ယခင်က ကွမ်းပင်များမှ ထွက်လာသော ကွမ်းဖတ်များကို မီးရှို့ဖျက်ဆီးနေရာမှ ယခုတွင် ပလတ်စတစ်အစားထိုး လူသုံးကုန်ပစ္စည်းများ ပြောင်းလဲထုတ်လုပ်လပြီ ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ကွမ်းဖတ်ကို အသုံးပြုပြီး တခါသုံးပစ္စည်းများ ထုတ်လုပ်နေသည့် Nature Myanmar က ထုတ်လုပ်နေလျှက် ရှိပြီး ဒီထုပ်လုပ်မှုကို ကမ္ဘာ့ဘဏ်ကလည်း အသိအမှတ်ပြုထားသည်ကို တွေ့ရသည်။
အဆိုပါ အမှိုက်များမှ လူသုံးကုန်ပစ္စည်းများအဖြစ် ထုတ်လုပ် ဖြစ်လာခဲ့ပုံများ၊ ဈေးကွက်ထဲက ပလတ်စတစ် ပစ္စည်းများနှင့် ယှဉ်ပြိုင်ရသည့်အခါ ကြုံတွေ့ရသည့် အဓိက စိန်ခေါ်မှုတွေများအကြောင်း၊ ထုတ်လုပ်နေမှု အခြေအနေများနှင့် ကုန်ပစ္စည်းများကို ကျန်းမာရေးနှင့် ညီညွှတ်မှု ရှိစွာ ထုတ်လုပ်နေမှု အပိုင်းများအကြောင်းကို Nature Myanmar ကုမ္ပဏီ တည်ထောင်သူ ဦးမင်းကျော်ဇင်ကို ဧရာဝတီသတင်းထောက် အောင်သီဟက တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ ဒီလုပ်ငန်းကို စလုပ်တုန်းကဘယ်လို အခက်အခဲမျိုးတွေက စိန်ခေါ်မှုတွေ ဖြစ်ခဲ့လဲ။
ဖြေ။ ။ ၂၀၁၆ ခုနှစ်လောက် ယူကျူ့မှာ အိန္ဒိယက မှတ်တမ်းရုပ်ရှင်လေးတခု ကျနော် ကြည့်မိတယ်။ ငှက်ပျောဖတ် တွေကနေ လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်နေတာကို တွေ့လိုက်ရတယ်။ အဲဒီကနေ တောက်လျှောက် လိုက်လေ့လာဖြစ်ခဲ့ပြီး ကျနော်ကလည်း ကံကောင်းထောက်မစွာနဲ့ပဲ တနင်္သာရီတိုင်းမှာ ရောက်နေတဲ့ အချိန်၊ အဲဒီဒေသမှာ အဓိက စွန့်ပစ်ပစ္စည်းက ကွမ်းဖတ်တွေ ဖြစ်နေတာ။ အဲဒီကနေပဲ ကွမ်းဖတ်ကနေ ဒါမျိုးလေးတွေ ထုတ်လုပ်လို့ရမယ်ဆိုပြီး အိုင်ဒီယာရခဲ့တယ်။
အဲဒီကနေ စပြီး ထုတ်လုပ်ဖို့ ကြိုးစားတဲ့ အချိန်၊ ရှစ်လလောက်ကတော့ တော်တော်လေး ရုန်းကန်ခဲ့ရတယ်။ အဓိက စိန်ခေါ်မှုက နှစ်ချက်ပေါ့၊ နည်းပညာ အခက်အခဲနဲ့ ဘဏ္ဍာရေး အခက်အခဲပေါ့။ ပြီးတော့ တနင်္သာရီတိုင်းဆိုတာကလည်း သိတဲ့အတိုင်း ပင်မ မဟာဓာတ်အားလိုင်းက မရောက်ဘူး။ မရောက်တော့ မီတာခ အရမ်းဈေးကြီးတယ်။
တယူနစ်ကို ကျပ် ၃၅၀ ကနေ ၄၀၀ လောက် ကျတာပေါ့။ အဲဒီလို အခြေအနေမျိုးမှာ ကျနော်တို့ စမ်းသပ် ရတယ်ဆိုတော့ မီတာခနဲ့တင် တော်တော် ထောင်းတာပေါ့။ အဲဒီမှာ အပူချိန်မမှန်လို့ ပစ္စည်းပျက်သွားတာတွေ၊ စိုထိုင်းဆတွေ မမှန်တာကြောင့်လည်း ပစ္စည်းတွေ ပျက်စီးတယ်။ ဒီဇိုင်းထိုင်တာ မမှန်တဲ့အတွက်လည်း ပစ္စည်းကောင်းတွေ မထွက်ဘူးပေါ့။ တခုတခု စမ်းသပ်တဲ့ ကာလတိုင်းမှာတင် ဘဏ္ဍာရေး အခက်အခဲက တဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာတာပေါ့။
