နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသည့် ဦးဝင်းထိန်အမှုကို ယနေ့ရုံးချိန်းတွင် လူကိုယ်တိုင် ရုံးထုတ်ခဲ့ပြီး ၎င်း၏ ရှေ့နေတို့နှင့်လည်း လူချင်းတွေ့ဆုံခွင့်ရရှိခဲ့ကြောင်း သိရသည်။
နေပြည်တော် အချုပ်ထောင်ဝင်း အတွင်းတွင် သီးသန့် တရားရုံးပြုလုပ်၍ ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ တွင် တရားလိုကို စတင် စစ်ဆေးခြင်းများပြုလုပ်ခဲ့သလို တရားခွင်အတွင်း သူ၏ ရှေ့နေနှင့်လည်း အမှု ကိစ္စများ ဆွေးနွေးရန် လူချင်းတွေ့ဆုံခွင့် ပေးခဲ့ကြောင်း သိရသည်။
“ဒီနေ့ ဘဘ (ဦးဝင်းထိန်) နဲ့ အေးအေးဆေးဆေး စကားပြောပြီးတော့ အမှုနဲ့ပတ်သက်ပြီး Instruction (ညွှန်ကြားချက်) လည်း ယူခွင့်ရပါတယ်။ ထောင်ထဲမှာလည်း ကောင်းကောင်းမွန်မွန် ထားတယ်လို့ ပြောပါတယ်” ဟု ဦးဝင်းထိန်၏ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။
ယနေ့တွင် တရားလိုကို စစ်ဆေးခဲ့ပြီး ဦးဝင်းထိန်ကို တရားစွဲရခြင်းမှာ ဖေဖော်ဝါရီလ ၁ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက နိုင်ငံတော် အစိုးရကို အကြည်ညိုပျက်အောင် ပြောဆိုလှုံ့ဆော်ပုတ်ခတ် ရေးသား ခြင်းများပြုလုပ်ခဲ့ခြင်းအပြင် ၎င်းဖြန့်ခဲ့သည် ပြည်သူသို့ ပန်ကြားချက်စာအရ တရားစွဲရခြင်း ဖြစ်သည် ဟု တရားလိုက ထွက်ဆိုခဲ့ကြောင်း သိရသည်။
ယနေ့ တရားခွင်တွင် တရားလိုဘက်မှ ရုံးတော်သို့ သက်သေခံ တခု တင်သွင်းခဲ့ပြီး ထိုသက်သေခံကို ဦးဝင်းထိန်၏ ရှေ့နေဘက်မှ ကန့်ကွက်သောကြောင့် တရားလိုကို စစ်ဆေးမှု မပြီးပြတ်ဘဲ လာမည့် ရုံးချိန်းတွင် ထိုသက်သေခံ ကန့်ကွက်ချက်အပေါ် နှစ်ဖက်လုံး၏ လျှောက်လဲချက်ကို ကြားနာမည် ဖြစ် ကြောင်း သိရသည်။
လာမည့် ရုံးချိန်းကို မေလ ၂၈ ရက်သို့ပြန်လည် ချိန်းဆိုခဲ့သည်။
ယခု ရုံးချိန်းသည် ဦးဝင်းထိန်ကို ပထမဆုံးအကြိမ် လူကိုယ်တိုင် ရုံးထုတ်သည့် ရုံးချိန်းဖြစ်ပြီး သူ့၏ ရှေ့နေနှင့်လည်း ပထမဆုံးအကြိမ် လူချင်း တွေ့ဆုံခွင့်ရခဲ့ခြင်း ဖြစ်သည်။
“ဘဘ ပြောတာက သူလုပ်သင့် လုပ်ထိုက်တာတွေ လုပ်လိုက်တာပေါ့နော်။ မရဏနုပတ်တိ ကမ္မဌာန်းကို ဘဘက ပွားများနေတဲ့ အတွက်ကြောင့်မို့လို့ သေမယ်ဆိုရင်လည်း သေလို့ရပြီပေါ့။ သေရမှာလည်း မကြောက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အရာအားလုံး အဆင်ပြေပါတယ် ဆိုတဲ့ အကြောင်းကို ပြောပါတယ်” ဟု ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။
