၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ စကော့မာစီယယ်ကို မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် အကျပ်အတည်းနှင့် မြန်မာပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ရပ်တန့်အောင် နိုင်ငံတကာအသိုက်အဝန်းနှင့် ဒေသတွင်း အင်အားကြီး နိုင်ငံများက မည်သို့ကူညီနိုင်သည်တို့ကို ဧရာဝတီသတင်းဌာနက ဆွေးနွေးခဲ့သည်။
မေး။ မြန်မာနိုင်ငံက ဖရိုဖရဲဖြစ်ပြီး ပြည်တွင်းစစ်ကို ဦးတည်နေပုံရတယ်။ စစ်အာဏာသိမ်းတာကို ဆန့်ကျင်မှုက အရမ်းပြင်းထန်တယ်။ အာဏာသိမ်းဖို့ကြိုးစားမှုကလည်း မအောင်မြင်သေးဘူး။ လူတွေအများကြီးသေတာကို ကျနော်တို့တွေ့ခဲ့ပြီးပြီ။ လူငယ်တွေ၊ ကလေးတွေသေဆုံးနေရတယ်။ လူမမယ်ကလေးတွေတောင်မှ အသတ်ခံ နေရတယ်။ လူတွေ ခေါင်းကို ပစ်သတ်ခံနေရတယ်။ သံအမတ်ကြီးက ၂၀၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံ ပြန်လည်ထွက်ခွာသွားခဲ့ပေမယ့် အခုမြန်မာနိုင်ငံအခြေအနေကို ဘယ်လိုမြင်လဲ။
ဖြေ။ ကြေကွဲတုန်လှုပ်စရာကောင်းတယ်။ ပထမဆုံးအချက်အနေနဲ့ ပြောရရင် တရားဝင်ရွေးကောက်ခံအစိုးရဖြစ်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြတ်ပြတ်သားသားနိုင်တဲ့ ရွေးကောက်ပွဲအပြီးမှာ အာဏာသိမ်းမှုဖြစ်တယ်။ ဒါကြောင့် စစ်အာဏာသိမ်းမှု သက်သက်ကတင် တုန်လှုပ်စရာ ကောင်းနေပြီး ဘာအကြောင်းပြချက်မှ ပေးလို့မရဘူးလို့ ကျနော်မြင်တယ်။ ပိုဆိုးတဲ့ ဒုတိယအချက်ကတော့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ မယုံနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်မှုနဲ့ လမ်းမတွေပေါ်မှ အမျိုးသမီးတွေ ကလေးတွေအပါအဝင် ကိုယ့်ပြည်သူကိုယ်ပြန်သတ်တဲ့ စိတ်ဓါတ်က အရမ်းကို တုန်လှုပ်စရာကောင်းတယ်။ ဘက်နှစ်ဖက်ရှိတယ်ဆိုတာ ရှင်းပါတယ်။ တဖက်မှာ စစ်တပ်နဲ့ ရဲရှိတယ်။ အခြားတဖက်မှာ စစ်အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့ ပြည်သူတွေ အများကြီးရှိတယ်။ အကြီးအကျယ် သွေးချောင်းစီးတာကို ကျနော်တို့တွေ့ပြီးသွားပြီ။ နောက်ထပ်တွေ့ရမှာကို အရမ်းစိုးရိမ်နေတယ်။