ဒီလုပ်ငန်းလေးကို ကျနော်တို့က ၂၀၁၈ ခုနှစ် မတ်လ လောက်မှ စခဲ့တယ်။ စမ်းသပ်ထုတ်လုပ်တာပဲကို ရှစ်လလောက် ကြာခဲ့တယ်။ ကျနော်တို့ လိုချင်တဲ့ အရည်အသွေးကိုတော့ ဇန်နဝါရီလလောက်မှ စထုတ်နိုင်ခဲ့တယ်။ အဲဒီအချိန်က ကျနော်တို့ကို ဘယ်သူမှလည်း မသိဘူး၊ ဒီအတိုင်းပဲ ကြိုးစားနေရတာပေါ့။ နောက်ပိုင်း၊ လူမှုကွန်ရက်တွေကရော၊ မီဒီယာတွေက တဆင့်ရော လူတွေ ပိုသိလာတဲ့ အချိန်မှာ လုပ်ငန်း တိုးချဲ့ဖို့ ကိစ္စလည်း ထပ်ဖြစ်လာတာပေါ့။
အဲဒီအချိန်မှာ SME လုပ်ငန်း ထောက်ခံချက်တွေ ရောက်လာပြီး အဲဒီကနေတဆင့် ချေးငွေ လျှောက်ထားမှု အပိုင်းတွေလည်း ဆက်လုပ်နေတယ်။ ဒါပေမဲ့ ဒီနေ့အချိန်ထိတော့ ကျနော်တို့ဖာသာ ရှိတဲ့ ဟာလေးနဲ့ ရုန်းကန်နေရတုန်းပဲ။ ကျနော်တို့ မြန်မာပြည်မှရှိတဲ့ SME အားလုံးသည် အစိုးရရဲ့ အထောက်အပံ့ကို တော်တော်များများက မျှော်လင့်ကြတာပေါ့။ အစိုးရကလည်း သူ့ အခက်အခဲတွေ သူရှိမှာပေါ့။ ဒါပေမဲ့ SME ဘက်ကိုတော့ စောင့်ရှောက်မှု၊ ထောက်ပံ့မှု အားနည်းနေသေးတယ်လို့ ယူဆရတယ်။
ဘာလို့ဆိုရင်၊ ဒီနေ့အချိန်အထိ ကျနော်တို့က ကိုယ့်ဖာသာကိုယ်ပဲ ရုန်းကန်နေရတဲ့ အပိုင်းပေါ့။ ဒါလေးလည်း ကျနော်က SME လုပ်ငန်းရှင်တွေ ကိုယ်စား အစိုးရကို တောင်းဆိုချင်တာက SME လောကကို ကြည့်ပေးဖို့ပေါ့။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့က SME ဖွံ့ဖြိုးတိုးတက်ဖို့ အရမ်းကို အရေးကြီးတယ်။
ကိုယ့်ဖာသာ ရုန်းကန် နေရရင်တော့ သေချာတယ်၊ သိပ်ရေရှည်ခံမှာ မဟုတ်ဘူးပေါ့။ ကျနော်တို့လည်း အခုအချိန် ထိတော့ တောင့်ခံထားနေရ သေးတာပေါ့။ အလားတူ တခြား ကျနော်တို့လိုပဲ လုပ်ငန်းရှင်တွေလည်း ရှိနေဦးမှာပဲလေ။ အခုထက်ပိုပြီးတော့ SME လုပ်ငန်းရှင်တွေကို စောင့်ရှောက်နိုင်ရင်တော့ နိုင်ငံအနေနဲ့လည်း ပိုပြီးတော့ တိုးတက်လာမယ်လို့ ယူဆရတယ်။

မေး။ ။ လက်ရှိ ထုတ်လုပ်ထားပြီးတဲ့ ပစ္စည်းတွေက ဘာတွေ ထုတ်ထားပြီပြီလဲ။
ဖြေ။ ။ အဓိကကတော့ စားသောက်တဲ့ နေရာမှာ အသုံးပြုရတဲ့ ပစ္စည်းတွေပေါ့။ အခုလောလောဆယ် ကျနော်တို့ ပစ္စည်းပေါင်း ၁၅ မျိုးလောက် ထုတ်နေတယ်။ နောက်ထပ်လည်း ပစ္စည်းအသစ်တွေ ထပ်ပြီးတော့ ထုတ်ဖို့ရှိတယ်။
အခုကတော့ ထမင်းစား ပန်းကန်တွေ၊ ပန်းကန်လုံးတွေ၊ ဇွန်းနဲ့ ခရင်းတွေ၊ နောက် လူကြိုက်အများဆုံးဖြစ်တဲ့ (Takeaway Box) ဖော့ဘူးအစားထိုး ဘူးတွေ၊ အချဉ်တွေ ဘာတွေ ထည့်ဖို့ ခွက်လေးတွေပေါ့။
နောက်ထပ် အသစ်တွေ ထုတ်ဖို့လည်း ရှိသေးတယ်။ အဲဒီအတွက် ကျနော်တို့က ဈေးကွက်ထဲမှာ ရှိနေတဲ့၊ သုံးတာများနေတဲ့ ပစ္စည်းတွေကို အရင် ဆာဗေးလုပ်တယ်။ ဖော့နဲ့ ပလတ်စတစ်တွေ၊ ဘယ်လိုပစ္စည်းတွေ ဘယ်လိုဆိုဒ်တွေ၊ ဘယ်လို အမျိုးအစားတွေကို အသုံးများနေလဲဆိုတာကို လိုက်ကြည့်ပြီး ထုတ်နေတာပေါ့။
လက်ရှိ ထုတ်လုပ်နေတဲ့ ပစ္စည်း တော်တော်များများသည် ဈေးကွက်ထဲမှာ အသုံးများနေတဲ့ ပစ္စည်းတွေကို ထုတ်နေတာပေါ့။ ဒီနှစ်ထဲမှာ နောက်ထပ် ၁၀ မျိုးနဲ့ ၁၅ မျိုးလောက် ထပ်ထုတ်သွားဖို့ ရှိတယ်။ ၂၀၂၀ ထဲမှာတော့ ကိုယ့်စိတ်ကြိုက် ဒီဇိုင်းနဲ့ မှာလို့ရမယ့် ပုံစံမျိုးတွေ သွားမယ်။
သိပ်မကြာခင်မှာ အမှာအများဆုံး ဖြစ်နေတဲ့ တခါသုံးရေခွက်တွေ ထွက်လာဖို့ ရှိတယ်။ နောက် ထမင်းဘူးတွေ (Lunch box) ထပ်ထွက်လာမယ်။ အလားတူ လူကြိုက်များတဲ့ ပစ္စည်းတွေ ထပ်လုပ်သွားဖို့ရှိတယ်။
မေး။ ။ ဒီလို သဘာဝကထုတ်တဲ့ ပစ္စည်းတွေနဲ့ ဈေးကွက်ထဲမှာ ရှိပြီးသား ပလတ်စတစ် ပစ္စည်းတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ စိန်ခေါ်မှုတွေက ဘာတွေရှိလဲ။
ဖြေ။ ။ အဓိက ထင်သာမြင်သာ ရှိတာက ဈေးနှုန်းပေါ့လေ။ ကျနော်တို့ ပစ္စည်းကတော့ ဈေးနှုန်း နည်းနည်းလေး ကြီးတယ်။ လက်ရှိ ဖော့တို့၊ ပလတ်စတစ်တို့ထက်ပေါ့။ ဈေးကွာတယ် ဆိုတာကလည်း ကျပ် ၅၀၊ ၁၀၀ ပါပဲ။ ကျနော်တို့ ပစ္စည်းတွေကလည်း တခုကို အမျိုးအစားအပေါ် မူတည်ပြီး ကျပ် ၅၀ ကနေ ၁၅၀ အထိပဲ ရှိတာပါ။
ဒါပေမဲ့ ဈေးနှုန်းနည်းနည်းကြီးပေမဲ့ ဒီလို ပစ္စည်းလေးတွေကို သုံးလို့ရတဲ့ အကျိုးအမြတ်ကတော့ ကွာတာပေါ့။ ဒီဖော့တို့၊ ပလတ်စတစ်တို့က သိတဲ့အတိုင်းပဲ၊ ကျန်းမာရေးအတွက် အများကြီး ဆိုးကျိုးသက်ရောက်မှုရှိတယ်။ ပတ်ဝန်းကျင်အတွက် အများကြီး အကျိုး သက်ရောက်မှုရှိတယ်။
သက်ဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့လို အဖွဲ့အစည်းမျိုးတွေ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အဖွဲ့အစည်း မျိုးတွေကလည်း သတိပေးနေတာတွေ ရှိတယ်။ ဒါကို တော်တော်များများလည်း သိတယ်။ ကျနော်တို့ နိုင်ငံမှာက ဘာဖြစ်နေလဲ ဆိုတော့၊ သိပေမဲ့လည်း တခြား ရွေးချယ်စရာက မရှိဘူးဖြစ်နေတာ။
ဖော့မကောင်းဘူး၊ ပလတ်စတစ် မကောင်းဘူးဆိုတာ မှန်တယ်၊ ဒါပေမဲ့ တခြားပစ္စည်းတွေ ရွေးသုံးဖို့ မရှိဘူးပေါ့။ အဲဒီတော့ ကျနော်တို့ ပစ္စည်းတွေက ဖော့တို့၊ ပလတ်စတစ်တို့ အစားထိုးပစ္စည်း အနေနဲ့ ဖြစ်လာတယ်။ ကျနော်တို့မှာ ပြဿနာက ဘာရှိလဲဆိုတော့ ဒီပစ္စည်းတွေက ရန်ကုန်မှာ ထုတ်နေတာမှန်ပေမဲ့ သူ့ရဲ့ အဓိက ကုန်ကြမ်းက တနင်္သာရီတို့၊ ကရင်ပြည်နယ်တို့၊ ဧရာဝတီတိုင်းတို့ ဒီလိုဒေသတွေက အဓိက ထွက်တာဆိုတော့ ရန်ကုန်ကို သယ်ရတဲ့ စားရိတ်တွေ ရှိတာပေါ့။
အဲဒီ စားရိတ်အပြင်၊ ဒီရန်ကုန်ရောက်တဲ့ အချိန်မှာလည်း ဒီထုတ်လုပ်မှု ဖြစ်စဉ်မှာ လုပ်သား စားရိတ်တွေက အစ ထုတ်လုပ်မှု ကုန်ကျ စားရိတ်တွေရှိတယ်။ ကုန်ကြမ်းမှာ ကျခံရတဲ့ စားရိတ်ရော၊ ကုန်ချောမှာ ကျခံရတဲ့ စရိတ်ရော ဒီစားရိတ်တွေ အားလုံးပေါင်းလိုက်တဲ့ အချိန်မှာတော့ ကျနော်ပစ္စည်းက ဈေးတခု ဖြစ်သွားတယ်ပေါ့။
