“Trio 3Mini Concerts” လို့အမည်ပေးထားတဲ့ တေးသံရှင်၃ယောက်ရဲ့ တကိုယ်တော် ဖျော်ဖြေပွဲ Show အသေးစားကို တနေရာထဲမှာ ကြည့်ရှုခံစားနိုင်မယ့် ပွဲကိုတော့ မေလ၁ရက်နေ့၊ ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ Event Park မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
“ဒီပွဲလေးကိုတော့ ကျနော်တို့က Trio လို့နာမည်ပေးထားတယ်။ တကယ့်ဂီတလောကရဲ့ Star သုံးယောက်ဆိုကြမယ်။ အဲဒီမှာ အရင်ကပွဲပုံစံတွေနဲ့မတူတာက One Man Show ၊ One Lady Show Mini Show ပုံစံမျိုးကို တခါတည်းပေါင်း ပြီး ရသတမျိုးစီရအောင် စီစဉ်တင်ဆက်မှာ ဖြစ်ပါတယ်” လို့ ပွဲစီစဉ်သူ ကိုအီကြာကွေးက ပြောပါတယ်။
ဒီပွဲမှာတော့ နာမည်ကြီး တေးသံရှင်သုံးယောက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗို ၊ဇော်ပိုင် နဲ့ ဝေလတို့က ဖျော်ဖြေ တင်ဆက်သွား မှာဖြစ်ပြီး တဦးချင်းစီရဲ့ ဖျော်ဖြေမှုအစီအစဉ်အနေနဲ့ တဦးကို အချိန် တနာရီကြာမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုတော်တဦးကို သူတို့ရဲ့ကိုယ်ပိုင် တီးဝိုင်းများဖြင့်တင်ဆက်သွားမှာဖြစ်ပြီး မတူညီတဲ့ရသများစွာကို ပရိသတ်များက ခံစားရမှာ ဖြစ်တယ်လို့ စီစဉ်သူက ပြောပါတယ်။
ဒီပွဲမှာ ပါဝင်သီဆိုမယ့် အဆိုရှင် ထွန်းအိန္ဒြာဗိုကလည်း “ဒီပွဲမှာ သီချင်းတွေထက် တင်ဆက်မှုကို ပိုပြီး ရင်ခုန်နေပါ တယ်။ ဘယ်လိုများတင်ဆက်မလဲဆိုပြီးတော့ အရမ်းကိုမျှော်လင့်ပါတယ်။ ကျမကနောက်ဆုံးထွက်ထားတဲ့ အခွေက အခုဆိုရင် ၁၄နှစ်ရှိသွားပြီဆိုတော့ ထွက်ခဲ့သမျှအခွေတွေထဲက သီချင်းတွေ အများကြီးထဲကမှ ပရိသတ် Enjoy ဖြစ်မယ့် သီချင်းတွေကို တိုင်ပင်ပြီး သီဆိုပါမယ်” လို့ ဆိုပါတယ်။
ဒီပွဲရဲ့ လက်မှတ်တွေကို နှစ်ဆန်းနှစ် ရက်နေ့မှစတင်ကာ ရောင်းချပေးနေပြီဖြစ်ကာ လက်မှတ်ဈေးနှုန်းများကိုတော့ VVIP အနေဖြင့် ၅သောင်း ၊၃သောင်း ကျပ်များဖြင့်သတ်မှတ်ထားပြီး ပုံမှန်လက်မှတ်ဈေးနှုန်းအနေဖြင့် ၁သောင်းကျပ် နဲ့ ဝယ်ယူကြည့်ရှုနိုင်မှာဖြစ်ပါတယ်။