မေး။ ဘာတွေဖြစ်မယ်ထင်လဲ။ ပြည်တွင်းက ပြည်သူတွေကတော့ ကြားဝင်ဆောင်ရွက်မှု တစုံတရာကို မျှော်လင့်နေကြတယ်။ ပြီးခဲ့တဲ့လက ဆန္ဒပြသူတွေက R2P လို့ခေါ်တဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ကို တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ ဆန္ဒပြကြပြီး ကြားဝင်ဆောင်ရွက်မှု ပုံစံတမျိုးမျိုးကို တောင်းဆိုကြတယ်။ ဒါပေမယ့် ရက်တွေ ကြာတဲ့အခါကျတော့ ပြည်သူတွေက စိတ်တွေပျက်လာကြပြီး လက်လုပ်လက်နက်တွေနဲ့ စစ်ကောင်စီကို တိုက်ကြတယ်။ တနိုင်ငံလုံးမှာဖြစ်နေတဲ့ ပဋိပက္ခတွေရဲ့ သတင်းတွေကို ကျနော်တို့ရနေတယ်။ နိုင်ငံတကာအသိုက်အဝန်းက ဘာလုပ်နိုင်လဲ။
ဖြေ။ မြန်မာပြည်သူတွေ စိတ်ပျက်တာကို ကျနော်နားလည်တယ်။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အခုလတ်တလော လုပ်နေသင့်တာ နှစ်ခုရှိတယ်။ တခုကအာဏာသိမ်းမှုကိုရော နေပြည်တော်ကို သိမ်းထားတဲ့ စစ်ကောင်စီကို တရားဝင်အောင်ဘာမှ မလုပ်ဘဲ နောက်ကြောင်းပြန်လှည့်ဖို့ စစ်ကောင်စီကို ဖိအားအမြင့်ဆုံး ပေးဖို့ပဲ။ နောက်တခုက သူတို့ရဲ့ ငွေကြေးရင်းမြစ်တွေနောက်ကိုလိုက်ပြီး ဖိအားပေးဖို့ပဲ။ နိုင်ငံတကာ အသိုက်အဝန်းအတွက် အထူးသဖြင့် ကုလသမဂ္ဂအတွက် အရမ်းကိုခက်ခဲပါတယ်။ ကုလသမဂ္ဂဆိုတာ အဖွဲ့ဝင် နိုင်ငံတွေနဲ့ဖွဲ့စည်းထားတာပါ။ ဥပမာပြောရရင် မတ်လ ၃၁ ရက်နေ့က လုံခြုံရေးကောင်စီအစည်းအဝေးမှာ အဖွဲ့ဝင် နိုင်ငံအများစုက လုံးဝညီညွတ်ကြပြီး ပြင်းထန်တဲ့စကားလုံးတွေသုံးဖို့ တွန်းအားပေးနေကြတယ်။ ဒါပေမယ့် သိတဲ့အတိုင်းပဲ တရုတ်နဲ့ ရုရှားက ဒါကို ဆန့်ကျင်တယ်။ ဒါကြောင့် တရုတ်နဲ့ရုရှားလို နိုင်ငံတွေက ဆန့်ကျင်တဲ့အခါ အဲဒီပြင်းထန်တဲ့ စကားလုံးတွေကိုတောင် သုံးဖို့ခက်တယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ များများစားစားလုပ်ဖို့ဆိုတာ တော်တော်ခက်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN ) ကလည်း အလားတူအနေအထားမှာပဲ ရှိတယ်လို့ ကျနော်ပြောရမှာပဲ။ အင်ဒိုနီးရှား၊ စင်္ကာပူ၊ မလေးရှားနဲ့ ဖိလစ်ပိုင်လို တချို့အဖွဲ့ဝင်တွေက အကြမ်းဖက်မှုကို ရှုတ်ချရာမှာ၊ အကြမ်းဖက်မှုရပ်တန့်ပြီး အခြေအနေတည်ငြိမ်အောင် သံတမန်နည်းသုံးရေးမှာ၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားရေးမှာ ပြင်းထန်ကြတယ်။ ဒါပေမယ့် ASEAN ထဲမှာ ညီညွတ်မှုမရှိရင် ဒါက ခက်ခဲတယ်။ မြန်မာဟာ ASEAN အဖွဲ့ဝင်ဖြစ်တယ်ဆိုတာကို သတိရဖို့လိုတယ်။ ဒီအစည်းအဝေးတွေမှာ မြန်မာကိုယ်စားလှယ်ရှိတယ်။ ဒါကြောင့် ခုချိန်ထိတော့ ဒီအစည်းအဝေးတွေမှာ ကိုယ်စားလှယ်တွေက စစ်ကောင်စီက ကိုယ်စားလှယ်တွေပဲ ဖြစ်နေတယ်။ ဒါကလည်း ASEAN လုပ်ငန်းဆောင်ရွက်တဲ့ပုံစံလည်း