မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ရုံ ရပ်နားသွားသောကြောင့် ရန်ကုန်တိုင်း၊ မြို့နယ်တချို့နှင့် စက်မှုဇုန်များ၌ ပေးနေသော ဓာတ်အားများကို လျှော့ချမည်ဖြစ်၍ ယာယီ ဓာတ်အားပြတ်တောက်မှုများ ရှိနိုင်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ယနေ့ နေ့လယ်ပိုင်းတွင် အသိပေးထုတ်ပြန်သည်။
နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ပို့လွှတ်နေသော V- Power သဘာ၀ ဓာတ်ငွေ့သုံးစက်ရုံ (မြင်းခြံ)သည် ယမန်နေ့ ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင်လည်းကောင်း၊ Sembcorp သဘာ၀ ဓာတ်အားသုံးစက်ရုံ (မြင်းခြံ) သည် ယင်းနေ့ ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင်လည်းကောင်း စက်များအရေးပေါ်ရပ်တန့်ခဲ့ရသည့်အတွက် အဆိုပါဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်ပို့လွှတ်မှု ၄၉၂၀ မဂ္ဂါဝပ် နာရီခန့်လျော့နည်းခဲ့ရကြောင်း ဆိုသည်။
ထို့ကြောင့် အဆိုပါဓာတ်အားပေးစက်ရုံများ ထုတ်လုပ်နိုင်မှု မရှိချိန်ကာလအတွင်း ဓာတ်အားစနစ် တည်ငြိမ်မှု ရှိစေရန်အတွက် ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အားဖြည့်တင်းခြင်း၊ အရေးပေါ် ၀န်အားထိန်းညှိမှုများဆောင်ရွက်ခြင်း၊ ရန်ကုန်တိုင်း မြို့နယ်အချို့တွင် သုံးစွဲ၀န်အားထက် လျှော့၍ ဓာတ်အားဖြန့်ဖြူးပေးခြင်းနှင့် စက်မှုဇုန်များအား ညပိုင်း၌ လျှော့ချ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
မြောက်ဒဂုံမြို့နယ်မှ နေထိုင်သူ တဦးက” မနေ့ကလည်း နေ့လယ် ၁ နာရီကပြတ်တာ ည၁၀ နာရီလောက်မှ လာတယ်။ ဒီနေ့လည်း မနက် ၁၀ နာရီထဲက ပြတ်နေတာ အခုထိ မလာသေးဘူး”ဟု ပြောသည်။
ရန်ကုန်မြို့နယ်များတွင် ပုံမှန်အားဖြင့် မိုးတွင်းကာလ၌ လျှပ်စစ်မီးရရှိမှု အချိန်အနည်းငယ်ပြန်များသော်လည်း မီးလာချိန်များ ပုံမှန်မရှိကြောင်း နှင့် ယခုအခါ ပိုမိုဆိုးရွားမည့် အခြေအနေရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ အမျိုးသားတဦးက ပြောသည်။
မန္တလေးတိုင်း မြင်းခြံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂ ရုံသည် ဒေသတွင်း မတည်ငြိမ်မှုများ ပြင်းထန်လာသောကြောင့် စက်ရုံလည်ပတ်နေမှုများကို ရပ်ဆိုင်းလိုက်ကြောင်း ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည်။
You may also like these stories:
မြင်းခြံဓာတ်အားပေး စက်ရုံကို စင်္ကာပူကုမ္ပဏီ ယာယီရပ်ဆိုင်း
မြန်မာ ဖရိုဖရဲအခြေအနေကြောင့် ထိုင်းရင်းနှီးမြှုပ်နှံမှုများ ပြန်ရုပ်သိမ်း
မီးပြတ်၊ ရေပြတ်နှင့် ပြည်သူတို့၏ အပူပေါင်းများစွာ