၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံတဝန်း မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည်ဟုဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) တို့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌတို့အား ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ စာချွန်တော် လျှောက်ထားမှုနှင့် ပတ်သက်၍ စစ်ဆေးကြားနာရန် သင့်၊ မသင့် လာမည့် ဇန်နဝါရီ ၂၉ ရက်တွင် စတင်၍ ကြားနာမှု ပြုလုပ်မည် ဖြစ်သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားသည့် ကြိုတင်သတိပေး အမှုခေါ်စာရင်းအရ မန္တလေးက အမျိုး သားရေးရှေ့နေတဦးဖြစ်သူ ဦးဇော်ဝိတ်နှင့် DNP ပါတီဥက္ကဋ္ဌ ဦးစိုးမောင်တို့က သမ္မတ အပါအဝင် ၄ ဦးနှင့် UEC ဥက္ကဋ္ဌ ဦးလှသိန်း အပါအဝင် ၁၅ ဦးတို့အား “အာဏာပိုင်မေး စာချွန်တော်အမိန့်” ထုတ်ဆင့်ပေးရန် လျှောက်ထားသည်။
USDP ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလှသိန်းက UEC ဥက္ကဋ္ဌ ဦးလှသိန်း အပါအဝင် ၁၅ ဦးကို အာဏာပေး စာချွန်တော် (သို့) အာဏာပိုင်မေး စာချွန်တော်အမိန့် ထုတ်ဆင့်ပေရန် လျှောက်ထားပြီး စုစုပေါင်း စာချွန်တော် လျှောက် ထားမှု ၃ မှု ဖြစ်သည်။
အာဏာပိုင်မေး စာချွန်တော်အမိန့် ဆိုသည်မှာ အစိုးရဌာနတခုခု (သို့) အခွင့်အာဏာ အပ်နှင်းထားသည့် အဖွဲ့အစည်း တ ရပ်ရပ်သည် လူတဦးတယောက် (သို့) အများအပေါ်တွင် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ စိစစ်ကြားနာ၍ ဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ ရေးသားထုတ်ပြန်သည့် အမိန့်စာ ဖြစ်သည်။
စာချွန်တော်အမိန့်ဟူသည် နိုင်ငံသားတဦး၏ ဥပဒေရေးရာ အခွင့်အရေး၊ နိုင်ငံသားများနှင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း၊ ပါတီများ၏ ဥပဒေရေးရာ အခွင့်အရေး နစ်နာချက်များကို အမြင့်ဆုံး ခုခံကာကွယ်ရန်အတွက် ပေးထားသည့် အခွင့်အရေး ဖြစ်ရာ လျှောက်ထားလာပါက ယင်းစာချွန်တော်လွှာများကို လက်ခံပေးရကြောင်း၊ ယင်းသို့ လက်ခံလိုက်ခြင်းသည် အမှုကို စစ်ဆေးကြားနာမည်ဟု ဆုံးဖြတ်ပေးခြင်း မဟုတ်ကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ရှင်းပြသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားရုံးလုပ်ငန်းစဉ်အရ တင်လာသည့် စာချွန်တော်လွှာကို လက်ခံလိုက်ပြီးနောက် ယင်းလျှောက်ထားလွှာများကို ကြားနာစစ်ဆေးရန် သင့်၊ မသင့် ဇန်နဝါရီ ၂၉ ရက်တွင် ကြားနာမည်ဖြစ်ရာ ယင်းနေ့တွင် လျှောက်ထားသူများဘက်က မည်သည့်အတွက်ကြောင့် လက်ခံစစ်ဆေးကြားနာသင့်သည်ကို သက်သေ အထောက်အ ထားများနှင့် လျှောက်လဲချက် ပေးရမည်ဖြစ်သည်။