ဖြစ်တယ်။ ASEAN က အရေးပေါ်ထိပ်သီး အစည်းအဝေးကျင်းပဖို့ ပြောနေတာဟာ အရမ်းကိုအရေးပါတယ်။ အသုံးဝင်မယ်လို့လည်း ထင်တယ်။ ပြီးတော့ ဒီထိပ်သီးဆွေးနွေးပွဲက စကားပြောရုံသက်သက်မဟုတ်ဘဲ စစ်ကောင်စီက ကိုယ့်ပြည်သူကို ကိုယ်ပြန်အကြမ်းဖက်နေတာကို လျှော့ချဖို့ တိကျတဲ့အစီအစဉ်တွေ ရလာဖို့ အရေးကြီးတယ်။ မြန်မာနိုင်ငံအတွက် နေရာမှာ စစ်ကောင်စီရဲ့ကိုယ်စားလှယ် လာထိုင်နေရင်တောင်မှ အခြားအဖွဲ့ဝင်တွေအနေနဲ့ သူ့ကို ASEAN ရဲ့ အရေးယူဆောင်ရွက်မှုတွေကို ကန့်ကွက်ဖို့ အခွင့်အရေး မပေးဖို့ မျှော်လင့်တယ်။ ASEAN ဟာ စစ်ကောင်စီနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားပေမယ့် စစ်ကောင်စီကို တရားဝင်မှုပေးတာ မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းပြောထားဖို့ အရေးကြီးတယ်လို့လည်း ကျနော်ထင်တယ်။ ဒါတွေဟာ အရမ်းအရေးကြီးတဲ့ ခြေလှမ်းတွေဖြစ်တယ်။
မေး။ ASEAN အဖွဲ့ဝင်တွေထဲမှာ စစ်ကောင်စီနဲ့တူတဲ့ အာဏာရှင်အစိုးရတွေရှိပြီး တချို့အဖွဲ့ဝင်တွေဟာ စိတ်မပါလက်မပါနဲ့ အခြေအနေကိုဒီအတိုင်းစောင့်ကြည့်နေတယ်။ အင်ဒိုနီးရှားနဲ့ စင်္ကာပူက ပိုမိုပြင်းထန်တဲ့ စကားလုံးတွေ သုံးနေပေမယ့် တခြားနိုင်ငံတွေက နှုတ်ဆိတ်နေကြတယ်။ ဒါဟာ သိပ်အထောက်အကူမပြုဘူး။
ဖြေ ။ ဒီတိုက်ပွဲဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲဖြစ်ပေမယ့် ASEAN နိုင်ငံတွေသာမက အိမ်နီးချင်းနိုင်ငံအားလုံးကပါ ဒါကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲလို့ မမြင်ဖို့ အရေးကြီးတယ်။ ဒါဟာ နိုင်ငံတည်ငြိမ်ရေးနဲ့ ဒေသတွင်းတည်ငြိမ်ရေး ပြဿနာလည်းဖြစ်တယ်။ စစ်ကောင်စီကြောင့် မြန်မာန်ိုင်ငံဟာ အရမ်းကို အန္တရာယ်များတဲ့ လမ်းကြောင်းကို ထိုးဆိုက်ဆင်းသွားပြီ။ ကျနော်က ရှင်းရှင်းပဲပြောချင်တယ်။ စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် မြန်မာနိုင်ငံဟာ ဒီလမ်းကြောင်းမှာ ထိုးစိုက်ဆင်းသွားတာဖြစ်တယ်။ ပိုမိုကြီးမားတဲ့ ပဋိပက္ခအန္တရာယ်၊ များပြားလှတဲ့ ထွက်ပြေးလာမယ့် ဒုက္ခသည်တွေ၊ မူးယစ်ဆေးဝါး ပိုမိုထုတ်လုပ်ရောင်းချမှုနဲ့ ASEAN အဖွဲ့ဝင်နိုင်ငံတခု ဖြစ်တဲ့ မြန်မာနိုင်ငံဟာ ကျဆုံးသွားတဲ့ နိုင်ငံတခုမဖြစ်ဘူးဆိုရင်တောင် ဒေသတခုလုံးအတွက် ကြီးမားတဲ့ မတည်ငြိမ်မှုနဲ့ ကြီးမားတဲ့ ပြဿနာရင်းမြစ်ဖြစ်လာမှာတွေကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဦးစားမပေးတဲ့ အစိုးရတွေတောင်မှ စိုးရိမ်သင့်တယ်။ ဒါကြောင့်မို့လို့ သေနင်္ဂဗျူဟာအရပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုအတွက်ပဲဖြစ်ဖြစ် စဉ်းစားရင် စောင့်ကြည့်တာထက်မက ပိုမိုလုပ်ဆောင်ဖို့လိုတယ်။