ဒါပေမဲ့ ပလတ်စတစ်တွေက သဘာဝ ပတ်ဝန်းကျင်ကို စွန့်ပစ်လိုက်ရင် ဆိုးကျိုးသက်ရောက်မှုတွေ အများကြီးရှိတယ်။ စနစ်တကျ မစွန့်ပစ်ရင်ပဲ နှစ်ရာနဲ့ ထောင်ချီပြီး ကြာတယ်ပေါ့၊ ပျက်စီးဖို့ကို။ ပြီးတော့ မြေဆီလွှာ တွေလည်း အများကြီး ပျက်စီးတယ်။ ကျနော်တို့ ဒီလို ပစ္စည်းလေးတွေက အပြင်ဘက်မှာ စွန့်ပစ်လိုက်ရင် ရက် ၉၀ ကနေ ရက် ၆၀ အထိပဲ၊ ဒီလပိုင်းအတွင်းမှာ ပျက်စီးတယ်ပေါ့။ ပြီးရင်သူက သစ်ပင်က သစ်ရွက်ပဲ ဖြစ်တဲ့အတွက် မြေသြဇာအဖြစ် ပြောင်းတယ်။ ဒီအချက်နဲ့တင် ကျနော်တို့က သုံးရကျိုး နပ်တယ်ပေါ့။
မေး။ ။ ဈေးကွက်ထဲမှာ ပလတ်စတစ်ပစ္စည်းတွေလို လွယ်လွယ်ရအောင် ဘယ်လိုလုပ်သွားဖို့ရှိလဲ။
ဖြေ။ ။ အဲဒါက ကျနော်တို့ကလည်း Startup လုပ်ငန်းဖြစ်တဲ့အတွက် ဒီလုပ်ငန်းလေးတွေရဲ့ ထုံးစံအတိုင်းပဲ ပမာဏများများ ထုတ်နိုင်မယ့် လုပ်ငန်းအကြီး ပုံစံမျိုးဘက်ကို မသွားနိုင်သေးဘူး။ Mass Production ဘက်ကို သွားနိုင်အောင် ဈေးကွက် လိုလားချက်အတိုင်း တိုက်ရိုက်ဖြန့်ချိနိုင်အောင် ကြိုးစားသွားမယ်။
ကုန်ကြမ်းကတော့ လုံလုံလောက်လောက် ရရှိနိင်မယ့် အနေအထားရှိတယ်။ နည်းပညာ အကူအညီနဲ့ ဘဏ္ဍာရေး လိုအပ်ချက်လေးတွေ ရှိနေသေးတဲ့အတွက် တချက်လေး ကြိုးစားနေရတာပေါ့။ ဒါကလည်း သိပ်မကြာခင် မှာတော့ အဆင်ပြေသွားမှာပါ။ ဒီနှစ်ထဲမှာပဲ ကျနော်တို့ Mass Production အနေနဲ့ ထုတ်လုပ်နိုင်မယ့် အနေအထားရှိပါတယ်။

မေး။ ။ ကျနော် သိရသလောက် ဒီပစ္စည်းတွေကို ပြည်တွင်းကတင် မဟုတ်ဘူး ပြည်ပနိုင်ငံတွေကတောင် အော်ဒါမှာယူ နေတယ်လို့ သိရတယ်။ အဲဒီတော့ လက်ရှိ ဈေးကွက်အခြေအနေက ဘယ်လိုရှိနေလဲ။
ဖြေ။ ။ ကျနော်တို့ စပြီးတော့ ဒီထုတ်ကုန်တွေ စထုတ်ခွင့်ရတဲ့ အချိန်မှာ လူမှုကွန်ရက်ကို ကျနော်တို့ တင်လိုက်တယ်ပေါ့။ အဲဒီအချိန်မှာပဲ မမျှော်မှန်းနိုင်လောက်အောင်ပဲ ကျနော်တို့နိုင်ငံ ပြည်သူတွေရဲ့ စိတ်ဝင်စားခြင်းကို ခံရတာပေါ့။ ဆိုတော့၊ အလားတူပဲ ပြည်တွင်းတင်မကဘူး ပြည်ပနိုင်ငံတွေကပါ စိတ်ဝင်စားခြင်း ခံရတယ် အဲဒီတော့ ပြည်တွင်းရော၊ ပြည်ပရော အမှာစာတွေ တက်တာပေါ့။
ကျနော်တို့ ထုတ်လုပ်နိုင်တဲ့ အနေအထားနဲ့ လက်ရှိ ဝယ်လိုအားရဲ့ အနေအထားက ကွာဟချက်က တော်တော်များတယ်။ ကျနော်တို့ ထုတ်လုပ်နိုင်တာက တရက်ကို ပစ္စည်းတစ်မျိုးကို ရာဂဏန်းလောက်ပဲ ရှိသေးတာကိုး။ သိပ် မကြာခင်မှာတော့ တရက်တရက်ကို ပစ္စည်းတမျိုးကို ထောင်ဂဏန်းလောက်အထိ ထုတ်လုပ်နိုင်အောင်လည်း လုပ်ဖို့ရှိတယ်။
လက်ရှိ ကျနော်တို့ဆီက ဝယ်ယူချင်တဲ့ ဝယ်လိုအားက သောင်းဂဏန်းလောက် အထိ ရှိနေတယ်။ ပြည်ပ အော်ဒါပါ ဝင်လာရင် တလကို သိန်းဂဏန်းလောက် ရှိတယ်။ ဒီအနေအထားကို ပြည့်မီဖို့အတွက် ကျနော် တို့လည်း တော်တော်လေးတော့ လုပ်ရဦးမယ်။ နည်းပညာအကူအညီတွေ၊ ဘဏ္ဍာရေး အကူအညီတွေ ဒီထက် ပိုပြီးရလာမယ်ဆိုရင် ကျနော်တို့ ရည်ရွယ်ချက်ကို အချိန်တိုတိုအတွင်းမှာ ရောက်နိုင်ဖို့ မျှော်လင့်ရတာပေါ့။
မေး။ ။ ဒီလိုပစ္စည်းတွေက ပလတ်စတစ် ပစ္စည်းတွေထက် ဘာတွေ အားသာချက်တွေရှိလဲ။
