စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် အများစုမှာ ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောစသည့် ရောဂါများ ကြောင့် အရေးပေါ် ဆေးဝါးအကူအညီနှင့် ကုသပေးမည့်သူများ လိုအပ်နေကြောင်း သိရသည်။
စစ်ဘေးရှောင်များကို ကူညီနေသူတဦးက “ရွှေဘိုတနယ်လုံးကတော့ ဆေးဝါး၊ ရိက္ခာလိုအပ်ချက်တော့ ရှိတာပေါ့ ဒါပေမယ့် အဓိကလိုတာက ရွှေဘိုအနောက်မြောက်ခြမ်းက စစ်ရှောင်တွေပါ၊ အခုက ရာသီပြောင်းဆိုတော့ ဖျားတာတွေ၊ ရေမသန့်လို ဝမ်းပျက်ဝမ်းလျှောတွေ တော်တော်များတယ်၊ ဒါအပြင် လည်ချောင်းနာ၊ အဖျားတက်တာပေါ့၊ စစ်ရှောင်တွေက ရာချီတယ်၊ ဆေးဝါးအကူအညီလိုတယ်”ဟု ဆိုသည်။
ထိုအပြင် ရောဂါကုသပေးရန်အတွက် အရေပြား လိမ်းဆေးများ၊ သောက်ဆေး၊ ထိုးဆေး၊ ဓာတ်ဆား၊ DS.NS.RL.DW ဆက်စပ် ပစ္စည်းများ၊ ပတ်တီး၊ ဆေးထိုးအပ်၊ ဂွမ်း၊ အမျိုးသမီးသုံးပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်းလည်း သူက ဆက်ပြောသည်။
Dragon Urban Guerrilla(KU Dragon) အဖွဲ့ကလည်း ဆေးဝါးသာမက စေတနာ့ဝန်ထမ်း ဆရာဝန်များ လိုအပ်နေသဖြင့် စိတ်ဝင်စားပါက ဆက်သွယ်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
“စစ်ရှောင်တွေဆိုတာက နေရပ်ကို မပြန်ရဲကြသေးတဲ့ သူတွေပေါ့၊ တောတွေဘက်မှာ တဲထိုးနေကြရတဲ့သူတွေ အများဆုံး ဖြစ်နေကြတာ၊ သောက်ရေသုံးရေအတွက် ရေတွင်းကအစ လူ ၄၀၀၊ ၅၀၀ လောက်ကို ရေတွင်းက တခုတည်း သုံးနေရဆို တော့ ရေမသန့်တာတွေကြောင့် အရေပြား ယားယံ၊ အဖုတွေပေါက် ဝမ်းလျှောတာတွေ၊ အကြောကပ်တာတို့ အမျိုးမျိုးပါပဲ ဗျ။ မိန်းကလေး ရောဂါတွေရောပေါ့။ ဒါကြောင့် ကျနော်တို့ အလှုခံနေကြရတာပါ”ဟု ယင်းအဖွဲ့က ပြောသည်။
ထို့အပြင် လိုအပ်သည့် ဆေးဝါးများဝယ်ရန်၊ သယ်ရန် ခက်ခဲကြောင်း၊ ဘုန်းကြီးကျောင်းများ၊ နီးစပ်ရာဆွေမျိုးများ၊ ကျေးရွာ များအတွင်း ခိုလှုံနေသူများ မပါသေးဘဲ ရွှေဘိုမြို့နယ်ရှိ ညောင်ပင်သာ၊ ဘို့ကုန်း၊ ကျီးကန်၊ စက်ကုန်း၊ မြင်းစီး စသည့် ရွာ ၈ ရွာမှ စစ်ဘေးရှောင်ပြည်သူ ၅၀၀ ကျော်မှာ တောထဲတွင် ဖြစ်သလို တဲထိုးနေကြရကြောင်း သိရသည်။