မေး။ တပ်မတော်နေ့စစ်ရေးပြပွဲကို တက်ဖို့ ရုရှားကို ဖိတ်ခဲ့တယ်။ ဒါဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဓိက အင်အားကြီးနိုင်ငံတွေထဲက တနိုင်ငံကို ပဋိပက္ခထဲကို ဆွဲသွင်းလိုက်တာဖြစ်တဲ့အတွက် အတော်တုန်လှုပ်စရာကောင်းတယ်။ တရုတ်နဲ့ ရုရှားက ကုလသမဂ္ဂမှာ သံတမန်ရေး အကာအကွယ်ပေးခြင်းအပြင် အရင်စစ်အစိုးရတွေ အရမ်းလိုအပ်နေတဲ့ အကူအညီတွေ ပေးခဲ့ပြီး အခု စစ်ကောင်စီအတွက်လည်း အလားတူဆက်လုပ်ပေးနေတယ်။ အဲဒီကိစ္စကို ဘယ်လိုမြင်လဲ။ အလယ်အလတ် အင်အားကြီးန်ိုင်ငံတွေနဲ့ နိုင်ငံတကာစနစ်က သူတို့ဖာသာ သူတို့ အငြင်းပွားပြီး မြန်မာနိုင်ငံအတွက် အောင်မြင်မှု မရဘဲဖြစ်နေပုံရတယ်။
ဖြေ။ ကျနော့်အနေနဲ့ ကျနော်ဟာ တရုတ်နဲ့ရုရှားဆိုင်ရာ ကျွမ်းကျင်သူမဟုတ်ဘူးဆိုတာကို သတိပေးရင်းနဲ့ပဲ တရုတ်နဲ့ ရုရှားအကြား ကွဲကွဲပြားပြားဖြစ်အောင် လုပ်ထားရလိမ့်မယ်ဆိုတာ ပြောချင်တယ်။ ကျနော့်အမြင်အရ ရုရှားက မြန်မာနိုင်ငံမှာ အကျိုးစီးပွား ကြီးကြီးမားမားမရှိဘူး။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံမှာ ကြီးမားတဲ့ မတည်ငြိမ်မှု ဒါမှမဟုတ် ပဋိပက္ခဖြစ်လည်း သူ့ကို ထိခိုက်စရာ မရှိဘူး။ ဒါပေမယ့် လက်နက်ရောင်းဖို့ အခွင့်အလမ်းနဲ့ ဗိုလ်ချုပ်တွေရဲ့ မိတ်ဆွေဖြစ်ကြောင်းပြဖို့ အခွင့်အလမ်းတော့ ရနေတယ်။ တရုတ်ကကျတော့ ဒီမှာလည်း ကျနော်က တရုတ်အစိုးရ ကိုယ်စား ကျနော်ပြောခွင့်မရှိဘူးဆိုတာကို ထပ်ပြောရလိမ့်မယ်။ ဒါပေမယ့် ကျနော့်အမြင်မှာ တရုတ်က ဘေးကျပ်နံကျပ်ဖြစ်နေတယ်။ ဒီလောက်အထိ အကြမ်းဖက်မှု မတည်ငြိမ်မှု မြင့်မားလာတာဟာ တရုတ်အကျိုးစီးပွားအတွက် မကောင်းလို့ တရုတ်က မြန်မာနိုင်ငံက လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး စိတ်ချမ်းသာမယ်လို့ ကျနော်မထင်ဘူး။ ပြဿနာက ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာချက်မှာ ဖိအားတွေနဲ့ အရေးယူပိတ်ဆို့မှု ခြိမ်းခြောက်မှုတွေဟာ အခြေအနေကို ဘယ်လို ပိုမိုတင်းမာ ရှုပ်ထွေးစေမယ်ဆိုတာကိုပြောတာပဲ။ အဲဒီအဆင့်ကို ကျော်သွားပြီးပြီလို့ ကျနော်ထင်တယ်။ ကျနော်တို့က တင်းမာတဲ့အဆင့်ကျော်ရုံမကလို့ ကြောက်မက်ဖွယ်အကြမ်းဖက်မှုတွေကိုပါ တွေ့နေရပြီ။ ဒါကြောင့်မို့ ကမ္ဘာ့နိုင်ငံအားလုံး အထူးသဖြင့် ဒေသတွင်းနိုင်ငံအားလုံး အခြေအနေကို အရှိအတိုင်းမြင်ဖို့ အရေးကြီးတယ်။ တရားမဝင် စစ်ကောင်စီတခုက သူ့ပြည်သူကိုယ်သူ ပြန်အကြမ်းဖက်ပြီး အနိုင်ကျင့်နေတာပဲလို့ မြင်ရမယ်။ ပြည်သူတွေကလည်း ဒါကိုလက်မခံဘူး။ ဒါကြောင့် စောစောက ကျနော်ပြောတဲ့အတိုင်းပဲ ပဋိပက္ခက နိုင်ငံကို အန္တရာယ်များတဲ့ လမ်းကြောင်းကို ဆွဲချနေပြီ။ မြန်မာပြည်သူတွေကို ရှေ့ဆုံးကနေ ဆွဲချပြီး ဒေသတခုလုံးကိုပါ ဆွဲချတော့မယ်ဆိုတာ အထင်အရှားပဲဖြစ်တယ်။
မေး။ ပညာတတ်တွေက နိုင်ငံကို စွန့်ခွာနေကြပြီး နိုင်ငံ့ဝန်ထမ်းတွေက ဖမ်းဆီးခံနေရတယ်။ နိုင်ငံရေးသမားတွေကလည်း ဖမ်းဆီးခံနေရတယ်။ တက်ကြွလှုပ်ရှားသူတွေကလည်း နိုင်ငံကနေ ထွက်ပြေးနေကြပြီး ဒါတင်မကသေးဘူး စီးပွားရေးသမားတွေကလည်း အနာဂတ်အတွက် စိုးရိမ်နေရတယ်။ ASEAN အဖွဲ့ဝင်တွေ၊ တရုတ်၊ ဂျပန်၊ စင်္ကာပူနဲ့ အခြားနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေး ဘယ်လိုဆက်လုပ်လို့ရမလဲ။
ဖြေ။ ဘယ်လိုမျိုး တရားဝင်ရေရှည်စီးပွားရေးမဆို လုပ်ဖို့ အရမ်းကို ခက်ခဲမယ်လို့ ကျနော်ထင်တယ်။ စီးပွားရေးသက်သက်အနေနဲ့ကြည့်ရင်တောင် မြန်မာနိုင်ငံက လတ်တလောမှာ တော်တော်လေးကို ဆွဲဆောင်မှု မရှိတော့ဘူး။ ဒါကြောင့်မို့လို့ နိုင်ငံထဲကို ငွေဝင်လာတာ ရှိရင်တောင်မှ နိုင်ငံထဲကငွေတွေ အလုံးအရင်းနဲ့ ပြန်ထွက်သွားတော့မယ်။ ဒါကြောင့် တိုင်းပြည်စီးပွားရေးကျဆင်းမှုကို ဖြစ်စေမယ်။ နိုင်ငံအတွက် အကြီးအကျယ် ဒုက္ခရောက်မှာကတော့ ထင်ရှားနေပြီ။ ဒါပေမယ့် ဒေသတခုလုံးအတွက်လည်း ကြီးမားတဲ့ အန္တရာယ်ရှိတယ်။ ဒါကြောင့်မို့လို့
နိုင်ငံတကာအနေနဲ့ ဒီကိစ္စကို သာမန်လို့ သဘောထားလို့ မရဘူး။ “အိုး အာဏာသိမ်းပြန်ပြီး တော်တော်ဆိုးရွားတာပဲ” ဆိုတဲ့ စကားလောက်နဲ့ မလုံလောက်ဘူး။ ဒါဟာ အာဏာသိမ်းမှု သက်သက်မဟုတ်ဘူး။ ထောက်ခံမှုမရှိ၊ တရားဝင်မှုမရှိဘဲ ဆိုးရွားလှတဲ့ အုပ်ချုပ်ရေးသမိုင်းရှိတဲ့ စစ်ကောင်စီက လုယူသိမ်းပ်ိုက်မှုဖြစ်တယ်။ တနိုင်ငံလုံးနီးပါးကလည်း ဒါကိုဆန့်ကျင်ကြတယ်။ ဒါကြောင့်မို့လို့ မြန်မာနဲ့ကမ္ဘာတဝန်းက မူဝါဒချမှတ်သူတွေအနေနဲ့ ဒီကိစ္စကို “အိုး အာဏာသိမ်းပြန်ပြီ” ဆိုတဲ့ အမြင်မျိုးနဲ့ မြင်လို့မရဘူး။ ဒါဟာ အာဏာသိမ်းတာသက်သက်ထက် အများကြီး ပိုမိုဆိုးရွားတယ်။