ဖြေ။ ။ သူရဲ့ အားသာချက်က ဘာလဲဆိုတော့ နံပါတ် ၁ က သဘာဝ ပစ္စည်းစစ်စစ်ဖြစ်တယ်။ နောက်တခုက အပူအအေး ဒဏ်ခံနိုင်တယ် ရေပူရေအေးပေါ့။ နောက်၊ အစားသောက်အပူ အအေးပေါ့။ ပြီးတော့ ရေမစိမ့်ဘူး၊ သုံးလေးနာရီလောက် ရေမစိမ်ဘဲ ထားလို့ရတယ်။ နောက်ဆုံးတခုက Microwave မှာ ထည့်သုံးလို့ ရတယ်။
ဒီအချက်တွေကတော့ ဒါစားသုံးသူတွေရဲ့ သည်းခြေကြိုက်ပဲလို့ ပြောလို့ရမှာပေါ့။ အဓိကက ဖော့တို့ ပလတ်စတစ် တို့က အပူနဲ့ထိရင် ဘန်ဇင်းထွက်တာတို့၊ ကျန်းမာရေးအတွက် ကင်ဆာတို့ ဖြစ်စေတဲ့ ဓာတ်တွေ အပူနဲ့ ထိရင် ထွက်တယ်ပေါ့။ လူတော်တော်များများမှာ ဒီလိုမျိုး အသိတွေရှိတယ်။ ဒီဘက်ခေတ် လူတွေရဲ့ စားသောက်မှု ပုံစံကလည်း အကုန်လုံးက အော်ဂဲနစ်ဘက်ကို သွားနေကြတယ်ဆိုတော့ အဲဒီအချိန်မှာ အချိန်ကိုက်ပဲ။ ကျနော်တို့ ပစ္စည်းက ထွက်လာခဲ့တယ်ဆိုတော့ လူကြိုက်များ တာပေါ့။ ကျနော်တော့ အဲဒီလိုပဲ ယူဆတယ်။
မေး။ ။ ဒီပစ္စည်းတွေရဲ့ အရည်အသွေးကရော ဘယ်လိုအသုံးခံလဲ၊ ကျန်းမာရေးအတွက် ညီညွှတ်စေဖို့လည်း ဘယ်လိုမျိုးတွေ လုပ်ဆောင်ထားလဲ။
ဖြေ။ ။ သဘာဝပစ္စည်း ဖြစ်တဲ့အတွက် Moisture (အစိုဓာတ်) ကို စုပ်တာကတော့ သူ့ရဲ့ အားနည်းချက်ပေါ့။ ကျနော်တို့ ဒီအတိုင်း ပစ်ထားရင်တော့ Moisture ကို စုပ်တယ်ပေါ့။ သူက တခြား သာမန်ပစ္စည်းတွေထက် ပိုပြီးစုပ်တယ်။ အဲဒီအတွက် အလွယ်ပြောရရင် မှိုတက်တာပေါ့။
ဖွင့်လိုက်ပြီးရင်တော့ ကျနော်တို့က မြန်မြန်သုံးစေချင်တယ်။ အဲဒါကြောင့် တခါသုံး ဆိုပြီးပဲ သတ်မှတ် ပေးထားတာ။ ဒါပေမဲ့ သန့်ရှင်းခြောက်သွေ့တဲ့ နေရာမှာဆိုရင် ထပ်ခါထပ်ခါ သုံးလို့တော့ ရတယ်။ အိမ်မှာ ပန်းကန်ဆေးသလို ဆေးပြီး ပြန်သုံးရင်လည်း ရတယ်။
ဒါပေမဲ့ ကျနော် စိုးရိမ်တာက အခြောက်ခံတဲ့နေရာမှာ Moisture ကျန်နေခဲ့ရင်ပေါ့။ ကျနော်တို့ ထုတ်ပိုးမှုပုံစံအရ သုံးလလောက်အထိ အထားခံတယ်။ ဖွင့်ပြီးရင်တော့ မြန်မြန်သုံးစေချင်တယ်။ တကယ်အိမ်မှာသုံးမယ်၊ စနစ်တကျထားမယ် ဆိုရင်တော့ အခြောက်ခံပြီး ပြန်သုံးလို့ရတယ်။
တကယ်တမ်းတော့ တခါသုံးအပြင်၊ တရက်ထဲမှာ သုံးလေးငါးခါလောက် သုံးရင်လည်း ပြဿနာတော့ သိပ်မရှိနိုင်ပါဘူး။
ကျနော်တု့ိ ပစ္စည်းက အဓိက စားသောက်တဲ့ နေရာမှာ သုံးတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်မှုကိုတော့ အလေးထားဖို့က အဓိက ဖြစ်နေတော့၊ ဒါတွေကို သေချာ ဂရုတစိုက်လုပ်တယ်။ ဒီပစ္စည်းကို စထုတ် ကတည်းက မီးအပူပေးပြီး ဖိတဲ့ ဖိအားက အပူချိန် တော်တော်များတယ်၊ သူက ရေဆူမှတ်ထက်တောင် များတယ်။ အဲဒီတော့ တော်ရုံတန်ရုံပိုးက အဲဒီအဆင့်မှာတင် သေတယ်။ နောက်တခါ၊ ပစ္စည်း ထွက်လာရင်လည်း UV (Ultraviolet Light) နဲ့ ပိုးထပ်သတ်တယ်ပေါ့။ ပြီးမှ ထုတ်ပိုးမှု လုပ်တယ်။
