ပြည်တွင်း၌ ဝင်ရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်လုပ်ငန်းနှင့် အားပေးမြှင့်တင်မည့် လုပ်ငန်းအမျိုးအစား စာရင်းများကို လာမည့်ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက “ ကန့်သတ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရော ရင်းနှီးမြှုပ်နှံမှု အားပေးမြှင့်တင်မယ့် လုပ်ငန်းတွေ အပါအဝင် နှစ်ခုစလုံးကို ၂၀၁၇ ဖေဖော်ဝါရီလ အတွင်း၊ နောက်အကျဆုံး မတ်လ ပထမအပတ်မှာ ထုတ်ပြန်နိုင်အောင် ဆောင်ရွက်နေတယ်” ဟု ပြောသည်။
ဇန်နဝါရီလ ၂၃ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည့် ရင်နှီးမြှုပ်နှံမှု လုပ်ငန်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ကန့်သတ်ရင်းနှီးမြှုပ်မှု အမျိုးအစားစာရင်းမှာ နိုင်ငံသားနှင့် နိုင်ငံခြားသားကို လုံးဝခွင့်မပြုထားသော လုပ်ငန်းများ၊ နိုင်ငံသား လုပ်ကိုင်ခွင့်ပြုပြီး နိုင်ငံခြားသား လုပ်ကိုင်ခွင့်မပြုသော လုပ်ငန်းများ၊ နိုင်ငံခြားသား လုပ်ကိုင်ခွင့် ပြုသော်လည်း နိုင်ငံသားနှင့် ဖက်စပ်လုပ်ကိုင်ခွင့် မပြုသော လုပ်ငန်းများနှင့် နိုင်ငံသား၊ နိုင်ငံခြားသာပါ ခွင့်ပြုပေးသော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာန၏ သဘောတူညီချက် ရရှိမှသာ ခွင့်ပြုမည့်လုပ်ငန်းများဟု အကြမ်းဖျင်းခွဲထားသည်ဟု ဆိုသည်။
“ညှိနှိုင်းဆွေးနွေးနေတာ အားပေးမြှင့်တင်မယ့် လုပ်ငန်းစဉ် ပြီးစီးမှုက ၉၀ ရာခိုင်နှုန်းနဲ့ ကန့်သတ်မယ့်စာရင်း လုပ်ငန်းစဉ်ပြီးစီးမှု ရာခိုင်နှုန်း ၈၀ လောက် ပြီးသွားပြီ။ မကြာခင် အများပြည်သူကို မူကြမ်းချပြပြီး ဆွေးနွေးကြဖို့ ကျန်တယ်။ ပြီးရင် စီးပွားရေးကော်မတီတို့ ကတ်ဘီနက် (အစိုးရအဖွဲ့) ကို တင်ပြသွားမယ်” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။
၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် ဇန်နဝါရီလ ဒုတိယအပတ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၀၆ ခု ခွင့်ပြုခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၄၄၄၉ ဒသမ ၁၃၈ သန်း ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။
အလားတူ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၄၁ ခု ခွင့်ပြုခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၇၅၈ ဒသမ ၁၇၄ သန်း အပါအဝင် ကျပ် ၁,၃၆၆,၁၀၀ ဒသမ ၀၄၃ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်က ပြည်တွင်းပြည်ပလုပ်ငန်းများ ခွင့်ပြုပေးရာတွင် စီးပွားရေး တွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ် ဖန်တီးနိုင်မှု၊ အခွန်တိုးတက် ရရှိနိုင်မှု၊ နည်းပညာလွှဲပြောင်း ရရှိမှု၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆဲ ဥပဒေများကို လိုက်နာခြင်းစသည့် အချက်များကို အခြေခံပြီး စိစစ်ခွင့်ပြုခြင်း ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ( DICA ) က ပြောသည်။