နေပြည်တော်တွင် ယမန်နေ့က တရုတ်အမျိုးသား ၁ ဦး၌ ကိုယ်အပူချိန် မြင့်မားခြင်း၊ ချောင်းဆိုခြင်း၊ နှာစေးခြင်း လက္ခ ဏာများ တွေ့ရှိရသဖြင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရာ ယနေ့တွင် ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
“သံသယရှိတဲ့ လူနာက ဒီနေ့မနက်မှာ အဖျားလည်း မရှိတော့ဘူး။ ချောင်းလည်း မဆိုးတော့ဘူး။ သက်သာတယ်နော်။ သူ့ရဲ့ အသက်ရှုနှုန်းတွေ သွေးပေါင်ချိန်နဲ့ သူ့ရဲ့ အောက်စီဂျင်တွေ အကုန်လုံးက ပုံမှန်အတိုင်းပဲ ကောင်းသွားပြီ’’ ဟု ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။
အဆိုပါ အသက် ၂၉ နှစ်အရွယ် တရုတ် အမျိုးသားသည် ဇန်နဝါရီလ ၃၁ ရက်နေ့က တရုတ်နိုင်ငံ၊ ကွမ်းကျိုးမြို့မှ မြန် မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသူ ၁ ဦးဖြစ်ပြီး ယမန်နေ့က ကိုယ်အပူချိန် မြင့်မားလာသဖြင့် နေပြည်တော်ရှိ ပုဂ္ဂလိက ဆေးခန်းတခုသို့ သွားရောက်ပြသရာ ယင်းဆေးခန်းက ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ ညွှန်းပို့ပေးခဲ့ခြင်း ဖြစ်သည်။
ယင်းတရုတ်လူမျိုးကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် သီးသန့်ခန်းဖြင့် ခွဲခြား စစ်ဆေးရာ ကိုယ် အပူချိန် မြင့်မားခြင်း၊ ချောင်းဆိုးခြင်းနှင့် နှာစေးခြင်း လက္ခဏာများ တွေ့ရှိခဲ့ရသည်ဟု ယမန်နေ့က ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
၎င်းတရုတ်လူမျိုးကို ကိုရိုနာ ဗိုင်းရပ်စ် သံသယလူနာအဖြစ် သတ်မှတ်ပြီး ရောဂါရှိ၊ မရှိ အတည်ပြုနိုင်ရန် ယင်းတရုတ်ထံမှ နှာခေါင်းတို့ဖတ် နမူနာများ ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းတခုသို့ ပေးပို့စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားနေသည်ဟု သံသယရှိသူ အနည်းဆုံး ၅ ဦး ရှိပြီး ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ယနေ့အချိန်အထိ တဦးမှ မရှိသေးကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ကိုရိုနာ ဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ မြန်မာနိုင်ငံ၏ အိမ်နီးချင်း တရုတ်နိုင်ငံတွင် ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀၅ ဦး ရှိနေပြီ ဖြစ်ပြီး တရုတ်နိုင်ငံပြင်ပ ဖိလစ်ပိုင်နိုင်ငံတွင် တရုတ်အမျိုးသားတဦး သေဆုံးခဲ့သည်။
You may also like these stories:
သမ္မတရုံး၏ ကိုရိုနာဗိုင်းရပ်စ်သံသယ ရှင်းလင်းချက် မန္တလေးဆေးရုံတုန့်ပြန်
လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံး
တရုတ်ခရီးသွားများအား ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို မြန်မာ ယာယီရပ်ဆိုင်း