ဦးဝင်းထိန်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားလို ပြုလုပ်၍ တရားစွဲသူမှာ နေပြည်တော် ဥတ္တရသီရိခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလူ ဆိုသူ ဖြစ်ပြီး ဖေဖော်ဝါရီလ ၄ ရက်တွင် တရား ရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပုဒ်မ ၁၂၄ (က)တွင် မည်သူ့ကိုမဆို နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ၊ အမှတ်အသားဖြင့် ဖြစ်စေ၊ အခြား နည်းဖြင့် ဖြစ်စေ ပြည်ထောင်စုအတွက် သို့မဟုတ် ပြည်ထောင်စု အဖွဲ့ဝင်များအတွက် ဥပဒေအရ တည် ထောင်ထားသော အစိုးရကို မုန်းထားအောင် သော်လည်းကောင်း၊ မလေးစားအောင် သော်လည်းကောင်း ပြုလျှင် ထိုသို့ ပြုရန် အားထုတ်လျှင် လှုံ့ဆော်လျှင် ထိုသူကို ငွေဒဏ်နှင့်တကွ ထောင်ဒဏ်နှစ် ၂၀ ဖြစ် စေ၊ ငွေဒဏ်နှင့်တကွ ၇ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်း ထားသည်။
ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်မှ နိုင်ငံတော် အာဏာကို ရယူပြီးနောက် ဦးဝင်းထိန်က သတင်းသမား တချို့နှင့် တွေ့ဆုံ ဖြေကြားမှုများ နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၄ ရက်တွင် ရန်ကုန်မြို့ သို့ ပြန်ရောက်စဉ် ယင်းနေ့၌ ဖမ်းဆီး ထိန်းသိမ်းခံရပြီး နေပြည်တော်သို့ ပြန်လည်ခေါ်ဆောင်ခံခဲ့ရသည်။
ဦးဝင်းထိန်သည် တပ်မတော် အရာရှိဟောင်းတဦး ဖြစ်ပြီး အောင်မြင်သည့် လုပ်ငန်းရှင်တဦးအဖြစ် ရပ်တည်နေရာမှ ၁၉၈၈ ခုနှစ်တွင် NLD ခေါင်းဆောင်များဖြစ်သည့် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် ပူးပေါင်းခဲ့သဖြင့် ၁၉၈၉ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ထောင်ဒဏ် ၅ နှစ်ခွဲ ကျခံခဲ့ရသည်။
၁၉၉၆ ခုနှစ်တွင် နောက်တကြိမ် ထပ်မံ အဖမ်းခံရပြီး အင်းစိန်ထောင်၊ မြင်းခြံထောင်၊ မိတ္ထီလာထောင်၊ မန္တလေးထောင်နှင့် ကသာထောင် တို့တွင် ၂၀၁၀ ခုနှစ်အထိ ၁၄ နှစ်ကြာ နေထိုင်ခဲ့ရသည်။
ဦးဝင်းထိန်သည် စုစုပေါင်း ထောင်ထဲတွင် နှစ်၂၀ နှင့် ၂ လ နေထိုင်ခဲ့ရပြီး ဖြစ်သည်။
You may also like these stories:
ရခိုင်ဝန်ကြီးချုပ်သမီးနှင့်အတူ NLD လူငယ် ၃ ဦးပါ အဖမ်းခံထားရ
ဦးဝင်းထိန်နှင့် သူ၏ရှေ့နေတို့ တွေ့ခွင့်မရ၍ ရုံးချိန်းရက် ထပ်မံ ရွှေ့ဆိုင်း