စစ်တပ်က အာဏာသိမ်းပြီး တနှစ်ကြာလာပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေပြီး လုပ်သက်ပြည့်၍ ထွက်ခွင့်တင်သော ရဲတပ်ဖွဲ့ဝင်များအား နုတ်ထွက်ခွင့်မပြုတော့ကြောင်း သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်သည် လုပ်သက်ပြည့်၍ မကြာသေးခင်လပိုင်းက ထွက်ခွင့်တင်သော်လည်း ထွက်ခွင့်မပြုကြောင်း နေပြည်တော်ရဲချုပ်ရုံးမှ ရဲအရာရှိတဦးကပြောသည်။
“ အရင်တုန်းက လုပ်သက် နှစ် ၃၀ ပြည့်လို့ ထွက်ခွင့်တင်ရင် လူတိုင်းကို ထွက်ခွင့်ပေးတယ်။ အခုမပေးတော့ဘူး။ အသက် ၆၀ ပြည့်မှပဲ ထွက်လို့ ရတော့မယ်” ဟု ရဲအရာရှိတဦးကဆိုသည်။
လုပ်သက်ပြည့်သော ရဲတပ်ဖွင့်ဝင်များအား ထွက်ခွင့်မပြုတော့သည့် သတ်မှတ်ချက်အား သက်ဆိုင်ရာတာဝန်ရှိသူများက စာထုတ်ညွန်ကြားသည့် ပုံစံမဟုတ်ပဲ သက်ဆိုင်ရာ ဒေသအလိုက်ရဲတပ်ဖွဲ့အကြီးအကဲများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အကြီးအကဲများက နှုတ်ဖြင့် ညွန်ကြား ပြောဆိုထားခြင်းဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အချို့သော လုပ်သက်ပြည့်သည့် ရဲတပ်ဖွဲ့ဝင်များသည် CDM မလုပ်သော်လည်း ရဲတပ်ဖွဲ့တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိသည့်အတွက် လုပ်သည့်ပြည့်ထွက်စာ တင်ကြသူများရှိသည် ဟု CDM ရဲတပ်ဖွဲ့ဝင်များက ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ဝင်ရောက်သူ အလွန်နည်းပါးလာပြီး ရဲတပ်ဖွဲ့မှ ထွက်ခွါသူများနေသည့်အတွက် အခုလိုဆောင်ရွက်တာဖြစ်နိုင်ကြောင်းလည်း ရဲအရာရှိအချို့က သုံးသပ်ပြောကြားသည်။
တပ်မတော်တွင်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်တပ်ထဲဝင်ရောက်သူနည်းလားပြီး ထွက်ခွါသူများလာသည့်အတွက် စာချုပ်အရ လုပ်သက် ၁၀ နှစ်ပြည့်လျှင် ထွက်ခွင့်ရှိသော်လည်း အမှန်တကယ် ထွက်ခွင့်တင်သည့်အခါ သက်ဆိုင်ရာ တာဝန်ရှိသူများက ထွက်ခွင့်မပေးပဲ အသက် ၆၀ ပြည့်မှသာ ထွက်ခွင့်ပေးသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲတွင် တာဝန်ထမ်းလိုခြင်း မရှိတော့သည့်အတွက် CDM ပြုလုပ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်ပေါင်း ၆ ထောင်နီးပါးရှိသည်ဟု CDM ပြုလုပ်သူများအား ကူညီပေးနေသည့် ပြည်သူ့ရင်ခွင်အဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် စုစုပေါင်းအင်အား သုံးသောင်းခန့်ရှိပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း CDM လုပ်သူ ထွက်ပြေးသူနှင့် ကျဆုံးသူ စုစုပေါင်းမှာ စုစုပေါင်းရဲတပ်ဖွဲ့အင်အား၏ သုံးပုံတပုံခန့် ရှိလာနေပြီဖြစ်ကြောင်းဟု လေ့လာသူများ ခန့်မှန်းနေကြသည်။
You may also like these stories:
Cobra Gold စစ်လေ့ကျင့်မှု မြန်မာစစ်တပ်ကို လေ့လာသူအဖြစ် တက်ခွင့်မပြုတော့
မြန်မာ့ အတိုက်အခံများ စစ်ရေးအကူအညီ လိုသည်
ကောလင်း၊ ပင်လည်ဘူးမှ Non CDM ဝန်ထမ်းများ တပတ်အတွင်း နုတ်ထွက်ရန် သတိပေး
အင်အားသုံးဖို့သာ နားလည်သည့် မြန်မာစစ်တပ်