ကချင်ပြည်နယ်တွင် ဘိန်းအစားထိုးအဖြစ် တရုတ်တစ်ရှုးငှက်ပျော စိုက်ပျိုးနေခြင်းကို စနစ် တကျ စိုက်ပျိုးရန်နှင့် အခွန် ဘဏ္ဍာများ ရရှိရေးအဆိုကို ယနေ့ အမျိုးသား လွှတ်တော်က အတည်ပြုလိုက်သည်။
ယနေ့ အစည်းအဝေးတွင် အဆိုရှင်က မဲခွဲဆုံးဖြတ်ရန် တိုက်တွန်းခဲ့သဖြင့် ထောက်ခံမဲ ၁၆၈ မဲ၊ ကန့်ကွက်မဲ ၄၊ ကြားနေမဲ ၂ မဲ ဖြစ်သဖြင့် အတည်ပြုလိုက်ခြင်း ဖြစ်သည်။
တစ်ရှူးငှက်ပျော စိုက်ပျိုးရာတွင် တရားဝင် မှတ်ပုံတင်ထားသည့် ပိုးသတ်ဆေးနှင့် ဓာတ်မြေ သြဇာမျာကို သုံးစွဲရန်နှင့် ကွင်း ဆင်း ဆောင်ရွက်နေသည့် လုပ်သားများကို ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ရန်နှင့် ပိုးသတ်ဆေး ဖျန်းမည်ဆိုပါက အုပ်ချုပ် ရေးမှူးမှ တဆင့် လူထုထံ ကြိုတင် အသိပေးရမည် ဆိုသည့် ပညာပေး ဆောင်ရွက်ချက်များ လုပ်ဆောင်လျက်ရှိကြောင်း စိုက်ပျို ရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးလှကျော်က ဆိုသည်။
“တစ်ရှုးငှက်ပျော စိုက်ပျိုးရေး လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP) မူကြမ်း ရေးဆွဲပြီးပါပြီ။ အဲဒီမူကြမ်း အပေါ်မှာ နောက်ဆုံး ပြင်ဆင်/ ဖြည့်စွက်လိုတဲ့ အချက်များကို ဆက်နွယ်လျက်ရှိတဲ့ ဌာနများသို့ တောင်းခံထားပါတယ်” ဟု ပြောသည်။
ဒီဇင်ဘာ ၄ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်၌ ကချင်ဒေသတွင် တရုတ် တစ်ရှုးငှက်ပျောများကို စည်းကမ်း တကျ ထိန်းချုပ်နိုင်ရန်၊ ဘေးထွက်ဆိုးကျိုးများကို ကြိုတင်တားမြစ်နိုင်ရန်၊ ရသင့်သည့် အခွန်ဘဏ္ဍာများ ရရှိစေရန် ဌာန ဆိုင်ရာ အားလုံး ဟန်ချက်ညီညီ ပါဝင်ရေး အစိုးရကို တိုက်တွန်းကြောင်း အဆိုတခုကို ကချင်ပြည်နယ် အမျိုးသား လွှတ် တော် ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ ခွန်ဝင်းသောင်းက “ဒီအဆိုကို အစိုးရအနေနဲ့ ကတိဖြစ်တဲ့အတွက် လုပ်သင့်တာ လုပ်ပါ့မယ်ဆိုတဲ့ အတိုင်း အတာကတော့ အားရ ကျေနပ်ပါတယ်။ အကောင်း အခြေအနေတခု ရောက်အောင် တွန်းပို့လိုက်တဲ့ အဆိုတခုလို့လည်း ထင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းအဆိုနှင့် ပတ်သက်၍ တရုတ် တစ်ရှုးငှက်ပျော စိုက်ပျိုးရာတွင် ပလတ်စတစ်များနှင့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး ဓာတု ဓာတ်မြေသြဇာများကို စနစ်တကျ အသုံးပြုခြင်း မရှိ၍ သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများ ဖြစ်ပေါ်နေကြောင်းနှင့် အ ခွန်ဘဏ္ဍာ ရရှိရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန အနေဖြင့် စီမံချက်ချ ဆောင်ရွက်ရေးကို ကိုယ်စားလှယ် အများစုက ထောက်ပြ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ကိုယ်စားလှယ်များ မြေဆီလွှာ ပျက်စီးမှု၊ ပြည်သူများ ကျန်းမာရေး ထိခိုက်မှု အစရှိသည်တို့ကို ထောက်ပြ ဆွေးနွေး ခဲ့ကြသော်လည်း စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်မြို့နယ်များ အတွင်း ရှိ တစ်ရှုးငှက်ပျော စိုက်ခင်းများကို ကွင်းဆင်းစစ်ဆေးရာ မြေဆီလွှာ ပျက်စီးနိုင်သော အခြေနေသို့ မရောက်ရှိသေးဘဲ စိုက် ပျိုးမြေတွင် ကတ်စီယမ် ပါဝင်မှု မတွေ့ရ၍ ပတ်ဝန်းကျင် အန္တရာယ်ဖြစ်စေနိုင်သော အဆင့်ထိ မရောက်ရှိသေးကြောင်း ဒု ဝန်ကြီး ဦးလှကျော်က ပြောဆိုသည်။
မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် ၁ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆန်းက “စနစ်တကျ ရင်းနှီးမြှုပ်နှံမယ်။ မြေမပျက်အောင် ထိန်းသိမ်းမယ်၊ အခွန်အခရမယ်ဆိုရင်တော့ တရုတ် တစ်ရှုးငှက်ပျော စိုက်ပျိုးခြင်းက ကောင်းကျိူး ပိုမို ရရှိမယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။
တစ်ရှုးငှက်ပျော စိုက်ပျိုးရေး လုပ်ငန်းမှာ ပြည်တွင်းအခွန်များ ဦးစီးဌာနက ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန် ကင်း လွတ်ခွင့် ပေးထားသည့် ကုန်စည်အမျိုးအစားထဲတွင် ပါဝင်၍ ဝင်ငွေခွန် ကောက်ခံလျက်ရှိကြောင်း ဒု ဝန်ကြီးက ရှင်းပြ သည်။
တစ်ရှုးငှက်ပျော စိုက်ပျိုးမှု တဧက ကုန်ကျစရိတ် ကျပ်၂၅ သိန်းခန့် ရှိပြီး အသားတင် အကျိုးအမြတ် ကျပ် ၃၆ သိန်းခန့် ရရှိ ကြောင်းကိုလည်း ဦးလှကျော်က ဆိုသည်။
တနိုင်ငံလုံးတွင် ငှက်ပျော စိုက်ဧရိယာ ၂ သိန်း ၆ သောင်းကျော် ဧက စိုက်ပျိုးထားပြီး ကချင်ပြည်နယ်တွင် ဧက ၇ သောင်း ကျော် (၂၉ ရာခိုင်နှုန်း)၊ ဧရာဝတီတိုင်းတွင် ဧက ၆ သောင်းခန့် (၂၃ ရာခိုင်နှုန်း)၊ စစ်ကိုင်းတိုင်းတွင် ဧက ၂ သောင်းကျော် (၉ ရာခိုင်နှုန်း) ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ တနသာင်္ရီတိုင်း၊ မန္တလေးတိုင်း ဒေသကြီးတွင် ဧက ၁ သောင်းကျော် အသီးသီး စိုက်ပျိုးထားကြောင်း ၂၀၁၈-၁၉ ခုနှစ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
တရုတ်နိုင်ငံသို့ တစ်ရှုးငှက်ပျော တင်ပို့မှု ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇ သိန်းကျော် တန်ဖိုး တင်ပို့ထားကြောင်း ဒု ဝန်ကြီးက လွှတ်တော်သို့ တင်ပြခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
ကချင်ဒေသ တစ်သျှူးငှက်ပျော စိုက်ပျိုးမှု ထိန်းချုပ်ရေးအဆို လွှတ်တော် လက်ခံ
ကချင်ပြည်နယ် တစ်ရှုးငှက်ပျော စိုက်ပျိုးခြင်းများမှ အခွန်ရရေး လွှတ်တော်တွင် ဆွေးနွေး
ဥပဒေ ချိုးဖောက်သည့် ငှက်ပျောစိုက် ကုမ္ပဏီကို အရေးမယူဘဲ တရားဝင် မြေလျှောက်ခွင့်ပြု