူတည်ပြီး ဈေးနှုန်းကို ထည့်တွက်ထားပါတယ်” လို့ Grab in Myanmar ရဲ့ Head of Operation ကိုဇေယျာမင်းက ဧရာဝတီကို ပြောပါတယ်။
မကြာသေးမီက မိတ်ဆက်ထားတဲ့ Uber တက္ကစီဝန်ဆောင်မှုကတော့ Grab နဲ့ ယှဉ်ရင် ဈေးနှုန်း အနည်းငယ်များတယ်လို့ စီးနင်းတဲ့ ခရီးသည်အများစုက ဆိုကြပါတယ်။ Uber Taxi Application ကတော့ ဈေးနှုန်းကို Fixed Price နဲ့ တွက်ချက်ပေးတာ မဟုတ်ဘဲ ကားကြပ်တဲ့ လမ်းကြောင်း၊ အချိန် ကြန့်ကြာမှုအပေါ်မှုတည်ပြီး ဈေးနှုန်း အနည်းဆုံး ဘယ်လောက်ကနေ အများဆုံး ဘယ်လောက်အထိ ကျသင့်မယ်လို့ ခန့်မှန်း တွက်ချက်ပေးတာ ဖြစ်ပါတယ်။
“Taxi Application ကို သုံးရတာ နည်းပညာပိုင်းအရ တော်တော်လေး အဆင်ပြေချောမွေ့တယ်။ ဈေးနှုန်းကတော့ ပုံမှန်ထက် နည်းနည်းလေး များနေတယ်။ တချို့Application တွေက ကားပိတ်၊ ကားကြပ်တဲ့အပေါ်မူတည်ပြီး ဈေးနှုန်းတက်တော့ စီးတဲ့သူအချို့က ဈေးများတယ် ပြောကြတယ်” လို့ အငှားယာဉ်မောင်း ကိုကျော်လွင်က ပြောပါတယ်။
ဆက်ပြီ “Taxi Application တွေရဲ့ အားသာချက်ကတော့ စီးတဲ့သူရော မောင်းတဲ့သူအတွက်ပါ နှစ်ဦးနှစ်ဖက် ယုံကြည်မှု ပိုတိုးစေတယ်။ မိန်းကလေးတွေ စီးတဲ့အခါ ကားသမားနာမည်၊ ဖုန်းနံပါတ်၊ ကားနံပါတ်နဲ့ ကိုယ်စီးနေတဲ့ လမ်းကြောင်းကိုပါ Application မှာ အချက်အလက်နဲ့တကွ သိထားတဲ့အတွက် ပုံမှန် တခြားကားတွေထက်စာရင် ပိုပြီး လုံခြုံစိတ်ချရတယ်” လို့ သူက ဆိုပါတယ်။
Taxi ဝန်ဆောင်မှု Application တွေက တက္ကစီငှားရမ်းဖို့ အသုံးပြုတော့မယ်ဆိုရင် ဖုန်းထဲမှာ GPS ဖွင့်ထားဖို့ လိုပြီး မိမိငှားရမ်းမယ့်နေရာ အနီးတဝိုက်မှာရှိတဲ့ တက္ကစီတွေထဲက တည်နေရာ အနီးဆုံး တက္ကစီနဲ့ ချိတ်ဆက်ပေးမှာဖြစ်ပြီး ငှားရမ်းသူ Account မှာ ယာဉ်မောင်းများရဲ့ အချက်အလက်များကို အသုံးပြုသူက ရရှိမှာ ဖြစ်ပါတယ်။
ခရီးစဉ် ပြီးဆုံးသွားတဲ့အခါ ကျသင့်ငွေကို Application မှ ဖော်ပြတဲ့အတိုင်း အတိအကျ ပေးချေရပြီး ဒီခရီးစဉ် ဝန်ဆောင်မှုကို ကြိုက်မကြိုက် Rate ပေးနိုင်ပါတယ်။ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကျေနပ်မှု မရှိပါကလည်း မှတ်ချက်၊ အကြံပြုချက်များ ရေးသားပေးပို့နိုင်ပြီး တက္ကစီ ကုမ္ပဏီများဘက်မှ ခရီးသည်များကို အီးမေးလ်၊ ဖုန်းတို့ကနေ တဆင့် ပြန်လည် ဖြေကြားပေးတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ တက္ကစီစီးရေ ၇၀၀၀၀ ကျော်ရှိပါတယ်။ နေ့စဉ်နဲ့အမျှ ရန်ကုန်မြို့ရဲ့လမ်းမတွေထက် မောင်းနှင်နေကြတဲ့ တက္ကစီတွေထဲမှာ ဝန်ဆောင်မှု ကောင်းကောင်း၊ လုံခြုံမှုရှိရှိနဲ့ မောင်းနှင်နေတဲ့ တက်စီစီးရေကတော့ အရေအတွက် နည်းနေပါသေးတယ်။
ရန်ကုန်မြို့ရဲ့ပြောင်းလဲဖော်ဆောင်နေတဲ့ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်မှာ အငှားယာဉ် Taxi တွေကို စနစ်တကျ ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလ ၁၁ ရက်နေ့၊Uber အငှားယာဉ် ဝန်ဆောင်မှု မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။
ယခုလို နိုင်ငံတကာနဲ့အညီ ဝန်ဆောင်မှုပေးလာတဲ့ နိုင်ငံတကာမှ နည်းပညာအခြေပြု အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းတွေ မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့အခါ ပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘ၀ ပုံစံတွေ ပိုပြီးတိုးတက် ကောင်းမွန်လာမလားဆိုတာ အချိန်တခု စောင့်ကြည့်ရမှာ မလွဲဧကန်ပါပဲ။ ။