အဲဒါအပြင် Silica Gel ပါ ထုတ်ပိုးမှုထဲမှာ ထည့်ပေးထားတယ်။ ဒီအနေအထားက လက်ရှိ အကောင်းဆုံး ဖြစ်အောင် လုပ်ထားတာပေါ့။ နောက်ပိုင်း ဒီထက်ပိုပြီးတော့ နည်းပညာမြင့်တဲ့ စက်တွေနဲ့ ပိုးသတ်သွားဖို့လည်း ပြင်ဆင်နေတာပေါ့။ ကျန်းမာရေး ထောက်ခံချက်လိုမျိုး ရဖို့အတွက်လည်း ဗီယက်နမ်နိုင်ငံက ဓာတ်ခွဲခန်း တခုမှာ ကျနော်တို့ ပစ္စည်းတွေကို စစ်ဆေးနေတာလဲ ရှိပါတယ်။
ကျနော်တို့ ပစ္စည်းက မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဖြစ်တာဆိုတော့ ဒီက ဓာတ်ခွဲခန်းတွေမှာ စစ်ဆေးဖို့ အဆင်မပြေတဲ့ အတွက် ပြည်ပနိုင်ငံမှာ သွားစစ်ဆေးရတာ။ ကျနော် လက်ရှိ ထုတ်ထားတဲ့ဟာ ကျန်းမာရေးအတွက် လုံခြုံစိတ်ချမှု ဘယ်လောက်ရှိတယ်၊ မရှိဘူး ဆိုတဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စစ်ဆေးချက်တွေကို အခု စောင့်နေတယ်။

မေး။ ။ ဒီ ၂၀၁၉ ခုနှစ်ထဲမှာ အစ်ကိုတို့ ထုတ်ကုန်ကို ကမ္ဘာ့ဘဏ်က ပေးတဲ့ ဆုတခုရခဲ့တဲ့ အကြောင်းလည်း ပြောပြပေးပါဦး။ ပြီးတော့ ကမ္ဘာ့ဘဏ်ဆီက ဘယ်လို အထောက်ပံ့မျိုးတွေ ရဖို့ရှိလဲ။
ဖြေ။ ။ အဲဒါလေးကတော့ ကျနော်လည်း မထင်မိဘူး။ ကျနော်လည်း သွားလျှောက်ခဲ့တာ မဟုတ်ဘူး။ အဓိကက မီဒီယာတွေကနေ တဆင့် ကမ္ဘာ့ဘဏ်က သိသွားတဲ့ သဘောပေါ့။ ကျနော့်ကို ဆက်သွယ်လာပြီး မေးခွန်းလေးတွေ ၆ ခု၊ ၇ ခုလောက် မေးတယ်။ လိုအပ်တဲ့ ဓာတ်ပုံလေးတွေ ဘာတွေ ပို့ပေးလိုက်တယ်။
အဲဒီနောက်ပိုင်း ဇွန်လ ၅ ရက်နေ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ ကျနော့်ကို သူတို့ ဆက်သွယ် လာတယ်။ သူတို့ ရွေးချယ်လိုက်တယ်ပေါ့။ သဘာဝပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်း လုပ်နေတဲ့ လုပ်ငန်းရှင် တယောက်အနေနဲ့ဆိုပြီး ရွေးချယ်လိုက်တယ်။ အရှေ့အာရှနဲ့ ပစိဖိတ် ဒေသက နိုင်ငံပေါင်း ၁၅ နိုင်ငံက လုပ်ငန်းရှင် ၁၅ ဦးကို ရွေးချယ်တာပေါ့။ အဲဒီကမှ ကျနော်က မြန်မာနိုင်ငံက အနေနဲ့ ရွေးချယ်ခံရတာပေါ့။
ဒီဟာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က နောက်ပိုင်း ဆက်သွယ်လာတဲ့ အီးမေးလ်တွေကတော့ ငွေကြေးနဲ့ ပတ်သက်လို့၊ နည်းပညာနဲ့ ပတ်သက်လို့ တချို့အပိုင်းတွေမှာ သူတို့ ကူညီမယ်လို့တော့ ပြောထားတယ်။ ဒါပေမဲ့ တိတိကျကျ ပြောထားတာ မဟုတ်သေးတော့ ကျနော်လည်း ထပ်ပြီး မေးတာတွေ မလုပ်ရသေးဘူး။ ဒါပေမဲ့ သူတို့က တခုခုတော့ ပူးပေါင်းဆောင်ရွက်ပြီး ကူညီမယ်လို့တော့ ပြောထားတယ်။
မေး။ ။ အခုဆိုရင် ကမ္ဘာ့ဘဏ်လို အဖွဲ့အစည်းမျိုးက အသိအမှတ်ပြုထားတယ်ပေါ့။ အစိုးရအနေနဲ့လည်း အစ်ကိုတို့ ထုတ်ကုန်တွေအပေါ် အသိအမှတ် ပြုတာ တခုခုရှိလား။
