တပ်မတော်က စေလွှတ်ထားသည့် ရုရှားနိုင်ငံတွင် သင်တန်းတက်နေသော တပ်မတော် အရာရှိ ၂ ဦးထံတွင် COVID – 19 ရောဂါပိုး တွေ့ ရှိခဲ့သောကြောင့် ယင်းနိုင်ငံတွင်ပင် ဆေးကုသမှုဆက်လက်ခံယူနေရကြောင်း တပ်မတော်က မနေ့က သတင်း ထုတ်ပြန်လိုက်သည်။
တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“သူတို့ကတော့ သင်တန်းသားပါပဲ။ သင်တန်းသားတွေနဲ့ ပတ်သက်ပြီးတော့ ရုရှားမှာပဲ ဆေးကုသမှု ခံရမှုမှာ ဖြစ်ပါတယ်။ မော်စကိုမှာရှိတဲ့ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)က သူတို့ကို အဆက်မပြတ်ဆက်သွယ်ပြီးတော့ စောင့်ရှောက်မှုတွေ ဆောင်ရွက်လျက် ရှိပါတယ်”ဟု ပြောသည်။
၎င်းတို့ကို မော်စကိုမြို့အနီးရှိ လူနာများ သီးသန့်ထားရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွင် ရုရှား ကျန်းမာရေး ဝန်ကြီး ဌာန၏ အစီအစဉ်ဖြင့် ဆေးကုသမှုခံယူနေပြီး ထူးခြားသည့် ဖျားနာမှုများ မတွေ့ရဘဲ ကျန်းမာရေး ကောင်းမွန် နေကြောင်း သိရသည်။
ပညာတော်သင် သင်တန်းသား အရာရှိများအနက် မော်စကိုမြို့ရှိ Russian University of Transport (MIIT/RUT) တက္က သိုလ်မှ သင်တန်းသား ၂ ဦးနှင့် Moscow Power Engineering Institute(MPEI) တက္ကသိုလ်မှ သင်တန်းသား ၁ ဦးတို့မှာလည်း COVID-19 ရောဂါပိုး ဧပြီလ ၂၇ ရက်နေ့က တွေ့ ရှိခဲ့သေးသည်။
ယခုရောဂါ ပိုးထပ်မံတွေ့ရှိခဲ့သည့် သင်တန်းသားအရာရှိ ၂ ဦးမှာ ဧပြီလ ၂၈ ရက်နေ့ တွင် ရုရှားကျန်းမာရေးဌာနမှ တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရုရှားနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံထားရသည် တပ်မတော်သား ၅ ဦးထိရှိပြီဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံတွင် COVID-19 ရောဂါပြန့်ပွားမှုကြောင့် MIITနှင့် MPEI တက္ကသိုလ်များတွင် ၂၀၂၀ မတ်လမှစတင်ကာ သက် ဆိုင်ရာ အဆောင်များမှတဆင့် အဝေးရောက်သင်ကြားသည့်စနစ်ဖြင့် သင်ယူခဲ့ကြပြီး ထိုအဆောင်များသို့ ရောဂါပိုး တွေ့ ရှိသူများ လာရောက်ခဲ့ရာမှ အဆောင်နေသူများကို ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ယခုကဲ့သို့ ရောဂါပိုး တွေ့ ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မေလ ၄ ရက်နေ့ မနက် ၁၀နာရီ အထိ COVID-19 အတည်ပြုလူနာ ၁၅၅ ဦး၊ သေဆုံး ၆ ဦး၊ ပြန်လည် သက်သာလာသူ ၄၃ ဦး၊ ဆေးရုံဆင်း ၂၉ ဦးနှင့် စောင့်ကြည့်လူနာ ၃၂၉၉ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
You may also like these stories:
COVID-19 ရောဂါပိုး တွေ့ ရှိထားသည့် တပ်အရာရှိ ၃ ဦး ရုရှားတွင် ဆက်လက် ကုသမည်
ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံခဲ့တဲ့ ဆရာဝန် ကိုရိုနာကူးစက်ခံထားရ
ရုရှားမှာ PPE ပြတ်လပ်နေကြောင်း သမ္မတ ပူတင် ဝန်ခံ