Entertainment

“No Time To Die” ရုပ်ရှင်ကို ၂၀၂၁ အထိ ရွှေ့ဆိုင်းဖွယ်ရှိ

Want create site? Find Free WordPress Themes and plugins.

လာမယ့် နိုဝင်ဘာလမှာ ပြသဖို့ စီစဉ်ထားတဲ့ ဂျိမ်းစ်ဘွန်း ရုပ်ရှင်သစ် “No Time To Die” ကို ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းထားမယ့်ပုံမှာ ရှိနေပါတယ်။ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ပြသမယ့်ရက်ကိုရွှေ့ဆိုင်းခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ အခု ဂျိမ်းစ်ဘွန်း ရုပ်ရှင်လည်းပါဝင်ခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလကနေ နိုဝင်ဘာလအထိ ရွှေ့ဆိုင်း ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါရိုက်တာကြီး Christopher Nolan ရဲ့ “Tenet” ရုပ်ရှင်ကို ပြသမယ့် လာမယ့် ဇူလိုင်လလယ်အထိ ဟောလိဝုဒ် ရုပ်ရှင်လုပ်ငန်းကို ပိတ်ထားဦးမှာလည်းဖြစ်ပါတယ်။

အဲ့ဒီဂယက်တွေကြောင့် Mulan နဲ့ Wonder Woman 1984 ရုပ်ရှင်တို့ကို လည်း လာမယ့် နွေရာသီ နှောင်းပိုင်းမှာ ပြသဖို့ စီစဉ်ထားပါတယ်။ ပရိသတ်တွေအနေနဲ့ ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်ကြည့်ဖို့ ဆန္ဒပြင်းပြနေကြပေမယ့် လာမယ့်လအနည်းငယ် အထိ ရုံတွေ ပြန်ဖွင့်ဖို့ရာ အာမခံချက် မရှိသေးတဲ့ အနေအထားမှာရှိနေဆဲ ဖြစ်ပါတယ်။

Daily Mail သတင်းရဲ့အဆိုအရ No Time to Die ရုပ်ရှင်ကို လာမယ့် နိုဝင်ဘာလမှာပဲ စီစဉ်ထားတဲ့အတိုင်း ပြမှာလား၊ ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းမှာလားဆိုတာ အကျိတ်အနယ် ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။ Black Widow နဲ့ Wonder Woman 1984 လိုမျိုး ရုပ်ရှင်တွေကို ရွှေ့ဆိုင်းလိုက်ရတာကြောင့် အချိန်ဇယားအရ ဂျိမ်းစ်ဘွန်းရုပ်ရှင်လည်း ခန့်မှန်းထားသလို ပြသနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒေါ်လာသန်းနဲ့ ချီပြီး အကုန်အကျ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်တာကြောင့် ပရိသတ်တွေအတွက် စိတ်ချလက်ချ ဖြစ်ရတဲ့ အချိန်ရောက်မှသာ ရုံတင်နိုင်တယ်လို့ သတင်းရင်းမြစ်တချို့ကဆိုပါတယ်။

MGM ရုပ်ရှင်ထုတ်လုပ်ရေးအတွက် No Time to Die ရုပ်ရှင်ဟာ ဒေါ်လာ သန်း ၃၀ နဲ့ ၅၀ ကြား ကုန်ကျခဲ့ရပြီး သမိုင်းမှာ ထုတ်လုပ်မှုကုန်ကျစရိတ်အများဆုံး ဂျိမ်းစ်ဘွန်း ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့ပြင် ဂျိမ်းစ်ဘွန်း ရုပ်ရှင်အများစုဟာ ဈေးကွက်ထဲမှာ ဒေါ်လာ သန်းနဲ့ ချီပြီး ပြန်လည်ရရှိတာကြောင့် ဈေးကွက်ရဲ့ လတ်တလော အနေအထားကိုလည်း စောင့်ကြည့်နေရတာဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလမှာ ပြသဖို့ စီစဉ်ထားပေမယ့် တချို့နိုင်ငံတွေမှာ ရှိတဲ့ ရုပ်ရှင်ဈေးကွက်တွေကို အဲ့ဒီကာလမှာ ပြန်ဖွင့်ပါ့မလားဆိုတာလည်း မသေချာသေးတဲ့အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် ထုတ်လုပ်သူတွေက ပြသဖို့ ရက်ကို ရွှေ့ဆိုင်းဖို့ စဉ်းစားနေတာလည်း ဖြစ်ပါတယ်။

တကယ်လို့ အခုနှစ်နှောင်းပိုင်းမှာ ရုပ်ရှင်ရုံတွေ အားလုံးကို ပြန်ဖွင့်လိုက်ရင်တောင် ရုံမှာကြည့်တဲ့ ပရိသတ်တွေကို လျော့နည်းသွားစေနိုင်မယ့် လူအချင်းချင်း ခပ်ခွာခွာနေရေး ကန့်သတ်ချက်တွေ ရှိနေနိုင်ပါသေးတယ်။ ဒါကြောင့် ဇူလိုင်လမှာ ရုံတင်ဖို့ရှိတဲ့ Tenet နဲ့ Mulan ရုပ်ရှင်တွေကိုလည်း သာမန်ကာလျှံကာ ပြသမှုမျိုးပဲ လုပ်ဆောင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ဒါကြောင့် လတ်တလောမှာ ဂျိမ်းစ်ဘွန်း ရုပ်ရှင်ထုတ်လုပ်သူတွေဟာ အကျိုးအမြတ်နဲ့ လူထုကျန်းမာရေးကို ဦးစားပေးမှာလား၊ သတ်မှတ်ထားတဲ့အတိုင်း ပြသဖို့ အစီအစဉ်ကိုပဲ ဦးစားပေးမှာလားဆိုတာ စဉ်းစားဆုံးဖြတ်နေတာပဲ ဖြစ်ပါတယ်။

Ref: screenrant

You may also like these stories:

ဂျိမ်းစ်ဘွန်းရုပ်ရှင်သစ် ‘No Time To Die’ ပြသမယ့်ရက် နိုဝင်ဘာအထိ ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ် ကြောင့် “No Time To Die” ပြသရက်ကို ရွှေ့ဆိုင်းပေးဖို့ ပရိသတ်များ တောင်းဆို

ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုကြောင့် တရုတ်နိုင်ငံမှာလုပ်မယ့် ‘No Time To Die’ အထူးပွဲကို ဖျက်သိမ်း

 

Did you find apk for android? You can find new Free Android Games and apps.
Loading