အသက် ၁၀ နှစ်အရွယ် အိမ်အကူကလေးငယ်ကို သွားများကျွတ်ထွက်သည်အထိ ရိုက်နှက်သည်ဟုဆိုကာ တိုင်ကြားခံထားရသည့် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ရာတွင် နေထိုင်သည့် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး နှင့် ၎င်း၏ မိသားစုဝင် များကို ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အိမ်အကူ မိန်းကလေးကို အပေါ်သွားနှင့် အောက်သွားများ ကျိုးထွက်အောင်ရိုက်နှက် နှိပ်စက်ခဲ့သည်ဟုဆိုကာ တိုင်ကြားခံထားရသည့် အငြိမ်းစား ဒုဗိုလ်မှူးကြီးနှင့် မိသားစုကို ပုဒ်မ ၃၂၅၊ ၃၂၆၊ ၁၁၄ အရ အမှုဖွင့်ထားပြီး စစ်ဆေးနေဆဲ အခြေအနေပင် ရှိသေးကြောင်း ဘုရင့်နောင် မြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။
“အခုလောလောဆယ်ထိ အခြေအနေက ဒီကိစ္စကို စစ်ဆေးနေဆဲပါပဲ။ တိုင်ထားတဲ့ ကလေးမလေးကလည်း ရန်ကုန်မှာဘဲ ရှိပါတယ်။ စုံစမ်းနေတုန်း ဆိုတော့ အသေးစိတ်တော့ ပြောပြလို့ မရသေးပါဘူး” ဟု ၎င်းက ဆိုသည်။
အဆိုပါ အမှုနှင့် ပတ်သက်သည့် ဒုဗိုလ်မှူးကြီး၏ အမည်၊ နှိပ်စက်ခံရသည့် အိမ်အကူ မိန်းကလေး၏ အမည်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ရိုက်နှက်နှိပ်စက်ခံရသည့် အသက် ၁၀ နှစ်အရွယ် အိမ်အကူ မိန်းကလေးသည် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်မှ ဖြစ်ပြီး အိမ်ဖော်ပွဲစားမှ တဆင့် အငြိမ်းစား ဒုဗိုလ်မှူးကြီး၏ နေအိမ်တွင် လုပ်အားခ တလလျှင် ၅၀၀၀၀ ကျပ်ဖြင့် အိမ်အကူ အဖြစ် အလုပ်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အိမ်အကူမိန်းကလေးဘက်မှ လိုက်ပါကူညီနေသူများက ရိုက်နှက်နှိပ်စက်မှု အပေါ် စစ်ဆေး ဆောင်ရွက် ပေးရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ထံသို့ တိုင်ကြားထားကြောင်း သိရသည်။
လူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူ တဦးကလည်း “တိုင်ထားတာတော့ ရှိတယ်။ ဖြစ်စဉ်ကို ကျနော်တို့ အသေးစိတ်စစ်ဆေးနေတယ်။ စစ်ဆေးတာလည်း ပြီးသလောက်တော့ရှိပါပြီ။ သိပ်မကြာခင် သတင်းထုတ်ပြန်ပေးပါမယ်” ဟု ဆိုသည်။