သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဘက်ပေါင်းစုံကနေ ပြန်လည် ပြုပြင်ထိန်းသိမ်းလာတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ အခုဆိုရင် အချိုရည်သောက်တဲ့နေရာမှာ ပလတ်စတစ် ပိုက်တွေအစား အုန်းလက်နဲ့ လုပ်ထားတဲ့ ပိုက်တွေ အစားထိုး သုံးစွဲလာကြပါတယ်။
“Café Editha” လို့ နာမည်ပေးထားတဲ့ ကော်ဖီဆိုင်မှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ပလတ်စတစ် ပိုက်တွေအစား အုန်းလက်ကနေ လုပ်ထားတဲ့ ပိုက်တွေကို အစားထိုး အသုံးပြုနေတယ်လို့ မန်နေဂျာဖြစ်သူ ဆာရာက ဆိုပါတယ်။ သူဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေမယ့် ပလတ်စတစ် အသုံးပြုခြင်းကို ကန့်ကွက်သူ တဦးလည်း ဖြစ်ပါတယ်။
“အစက ပထမဆိုင်မှာ ပလတ်စတစ် ပိုက်တွေအစား စက္ကူနဲ့ Stainless ပိုက်တွေ အစားထိုး စမ်းသုံးကြည့်ပေမယ့် Customer (စားသုံးသူ) တွေဘက်က သိပ်သဘောမကျတာနဲ့ နောက်ထပ် နည်းလမ်းရှာရင်း ပိုက်ကို အုန်းလက်နဲ့ လုပ်တဲ့ နည်းလမ်း တွေ့ခဲ့တာ”လို့ ဆာရာက ပြောပါတယ်။
ဆာရာတယောက် Corregidor ကျွန်းဘက် ခရီးသွားရင်း အုန်းလက်နဲ့ လုပ်တဲ့ ပိုက်ကို အသုံးပြုဖို့ အကြံဉာဏ်ကို ရခဲ့တာပါ။ သူ့ရဲ့ အိုင်ဒီယာအသစ်ကိုလည်း Customer တွေ သဘောတွေ့ကြတယ်လို့ ဆိုပါတယ်။ “တချို့ Customer တွေဆို သဘောကျလွန်းလို့ ဓာတ်ပုံတွေ ရိုက်ပြီး ဆိုရှယ် မီဒီယာပေါ် တင်ကြတယ်”လို့ သူက ပြောပါတယ်။
ပလတ်စတစ်ပိုက် အစားထိုး အသုံးပြုတာဟာ သဘာပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရာ ရောက်သလို ဒီအကြံဉာဏ်ကို အတုယူပြီး တခြား ကော်ဖီဆိုင်တွေမှာပါ လိုက်အသုံးပြုကြမယ်ဆိုရင် ပလတ်စတစ် ပစ္စည်း စွန့်ပစ်မှုပမာဏ သက်သာသွားနိုင်တယ်လို့ ဆာရာက ယုံကြည်နေပါတယ်။
၂၀၁၆ ခုနှစ်မှာ ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ လူဦးရေ သန်း ၇၀ ကျော်လောက်ဟာ တနှစ်ကို ပလတ်စတစ် စွန့်ပစ်မှုပမာဏ တန်ချိန် သန်း ၃၂၀ ကျော် ရှိပါတယ်။ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ၂၀၃၄ ခုနှစ် ရောက်တဲ့အခါ ဒီပမာဏရဲ့ ၂ ဆလောက် ပိုများလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ရေနေသတ္တဝါ ၁ သိန်းကျော်ဟာလည်း ပလတ်စတစ် စွန့်ပစ်မှုတွေကြောင့် သေဆုံး ပျောက်ကွယ်ခဲ့ရပြီးပါပြီ။
ပလတ်စတစ် ပိုက်တွေဟာ ပလတ်စတစ် စွန့်ပစ်မှုရဲ့ အဓိကပစ္စည်း အမျိုးအစားဖြစ်ပြီး အမေရိကန်နိုင်ငံမှာတင် နေ့စဉ် ပလတ်စတစ်ပိုက် သန်း ၅၀၀ လောက် အသုံးပြုနေတယ်လို့ သိရပါတယ်။ ကမ်းခြေတွေမှာတင် ပလတ်စတစ်ပိုက် သန်း ၈၀ ကျော်လောက် စွန့်ပစ်ထားတာကြောင့် ပလတ်စတစ် စွန့်ပစ်မှုရဲ့ ၄ ရာခိုင်နှုန်းလောက် ရှိနေတာမို့ သတိပြုရမယ့် ပြဿနာတခု ဖြစ်သလို အစားထိုး အသုံးပြုနိုင်မယ့် နည်းလမ်းတွေလည်း ရှာဖွေဖို့ လိုအပ်နေပါတယ်။
Ref: Healthy Food House
You may also like these stories:
ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ နိုင်ငံတကာမှာ တီထွင်အသုံးပြုလာကြတဲ့ အသုံးပြုမှုများ
ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ကာကွယ်ဖို့ သစ်ပင် သန်း ၁ ထောင်ခန့် စိုက်ပျိုးမယ့် နယူးဇီလန်နိုင်ငံ
ကျန်းမာရေးအတွက် အိမ်အတွင်းမှာ စိုက်ပျိုးထားသင့်တဲ့ အပင်များ
ပလတ်စတစ် အမှိုက် တန် ၃ ထောင်ကျော်ကို မလေးရှားနိုင်ငံမှ မူလနိုင်ငံများသို့ ပြန်ပို့ရန် စီစဉ်နေ