အဆိုပါ လျှောက်လဲချက်အပေါ် တရားလွှတ်တော်ချုပ်က ဖွဲ့စည်းပေးထားသည့် တရားလွှတ်တော်ချုပ် တရားသူကြီး ၃ ဦး ပါဝင်သည့်အဖွဲ့က ဆင်ခြင်သုံးသပ်ပြီး ယင်းလျှာက်ထားချက်သည် ဥပဒေနှင့် ညီညွတ်ပြီး အချက်အလက်ခိုင်မာ၍ စစ်ဆေး ကြားနာရန် သင့်သည်ဟု ဆုံးဖြတ်မှသာ အမှုသည် စတင် အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အမှုအသက်ဝင်ပြီးနောက် တရားလွှတ်တော်ချုပ်မှ နိုင်ငံတော်သမ္မတနှင့် UEC တို့ထံ ယင်းလျှောက်ထားလွှာများ ကိုပေးပို့ပြီး ခုခံချေပ လျှောက်လဲရန် ရက်သတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ နှစ်ဖက်လျှောက်လဲချက်များကို ကြားနာပြီးသည့် အခါကျမှသာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အဖြေတခု ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း ဦးခင်မောင်မြင့်က ရှင်းပြ သည်။
ထို့သို့ မဟုတ်ဘဲ လျှောက်ထားလွှာများသည် ဥပဒေနှင့် မညီညွတ်ခြင်း၊ အထောက်အထား သက်သေ ခိုင်လုံမှုမရှိကြောင်း ဆင်ခြင်သုံးသပ်ပါက လက်ခံကြားနာရန် သင့်၊ မသင့်ဟူသည့် အဆင့်၌ပင် ပယ်ချခံရမည် ဖြစ်သည်ဟု ဆိုသည်။
ဦးခင်မောင်မြင့်က “ဦးစိုးမောင်တို့၊ USDP တို့က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ၊ ဆန္ဒဖော်ထုတ်ပွဲတွေ ဖြစ်နေတဲ့အချိန်မှာ ဒီစာချွန်တော်အမိန့်ကို တရားလွှတ်တော်ချုပ်က လက်ခံလိုက်တဲ့အတွက် ဒါတမျိုးများ (ရွေးကောက်ပွဲ) ရလဒ်က ပြောင်းသွားနိုင်သလားဆိုတဲ့ အတွေးအမြင် ရှိကြတာပေါ့။ သို့သော် ဥပဒေမှာက ရှင်းပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ပြီးတော့ တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ပေးလို့ မရဘူး” ဟု ပြောသည်။
၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၄၀၂ တွင် ထုတ်ပြန်ကြေညာပြီးသည့် ရွေးကောက်ပွဲရလဒ်သည် ပြောင်းလဲ၍မရကြောင်း၊ UEC ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်ဟု အတိအလင်း ပြဋ္ဌာန်းထားရာ ရွေးကောက်ပွဲရလဒ်သည် ပြောင်းလဲစရာ အ ကြောင်းမရှိကြောင်း ၎င်းက ထောက်ပြသည်။
USDP ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက မဲမသမာမှုများအား ကိုင်တွယ်ဖြေရှင်းရန် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံတော် သမ္မတထံ ဦးတိုက်လျှောက်ထားခဲ့သော်လည်း မည်သည့် တုန့်ပြန်မှုမှ မရသဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် စာချွန်လွှာ တင်သွင်းရခြင်းဖြစ်ကြောင်း၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်က လုပ်၍မရသဖြင့် တရားရေးမဏ္ဍိုင်သို့ ထပ်မံ တိုင်ကြားထားခြင်းဖြစ်ကြောင်း ယမန်နေ့က သံလွင်လမ်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