ဖြေ။ ။ ကျနော်တို့ နိုင်ငံကတော့ ဘာမှ အသိအမှတ် ပြုတာမရှိသေးပါဘူး။ ကျနော်တို့က နားလည်ပါတယ်။ အစိုးရကလည်း သူ့ဖာသာ ရုန်းကန်နေရတဲ့ အပိုင်းလေးတွေ ရှိနေတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော် တခုပြောချင်တာက အစိုးရကို အားကိုးပြီး လုပ်ရတဲ့ အပိုင်းလေးတွေတော့ ရှိတာပေါ့။
ဒါပေမဲ့ ကျနော်တို့ အစိုးရကိုပဲ အားကိုးနေရင်တော့ ရှေ့ရောက်မှာ မဟုတ်ဘူး။ အစိုးရ ကိုယ်တိုင်က သူ့ဖာသာသူ ရုန်းကန်နေရတဲ့ ကာလဖြစ်နေတာကို သိနေရတယ်လေ။ ကျနော်ကတော့ ရိုးရိုးသားသား ပြောရရင် ဒီထုတ်ကုန်ကို စထုတ်ဖို့ ကြိုးစားတဲ့ အချိန်ကနေ အခုထက်ထိ အစိုးရကို သိပ်အားမကိုးခဲ့ဘူး။
ဒီနေ့အချိန်ထိ ကျနော်ရုန်းနိုင်သလောက် ရုန်းကန်တယ်။ ဒီလို ရုန်းကန်နေလို့လည်း ကမ္ဘာ့ဘဏ်ကလည်း အသိအမှတ် ပြုတာပေါ့။ နိုင်ငံသား တယောက်အနေနဲ့ကတော့ အစိုးရဆီက အသိအမှတ်ပြုတာတော့ လိုချင်တာပေါ့။ ကိုယ့်နိုင်ငံက ချီးမြှောက်တာတော့ လိုချင်တယ်။
တခု တောင်းဆိုချင်တာက ကျနော်တို့ SME လုပ်ငန်းရှင်တွေကို တချက်လောက် ငဲ့ကြည့်ပေးစေလိုတယ်။ SME ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်မှာလေ။ ကျနော်တို့နိုင်ငံက ထုတ်ကုန်ပစ္စည်း မရှိဘူးပေါ့။
ပြည်ပ နိုင်ငံကပဲ ဝယ်သုံးနေရတဲ့ နိုင်ငံဖြစ်နေတဲ့အတွက် ထုတ်ကုန်ပစ္စည်း တိုးတက်လာဖို့က SME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှ ရမယ်။ အဲဒါကို နိုင်ငံတော်က ပေါ်လစီတွေနဲ့ လုပ်နေတာရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒီထက် ပိုပြီးတော့ ထိထိရောက်ရောက်နဲ့ ကူညီစေချင်တယ်။
မေး။ ။ အခုရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ပြီး အစ်ကို့ထုတ်ကုန်တွေကို ဘယ်လောက်အထိ သွားဖို့ ရည်ရွယ်ထားလဲဗျ။
ဖြေ။ ။ ကျနော်တို့ မျှော်လင့်ထားတာတော့ အများကြီးပေါ့။ ကမ္ဘာ့ဈေးကွက်လောက် အထိ သွားဖို့အထိ ထားထားတယ်။ အဲဒီအတွက်လည်း လိုအပ်တဲ့ နည်းပညာတွေကို သက်ဆိုင်ရာ တချို့နိုင်ငံတွေဆီက တောင်းထားတာတွေ ရှိတယ်။ လက်ရှိမှာ ကျနော်တို့ ပစ္စည်းက ကမ္ဘာကလည်း အသိအမှတ်ပြုထားတဲ့ အမှတ် တံဆိပ်တခု ဖြစ်သွားတော့ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ဖို့ အခွင့်အလမ်းတွေ ထပ်ရလာတာတယ်။
ဒီကြားထဲမှာ အီးယူ နိုင်ငံတွေက ကျနော့်ဆီကို အမှာစာတွေလာတယ်။ ကိုရီးယား၊ ဂျပန်၊ နောက် ဗီယက်နမ်၊ တရုတ်နဲ့ အိန္ဒိယဘက်ကလည်း လာနေတာတွေ ရှိတယ်။ အခု နိုင်ငံ ၅ ခု၊ ၆ ခုလောက်က ခဏခဏ အမှာစာတွေ လာနေတယ်။ တကယ် ဆက်သွယ်လာတဲ့ နိုင်ငံကတော့ ၁၀ နိုင်ငံလောက်အထိ ရှိတယ်။ အဲဒီတော့ ကျနော့်ဘက်ကလည်း လိုအပ်တဲ့ ကိစ္စလေးတွေ တန်ဖိုးမြှင့် ထုတ်ကုန် ထုတ်ဖို့ အတွက် အများကြီး ထပ်ကြိုးစားသွားရမယ်။

မေး။ ။ အစ်ကို့ ထုတ်ကုန်တွေကို မူပိုင်ခွင့်အတွက်ရော စီစဉ်နေပြီလား။
