ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံး ဒဏ်ရာရရှိမှု အပေါ်တွင် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ရခိုင်အမျိုးသား ပါတီ (ANP)မှ ထုတ်ပြန်ခဲ့သည့် အတွက် ခေါ်ယူ သတိပေးခံရကြောင်း သိရသည်။
ANP ပါတီက စက်တင်ဘာလ၂၉ ရက်နေ့ ရက်စွဲဖြင့် မြန်မာ့တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့်အတူ လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများကို အကာကွယ်ယူပြီး တိုက်ပွဲ များ ဖော်ဆောင်ခြင်း မပြုကြရန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီနှင့် AA တို့ကြား တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားနေရာ စက်တင်ဘာ ၂၉ ရက်က ကျောက်တော်၊ ပုဏ္ဏား ကျွန်း၊ မြောက်ဦး၊ ရသေ့ တောင် တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကျောက်တော်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ကူပေးသဖြင့် ဗုဒေါ္ဓ၊ ကွမ်းအုံစု၊ ချောင်တူ၊ လမ်းပိုင်ခွင်၊ အောင်မင်္ဂလာ၊ မော်ရွာ အစရှိသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရသလို မြောက်ဦး နားတန်ရွာနှင့် မောင်းဆွဲရွာ တိုက်ပွဲတွင် မြောက်ဦး အခြေစိုက် ခမရ ၃၇၈ တပ်ရင်းမှ လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် မောင်းဆွဲရွာမှ ကလေး ၂ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့ ထိခိုက်မှု ရှိကြောင်း လည်း သိရသည်။
စက်တင်ဘာ ၂၇ ရက်တွင်လည်း မင်းပြားမြို့နယ် စက္ကရေရွာအတွင်းသို့ မင်းပြားအခြေစိုက် ခမရ ၃၇၉ ၊ ၃၈၀၊ ၅၄၁ တပ်ရင်းတို့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို အိမ် ၆ လုံး ပျက်စီးခဲ့ ကြောင်း၊ ထိုသို့ မင်းပြားမြို့နယ်အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် စက်တင်ဘာ ၂၇ ရက်အထိ ကလေး ၂ ဦး အပါအဝင် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့သူမှာ ၁၀ ဦး ကျော်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ဤသို့ အရပ်သားများ သေဆုံးဒဏ်ရာရမှုနှင့် ပတ်သက်၍ ANP ပါတီ၏ ကန့်ကွက်မှုအပေါ် စစ်ကောင်စီ၏ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ANP ပါတီ ခေါင်းဆောင်များအား ယမန်နေ့တွင် နေပြည်တော်သို့ ဆင့်ခေါ် ခဲ့ကာ နိုင်ငံရေး ပါတီများ မှတ်ပုံခြင်း ဥပဒေ များကို လိုက်နာရန် သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ယင်းပါတီမှ သိရသည်။
ANP ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက “ကျနော်တို့ ပါတီက ထုတ်တဲ့ စတိတ်မန့်နဲ့ ပတ်သက်ပြီးတော့ UEC က သူတို့ သုံး သပ်ချက်တွေကို ပြောပြတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာပါတဲ့ တချို့သော ပုဒ်မတွေကို စောင့်ထိန်း လိုက်နာမှု အားနည်မှု၊ ပျက်ကွက်မှုတွေ တွေ့ရတယ်လို့ ပြောတယ်။ ပြီးတော့ ကျနော်တို့ ထုတ်ပြန်တာ တဖက်သတ် ဆန်တယ်ပေါ့။ ကျနော်တို့ကလည်း နိုင်ငံရေးပါတီ တခုဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ နစ်နာမှုတွေကို ထုတ်ဖော် ပြော ကြားဖို့ တာဝန်ရှိတယ်လို့ ယူဆတယ်။ တာဝန်လည်း ရှိတယ်။ ယုံလည် ယုံကြည်တယ်။ အဲဒီအတွက် ဒီစတိတ်မန့်ကို ထုတ်ရခြင်း ဖြစ်တယ် ဆိုတာ ရှင်းပြခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခ်ိုင်အမျိုးသား ပါတီအနေဖြင့် တိုက်ပွဲနှင့် ပတ်သက်ပြီး နောက်ပိုင်း ထုတ်ပြန်ချက်များ ထုတ်မည်ဆိုပါက တည်ဆဲ ဥပဒေ၊ နည်းဥပဒေနှင့်အညီ လိုက်နာထုတ်ပြန်ရန်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သတိပေးပြောဆို လိုက်ကြောင်းလည်း ANP ပါတီ ခေါင်းဆောင်များက ပြောသည်။
ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှ “ကျနော်တို့ ပါတီအနေနဲ့ကတော့ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် လိုအပ်ရင် လိုအပ် သလို စတိတ်မန့် ထုတ်ပြန်သွားမှာပဲ။ အဲဒီအပေါ်မှာ အမြင် မတူတဲ့ သဘောထား ကွဲလွဲမှုတချို့ ရှိကောင်းရှိနိုင်တာပေါ့” ဟု က ဆက်လက် ပြောကြားသည်။
ထို့ပြင် ANP ၏ ထုတ်ပြန်ချက်၌ စစ်ပွဲ ဧရိယာ၊ စစ်ပွဲနှင့် မပတ်သက်သည့်နေရာများ အပါအဝင် မြို့နယ်တချို့အား ကုန်း လမ်း၊ ရေလမ်းများ အကန့်အသတ်မရှိ ပိတ်ဆို့ထားမှုသည် ဒေသခံ ပြည်သူ လူမျိုးပေါင်းစုံ၏ အသက်ရှင်နေထိုင်ရေး ကို ခြိမ်းခြောက်ခြင်း ဖြစ်သည် ဟု ရှုမြင်ကြောင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးနေကြသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ (INGOs၊ NGOs နှင့် CSO) စသည့် အဖွဲ့အစည်းများအား ပိတ်ပင်ထားမှုအပေါ်တွင်လည်း ပြန်လည် ဖွင့်ပေးရန်လည်း တောင်းဆိုထားသည်။
ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် AA တို့ သြဂုတ်ဆန်းပိုင်းကလည်းက တကျော့ပြန် တိုက်ပွဲ ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိကာ စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့သလို စစ်ဘေးရှောင် ပြည်သူများလည်း ရှိနေသည်။
လက်ရှိအချိန်တွင် ဘူးသီးတောင်၊ မောင်တော အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် စစ်တပ်နှင့် AA တို့ကြား စစ်ရှိန်မြင့်နေပြီး စစ်တပ်က ပြည်နယ်အတွင်း ရေလမ်း၊ ကုန်းလမ်းများကို ကန့်သတ် ပိတ်ဆို့ထားသည့်အတွက် ကုန်ဈေးနှုန်းများ အဆက်မတန် မြင့်မားလျက်သလို ပြည်သူများ စားဝတ်နေရေး ကျပ်တည်း ခက်ခဲနေသည့် အခြေ အနေ ဖြစ်နေကြောင်း သိရသည်။
You may also like these stories:
မြောက်ဦးက မောင်းဆွဲ ရွာသူ၊ ရွာသားများကို စစ်တပ်ဖမ်းဆီး
ဒဏ်ရာရ စစ်သားများ ပြန်ခေါ်ရန် AA ပြောသော်လည်း စစ်ကောင်စီ အကြောင်းမပြန်
မောင်တောမြောက်ပိုင်း၌ စစ်တပ်က ပိတ်ဆို့ထားသဖြင့် ရိက္ခာပြတ်နေ
ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်း ရေလမ်းများ စစ်ကောင်စီ ပိတ်ဆို့












