မန္တလေးအခြေစိုက် တရားလွှတ်တော် ရှေ့နေတဦးဖြစ်သည့် ဒေါ်ရွက်နုအောင်အား စစ်ကောင်စီ၏ အိုးဘိုထောင်တွင်း အထူးတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၅ နှစ်ကျခံ စေရန် ယနေ့ ချမှတ်လိုက်သည်။
ဒေါ်ရွက်နုအောင်အား စစ်ကောင်စီက ယခုနှစ် ဧပြီ ၂၇ ရက်တွင် ဖမ်းဆီးခဲ့ပြီးနောက် ပြည်သူ့ ကာကွယ်ရေးတပ်(PDF) များထံ ငွေကျပ် သုံးသိန်း ထောက်ပံ့ခဲ့သည် ဟု စွပ်စွဲကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဒေါ်ရွက်နုအောင်သည် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ တိုင်းအဆင့် အဖွဲ့ဝင်တဦးလည်း ဖြစ်ပြီး ဥပဒေကိစ္စရပ်များတွင် အားကိုးအားထားပြုရသူတဦးလည်းဖြစ်ကာ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အပြင် စစ်ကောင်စီ၏ ဖမ်းဆီး တရားစွဲဆိုခြင်းခံနေရသည့် အခြားသော မန္တလေးတိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့၏အမှုများ ကိုလည်း ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ပေးနေသူလည်း ဖြစ်သည်။
၎င်းသည် ဧပြီ ၂၇ ရက်တွင် ဝန်ကြီးချုပ်၏ အမှုရုံးချိန်းမှအပြန်၌ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
ဖမ်းဆီးခံရပြီးနောက် ဒေါ်ရွက်နုအောင်အနေဖြင့် မန္တလေး နန်းတွင်း စစ်ကြောရေးစခန်းတွင် ချုပ်နှောင်ခံခဲ့ရသည့်အပြင် ၎င်း၏ရုံးခန်းကိုလည်း စစ်ကောင်စီက ရှာဖွေသိမ်းဆည်းမှုများ ပြုလုပ်ခဲ့သည်။
ဒေါ်ရွက်နုအောင်သည်၂၀၁၉ ခုနှစ်က နေပြည်တော်ရှိ၊ မူကြိုကျောင်းတခုတွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားဟု အများ က ခေါ်ဆိုသည့် ကလေးငယ်အား လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွင်လည်း နစ်နာသူ ကလေးငယ်မိသားစုဘက်မှ ရှေ့နေ အဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။
တရားလွှတ်တော် ရှေ့နေတဦးက “ဒီလိုကာလမှာ နိုင်ငံရေးအမှုတွေ လိုက်ပါဆောင်ရွက်ပေးနေရတဲ့ ရှေ့နေတွေ အချိန် မရွေး စွပ်စွဲဖမ်းဆီးခံရနိုင်တဲ့ အနေအထားပဲ။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု အပြည့်ရနေလို့ ပရော်ဖက်ရှင်နယ်အလုပ်ကို လုပ်နေတာတော့ မဟုတ်ဘူး။ ကျီးလန့်စာစားနေရသလို အနေအထားပဲ။ စကားလုံးအသုံးအနှုန်းကအစ သတိထားနေ ရတယ်” ဟု သုံးသပ်ပြောဆိုသည်။
ဒေါ်ရွက်နုအောင် ကဲ့သို့ပင် နိုင်ငံရေးအမှုများအား ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေသည့် အခြားသောရှေ့နေ အချို့မှာလည်း အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်း၊ အမှုဖွင့်တရားစွဲဆိုခြင်းများကြောင့် ထောင်ဒဏ်ချမှတ်ခံရသူ များနှင့် ထွက်ပြေးတိမ်းရှောင်ရသူများလည်း ရှိနေသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) တွင် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုဆိုင်ရာပြစ်မှု အဖြစ် ဖော်ပြထားပြီး ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ဆယ်နှစ်မှ အများ ဆုံး ထောင်ဒဏ် တသက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
You may also like these stories:
အမှုကို ကိုယ်တိုင်ခုခံချေပသွားမည်ဟု ရှေ့နေဒေါ်ရွက်နုအောင်ဆို
ရှေ့နေ ဒေါ်ရွက်နုအောင်အား မန္တလေးနန်းတွင်း စစ်ကြောရေး၌ စစ်ဆေးနေ
PDF ထောက်ပံ့သည်ဆိုကာ ရှေ့နေဒေါ်ရွက်နုအောင်ကို အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်