ဖြေ။ ။ ကျနော်တို့ဆီမှာ သိပ်မကြာသေးခင်က မူပိုင်ခွင့်ဥပဒေဆိုတာ ထွက်ထားတာ ရှိတယ်။ လက်ရှိမှာ သက်ဆိုင်ရာ ရှေ့နေနဲ့လည်း တိုင်ပင်နေတယ် မူပိုင်ခွင့်တင်ဖို့ ကိစ္စကိုပေါ့။ ကျနော်တို့ နိုင်ငံမှာလည်းတင်မယ်။ အာဆီယံမှာလည်း သွားတင်ဖို့ရှိတယ်။ သိပ်မကြာခင်မှာပဲ သွားပြီး မှတ်ပုံတင်ကိစ္စတွေ လုပ်ဖို့ ရှိတယ်။ ဒီလိုပစ္စည်းတွေက အိန္ဒိယတို့၊ ထိုင်းတို့မှာလည်း ရှိတယ်လို့ သိရတယ်။ သေချာတော့ သွားပြီး မလေ့လာ ရသေးဘူး။ ကွမ်းသီးပင် အဓိက စိုက်ပျိုး ထုတ်လုပ်တဲ့ နိုင်ငံတွေ၊ ဒေသတွေမှာတော့ အနည်းနဲ့အများတော့ ထုတ်ကြမှာပဲ။ အဓိကကတော့ အိန္ဒိယမှာပေါ့။
မေး။ ။ ဘာများ ထပ်ပြီး ဖြည့်စွက်ပြောချင်တာများ ရှိသေးလဲ။
ဖြေ။ ။ ကျနော်ကတော့ ပြည်သူတွေကို ပြောချင်တာက ကျနော်တို့ အားလုံး စိုးရိမ်နေကြတဲ့ ပလတ်စတစ်နဲ့ ဖော့ အန္တရာယ်ကို ကျနော်တို့ရဲ့ ပစ္စည်းလေးတွေက ဖြေရှင်းနည်းတခုအဖြစ် ရွေးချယ်စရာတခု ဖြစ်လာပြီ။ ကျနော်တို့ ပစ္စည်းတွေ သိပ်မကြာခင်မှာပဲ ဈေးကွက်ထဲကို ရောက်လာတော့မယ်။ ကိုယ့်နိုင်ငံရဲ့ ထုတ်ကုန် တခုအနေနဲ့ သုံးစေချင်တယ်။
ဒါတွေ သုံးခြင်းအားဖြင့်လည်း ကိုယ့်ရဲ့ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် အပေါ်မှာ အကျိုးကျေးဇူး ရှိနေပြီဆိုတာ သိစေချင်တယ်။ ကျနော်တို့ကလည်း နောက်ထပ် အစီအစဉ်တွေအရ ဒီကွမ်းဖတ်တင် မဟုတ်ဘဲ၊ အခြားသော စွန့်ပစ်ပစ္စည်းတွေ ကနေ ကုန်ပစ္စည်းတွေ ဆက်ထုတ်သွားဖို့ရှိတယ်။
တချို့အရာတွေကို စမ်းသပ်နေတာ အထိုက်လျောက်တော့ အောင်မြင်မှုတွေ ရှိနေပြီ။ နောက်ပိုင်းမှာ ကုန်ကြမ်း တကယ်ထွက်တဲ့ ဒေသတွေမှာ စက်ရုံတွေ သွားလုပ်ဖို့ရှိတယ်။ တကယ် ပူးပေါင်းဆောင်ရွက်ချင်တဲ့ လုပ်ငန်းရှင်တွေ နဲ့လည်း ပူးပေါင်း ဆောင်ရွက်သွားဖို့ရှိတယ်။
အဲဒီလိုဆိုရင် ထုတ်လုပ်မှု ကုန်ကျစားရိတ်တွေ ကျသွားနိုင်တဲ့ အခြေအနေတွေ ရှိတာပေါ့။ နောက်ပိုင်း တကယ် သွားချင်တာကတော့ ကွမ်းစိုက်တောင်သူတွေ ကိုယ်တိုင် ကုန်ထု တ်လုပ်သူတွေ ဖြစ်လာအောင် အစိုးရနဲ့ပဲ ဖြစ်ဖြစ်၊ တခြားအဖွဲ့အစည်းတွေနဲ့ပဲ ဖြစ်ဖြစ် ပူးပေါင်းပြီး အဲဒီလောက်အထိ လုပ်သွားဖို့ရှိတယ်။
You may also like these stories:
ပလတ်စတစ်အမှိုက်ကို အသုံးပြုပြီး ကလေးတွေအတွက် ခုံတွေ ပြုလုပ်ပေးတဲ့ အင်ဂျင်နီယာ
အုန်းလက်နဲ့ လုပ်တဲ့ပိုက်ကို အသုံးပြုလာတဲ့ ဖိလစ်ပိုင်နိုင်ငံက ကော်ဖီဆိုင်
ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ နိုင်ငံတကာမှာ တီထွင်အသုံးပြုလာကြတဲ့ အသုံးပြုမှုများ
ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး ဥပဒေထုတ်ပြန်ခဲ့တဲ့ နယူးယောက်မြို့
စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချနေကြတဲ့ နိုင်ငံတကာက ခေတ်မီ နည်းလမ်းများ
သုံးပြီးသား တခါသောက် လက်ဖက်ခြောက် အထုပ်တွေကို ဘယ်လိုပြန်သုံးမလဲ