Entertainment

တယောက်တည်း နေရတဲ့ ခံစားချက်တွေကို သီချင်းရေးထားတဲ့ အဆိုတော် G Fatt

လူငယ်အကြိုက် သီချင်းကောင်းတွေ ရေးစပ်သလို အနုပညာအလုပ်တွေလည်း ဆက်တိုက် လုပ်ကိုင်နေတဲ့ အဆိုတော် G Fatt က ၂၀၂၀ မှာ ၂၀၁၉ ခုနှစ်နဲ့ မတူတဲ့ သီချင်းပုံစံတွေ လုပ်ဖြစ်မယ်လို့ ဆိုပါတယ်။

“လတ်တလောမှာတော့ Music Video တွေ ရိုက်နေပါတယ်။ ဆက်တိုက်ထွက်ဖို့ ရှိတယ်။ ပြီးရင် Live Show ခွေထွက်ဖို့လည်း လုပ်နေပါတယ်။ သီချင်းသစ်ထွက်ဖို့ ရှိပါတယ်။ ၂၀၂၀ မှာ ပရိသတ်တွေကို ချပြမယ့် အနုပညာလုပ်ငန်းသစ် တခုရှိပါတယ်။ ကျနော် အတတ်နိုင်ဆုံး အမြန်ဆုံးလုပ်နေပါတယ်။ ပြောင်းလဲလိုက်တဲ့ ဂီတမျိုးတော့ မရှိပါဘူး။ ဂီတကို စိတ်ထဲကလာတဲ့အတိုင်း လုပ်ပါတယ်”

“တယောက်တည်းနေရတဲ့ ခံစားချက်တွေကိုလည်း သီချင်းရေးထားတာတွေ ရှိပါတယ်။ သီချင်းပုံစံတွေကတော့ ၂၀၂၀ မှာ ၂၀၁၉ နဲ့ မတူတဲ့ သီချင်းပုံစံတွေ ဖြစ်မှာပါ။ အခုချိန်မှာတော့ ကျနော့် သူငယ်ချင်းတွေ၊ ပရိသတ်တွေ၊ မိသားစုတွေ၊ ခွေးလေးတွေ၊ သီချင်းလေးတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနေပါတယ်”လို့ G Fatt က ပြောပါတယ်။

ချစ်သူနဲ့ ပြတ်ဆဲခဲ့ပြီး နောက်ပိုင်း အချစ်ရေး ဘာမှမပြောချင်တော့ဘူး ဆိုတဲ့ G Fatt က ချစ်သူသစ် မရှိသေးဘူးလို့ ဆိုပါတယ်။

“ဖေဖော်ဝါရီ ၁၄ ရက်မှာတော့ ကျနော် ဘန်နီဖြိုးပွဲမှာ ရှိပါမယ်။ ဘန်နီ့ရဲ့ အသည်းကွဲသီချင်းတွေ နားထောင်ဖို့ ရှိမယ်။ ချစ်သူသစ် ရနေပြီဆိုတာ မဟုတ်ပါဘူး။ ဘယ်သူမှ မရှိပါဘူး။ ကျနော် အချစ်ရေးတော့ ဘာမှမပြောချင်တော့ပါဘူး”လို့ G Fatt က ပြောပါတယ်။

G Fatt က အနုပညာအလုပ်အပြင် သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေး အင်္ကျီ ထုတ်တဲ့အကြောင်းကိုလည်း အခုလိုပဲ ဆိုပါတယ်။

“ကျနော် အင်္ကျီကတော့ လုပ်တော့ လုပ်နေတယ်။ တယောက်တည်းဆိုတော့ မနိုင်ဘူး လုပ်ချင်တဲ့ စိတ်ပဲရှိတာ။ အခုကတော့ ဂီတဘက်ပဲ လုပ်ဖြစ်နေတယ်။ နောက်ပိုင်း ကျနော့် စိတ်ကြိုက်ဒီဇိုင်းတွေ ရှိရင် ထုတ်ဖို့ အစီအစဉ် ရှိပါတယ်”လို့ G Fatt က ပြောပါတယ်။

အဆိုတော် G Fatt ဟာ ဂီတလောကမှာ လူငယ် ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာ ရရှိထားသူ ဖြစ်ပြီး တကိုယ်တော် အခွေဖြစ်တဲ့ “120/B” ဆိုတဲ့ အခွေ နောက်ဆုံးထွက်ရှိထားပါတယ်။

You may also like these stories:

ဖေဖော်ဝါရီမှာ ပြုလုပ်မယ့် အဆိုတော် ဘန်နီဖြိုးရဲ့ ဒုတိယမြောက် တကိုယ်တော် ဖျော်ဖြေပွဲ

iflix ကုမ္ပဏီကို တရားစွဲဖို့ ရှေ့နေနဲ့ တိုင်ပင်နေတဲ့ ဖွေးဖွေး

နောက်ထပ်ရုပ်ရှင် ၃ ကားနဲ့ “Game of Thrones” ကို အဆုံးသတ်မယ်လို့ သတင်းများထွက်ပေါ်

Loading