“အခုလက်ရှိက တောထဲမှာဆိုတော့ အကုန်လုံး အခက်အခဲတွေချည်းပဲ၊ ဒီကြားထဲ ကျန်းမာရေးပါ ဖောက်လာရင် အတော် ကို စိတ်ဆင်းရဲရတယ်၊ ရာသီဖျားနာတာက ဗမာနည်းဗမာ့ဟန် ဆေးမြီးတိုနဲ့ကုပြီး ချွေးပုတ်ထွက်သွားရင် ပြန်ကောင်းပေါ့၊ ဒီလိုမဟုတ် နာတာရှည်လို ရောဂါမျိုးနဲ့ မိန်းကလေးရောဂါတွေ ဆိုရင်တော့ မြို့ပေါ်လည်း မသွားရဲ ကုဖို့လည်း ပိုက်ဆံ မရှိ ဆိုတော့ သူတို့ကိုကြည့်ပြီး ပိုစိတ်ဆင်းရဲကြရတယ်”ဟု ကျီးကန်ကျေးရွာမှ စစ်ဘေးရှောင်နေရသူ တဦးက ပြောသည်။
CDM ကျန်းမာရေးဝန်ထမ်းများဖြင့် ချိတ်ဆက်ပြီး ကျန်းမာရေးအခြေခံ သင်တန်းတက်ရောက်ထားသူများနှင့် စေတနာ့ ဝန်ထမ်း အဖွဲ့ငယ်များ ဖွဲ့ကာ နာမကျန်းသူများအား ကုသမှုများ လုပ်ဆောင်ပေးနေသော်လည်း ဆေးဝါးလုံလောက်မှုမရှိဘဲ အကူအညီများထပ်မံလိုအပ်နေခြင်း ဖြစ်သည်။
ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ဗိုလ်ရဲခေါင်က “ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အနေနဲ့ကတော့ အတတ်နိုင်ဆုံး စစ်ရှောင်လာသူတွေကို ရိက္ခာ၊ ဆေးဝါးထောက်ပံ့ကူညီပေးတာတွေ ရှိတယ်၊ ကျန်းမာရေးအတွက် ဆေး သင်တန်းဆင်းထားတဲ့ ကလေးတွေနဲ့ ကုသပေးနေတာတွေတော့ ရှိတယ်၊ အဲဒါကလည်း သာမန်ဖျားနာ၊ နှာစေး ချောင်းဆိုး ဖြစ်တာလောက်ကိုပဲ ကုသပေးနိုင်တာပေါ့၊ တကယ်တမ်း ဖြစ်လာရင်တော့ ဆေးဝါး၊ ကုသမှု ပြည့်ပြည့်စုံစုံ မဟုတ်တဲ့ အတွက် နားလည်တတ်ကျွမ်းတဲ့ သူတွေနဲ့ ဆေးဝါးလိုအပ်ချက်ကတော့ ရှိနေတာပေါ့”ဟု ပြောသည်။
အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် စစ်ရေးပဋိပက္ခများကြောင့် ဒေသခံများမှာ စစ်ဘေးလွတ်ရာ တောတောင်များ အတွင်း ထွက်ပြေးတိမ်းရှောင်နေရ၍ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊လူမှုရေး အစစအရာရာ အခက်အခဲ ကြုံနေကြရပြီး အဖက်ဖက်မှ အကူအညီများလိုအပ်နေသည်ဟု စစ်ဘေးရှောင်များနှင့် အကူအညီပေးနေသူများက ပြော သည်။
ယခုအခါ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၀ ကျော်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး၊ ကျေးရွာပေါင်း ၂၇ ရွာခန့် နှင့် အိမ်ခြေ ၁၃၀၀ ခန့်မီးလောင်ခဲ့ကြောင်း၊ ကျေးရွာများအား မီးရှို့ရာတွင် စစ်ကောင်စီတပ်နှင့်အတူ ပျူစောထီး အဖွဲ့ဝင် များ လည်း ပါဝင်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
You may also like these stories:
ရွှေဘို၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ၂၇ ရွာမှ စစ်ရှောင်များ အကူအညီလိုအပ်နေ
အရာတော်၊ ရွှေဘို၊ ခင်ဦးမြို့နယ်များတွင် ၄ရက်အတွင်း အိမ် ၁၃၀၀ ကျော် မီးရှို့ခံရ