DNP ပါတီကလည်း UEC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အဆင့်ဆင့်သော ရွေး/ကော်အဖွဲ့ခွဲ တာဝန်ရှိသူများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်ဥပေဒပါ တာဝန်များကို ပျက်ကွက်ကြောင်း၊ ဥပဒေနှင့် မညီညွတ်မှုများ ပြုလုပ်သည်ဟုဆို ကာ စွပ်စွဲထုတ်ပြန်ထားသည်။
ယခု စာချွန်တော် လျှောက်ထားမှုနှင့် ပတ်သက်၍ အသေးစိတ် မေးမြန်းရန် DNP ပါတီ ဥက္ကဋ္ဌအား ဆက်သွယ်ရာ ဖုန်း လက်ခံဖြေကြားခြင်း မရှိပါ။
တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားအခွင့်အရေးများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းလာရေးအတွက် စာချွန်တော်လျှောက် ထားမှု လုပ်ငန်းစဉ်ကို အားပေးသင့်ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထင်ယောင်ထင်မှား ဖြစ်ဖွယ်များ၊ မိမိ အမြင်ဖြင့် တဖတ်သက် ဆောင်ရွက်နေမှုများအစား ဥပဒေ၏ အခွင့်အရေး ရှိသည့်အတိုင်း အဆုံးအဖြတ်ပေးနိုင်မည့် တ ရားစီရင်ရေးအာဏာပိုင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို စာချွန်တော်လျှောက်ထားခြင်းသည် အသင့်မြတ်ဆုံး ဖြစ် ကြောင်း ဦးခင်မောင်မြင့်က မှတ်ချက်ပြုသည်။
၎င်းက “နှစ်ဖက်ကနေပြီးတော့မှ မိမိတို့ရဲ့ နစ်နာချက်တွေနဲ့ ပတ်သက်ပြီးတော့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ပြ ကြပေါ့။ အဲဒီအပေါ်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကလည်း တည်ဆဲဥပဒေနဲ့ ညီညွတ်စွာ ဆုံးဖြတ်ချက် ပေးလိုက်လို့ရှိရင် ဒီငြင်းခုံမှုတွေက ရပ်သွားမယ်။ ပြီးတော့ ဥပဒေနဲ့ ညီညွတ်တဲ့ အဖြေတခုလည်း ကျနော်တို့ရမယ်” ဟု ဆို သည်။
သို့သော် ယင်းသို့ စာချွန်တော်လျှောက်ထားပြီး တရားဥပဒေ၏ အဆုံးအဖြတ်ကို ခံယူတော့မည်ဆိုပါက တရားရုံး၏ စီရင် ပိုင်ခွင့်၊ တရားရုံး၏ ဆင်ခြင်ဆုံးဖြတ်ပိုင်ခွင့်ကို အနှောင့်အယှက်ဖြစ်စေမည့် တခြားဆောင်ရွက်မှုများ မလုပ်သင့်တော့ဘဲ နှစ်ဖက်စလုံးက ဥပဒေတရားစီရင်ရေး လမ်းကြောင်းအတိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သို့မှသာလျှင် နိုင်ငံရေးအရ တည်ငြိမ်မှု ရှိမည်ဖြစ်သလို ဥပဒေနှင့်ညီညွတ်သော အဆုံးအဖြတ်တခုကိုလည်း ရမည်ဖြစ်ကြောင်း ၎င်းက သတိပေး ပြော ဆိုသည်။
စာချွန်တော် လျှောက်ထားမှုနှင့် ပတ်သက်၍ တသီးပုဂ္ဂလ၊ အဖွဲ့အစည်းအသီးသီးက လျှောက်ထားမှုများ ရှိသော်လည်း ယခုလို ရွေးကောက်ပွဲနှင့် ပတ်သက်၍ လျှောက်ထားသည့် စာချွန်တော် လျှောက်ထားခြင်းမျိုးသည် ပထမဆုံးဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဝန်ကြီးချုပ်တာဝန် ထပ်မံခန့်အပ်လျှင် ဆက်၍ ထမ်းဆောင်မည် ဟု ဦးညီပုပြော
NLD နှင့် မွန်ညီညွတ်ရေးပါတီတို့ ဆွေးနွေးပွဲ နေရာညှိနှိုင်းမရ၍ မဖြစ်မြောက်
NLD ပါတီနှင့် ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီအချို့ မြစ်ကြီးနားတွင် ဆွေးနွေး