ရန်ကုန်တိုင်းဒေသကြီး အင်းစိန် CID ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဒုတိယရဲမှူးကြီးဇော်ဝင်းကိုအား စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒုရဲမှူးကြီးဇော်ဝင်းကို၏ နီးစပ်သူများအသိုင်းအဝိုင်းက သိရသည်။
အင်းစိန် CID ရုံးရှိ သင်တန်းဌာနတွင် တာဝန်ထမ်းဆောင်နေသော ဒုရဲမှူးကြီးဇော်ဝင်းကိုအား ဖေဖော်ဝါရီလ ၈ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒီနေ့အထိ မိသားစုနှင့်အဆက်အသွယ်မရဖြစ်နေကြောင်းလည်း သူ့မိတ်ဆွေများက ဆိုသည်။
ဒုတိယရဲမှူးကြီးဇော်ဝင်းကိုသည် ဖေ့စ်ဘွတ်ပေါ်တွင် သူနှင့် friend ဖြစ်နေသူ တဦးရေးထားသည့် ပိုစ်တခုအောက်တွင် မှတ်ချက်ဝင်ရေးသည့်အတွက် အဖမ်းခံရတာဖြစ်နိုင်ကြောင်း ရဲအရာရှိကြီးတဦးက ဆိုသည်။
သို့သော် အသေးစိတ် အချက်အလက်များနှင့် ဖမ်းဆီးခံရသည့် အကြောင်းရင်းမှာ ရှင်းလင်းသေချာခြင်း မရှိပေ။
ယခု ဖမ်းဆီးမှုသည် ရဲတပ်ဖွဲ့များ CDM အတော်များများ ဝင်နေကြခြင်းနှင့် တိုက်ဆိုင်နေသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် စုစုပေါင်းအင်အား သုံးသောင်းခန့်ရှိပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း CDM လုပ်သူ ထွက်ပြေးသူနှင့် ကျဆုံးသူ စုစုပေါင်းမှာ စုစုပေါင်းရဲတပ်ဖွဲ့အင်အား၏ သုံးပုံတပုံခန့် ရှိလာနေပြီဖြစ်ကြောင်းဟု လေ့လာသူများ ခန့်မှန်းနေကြသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲတွင် တာဝန်ထမ်းလိုခြင်း မရှိတော့သည့်အတွက် CDM ပြုလုပ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်ပေါင်း ၆ ထောင်နီးပါးရှိသည်ဟု CDM ပြုလုပ်သူများအား ကူညီပေးနေသည့် ပြည်သူ့ရင်ခွင်အဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေပြီး လုပ်သက်ပြည့်၍ ထွက်ခွင့်တင်သော ရဲတပ်ဖွဲ့ဝင်များအား နုတ်ထွက်ခွင့်မပြုတော့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း နေပြည်တော်ရဲချုပ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး မကြာသေးခင် လပိုင်းကမှ အငြိမ်းစားယူခဲ့သော ဒုရဲမှူးကြီးတဦး အဖမ်းခံရကြောင်း ဧရာဝတီသတင်းရင်းမြစ်တွေထံမှ သိရသည်။
You may also like these stories:
လုပ်သက်ပြည့် ရဲတပ်ဖွဲ့ဝင်များ နုတ်ထွက်ခွင့်မပေး
စစ်အာဏာကို အဆုံးထိ ဖီဆန်ကြသူများ
ကောလင်း၊ ပင်လည်ဘူးမှ Non CDM ဝန်ထမ်းများ တပတ်အတွင်း နုတ်ထွက်ရန် သတိပေး
CDM လှုပ်ရှားမှုများကြောင့် မီးရထားပြေးဆွဲမှု ပုံမှန်မလည်ပတ်နိုင်