မေး။ သံအမတ်ကြီးက မြန်မာနိုင်ငံအပြင် အင်ဒိုနီးရှားသံအမတ်အဖြစ်လည်း တာဝန်ယူဖူးတယ်။ အမေရိကန်နဲ့ အခြားဒေသတွင်းက အင်အားကြီးနိုင်ငံတွေအပါအဝင် အနောက်အင်အားကြီးနိုင်ငံတွေအနေနဲ့ ဘာအရေးယူမှုမှ မလုပ်တဲ့ ASEAN ကို ဖိအားပေးနိုင်လဲ။
ဖြေ။ ဒီကိစ္စက ASEAN ကို ဖိအားပေးတာနဲ့တော့ မဆိုင်ဘူး။ ကျနော်ဟာ ASEAN ကို အကြီးအကျယ်ထောက်ခံသူ ဖြစ်တယ်။ အခုလို အခြေအနေမျိုးမှာ ဘာမှ များများစားစား မလုပ်နိုင်ပေမယ့် ASEAN ဟာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ နှစ်ပေါင်းများစွာ ပါဝင်ခဲ့တယ်လို့ ကျနော်ထင်တယ်။ ASEAN ဟာ နည်းလမ်းနှစ်မျိုးနဲ့ အခန်းကဏ္ဍတခုကနေ ပါဝင်နိုင်တယ်လို့ ကျနော်ထင်တယ်။ နည်းလမ်းတခုကတော့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တခြားသူတွေအားထုတ်ခဲ့သလိုမျိုး ဆက်သွယ်ရေးလမ်းကြောင်းထူထောင်ပြီး အကြမ်းဖက်မှုရပ်ဖို့၊ အကျပ်အတည်းက လွတ်မြောက်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်အောင် တွန်းအားပေးဖို့ပဲ။ ASEAN ရဲ့ စုစည်းမှုထဲမှာ စုဝေးပြီး ဦးဆောင်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ကျနော်ထင်တယ်။ အမြဲလိုလို လွှမ်းမိုးမှုတွေ၊ သဘောတရားတွေယူလာပြီး ဦးဆောင်ဖို့ မလိုဘူး။ ဒါပေမယ့် လာမယ့် ASEAN ထိပ်သီးဆွေးနွေးပွဲမှာ သူတို့က ဦးဆောင်မှုအခန်းကဏ္ဍယူမယ်ဆိုရင် အမေရိကန်နဲ့ အခြားနိုင်ငံအများအပြားက စိတ်အားထက်သန်စွာ လက်ခံပြီး မြန်မာနိုင်ငံအခြေအနေ တိုးတက်အောင်လုပ်မယ့် အစီအစဉ်တွေကို ထောက်ခံဖို့ အတူတကွလုပ်ဆောင်မယ်ဆိုတာ ကျနော်သေချာသိနေတယ်။ ဒါပေမယ့် အဲဒီအစီအစဉ်ဟာ မြန်မာနိုင်ငံပြည်သူအများစုက စစ်အာဏာသိမ်းမှု သို့မဟုတ် စစ်တပ်ရဲ့ အခန်းကဏ္ဍကို လက်ခံမှာမဟုတ်ဘူး ဆိုတာကို ထည့်သွင်းစဉ်းစားတဲ့ အစီအစဉ်ဖြစ်ဖို့ အရမ်းကိုအရေးကြီးတယ်။
မေး။ ASEAN နဲ့အမေရိကန် ပြည်ထောင်စုအကြောင်း ဆွေးနွေးရအောင်။ သံအမတ်ကြီးအနေနဲ့ ဘိုင်ဒင်အစိုးရကို ကိုယ်စားပြုပြောဆိုနိုင်ခြင်း မရှိဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ASEAN နဲ့အတူလုပ်ကိုင်ဖို့ အမေရိကန်ပြည်ထောင်စုက ဘာလုပ်နိုင်လဲ။ သံအမတ်ကြီးက စစ်ကောင်စီနဲ့မဆက်ဆံရေး ဆိုပြီး တွစ်တာမှာ ရေးခဲ့တယ်။ အဲဒါလေးကို ရှင်းပြပြီး အမေရိကန်က ဒေသတွင်း မဟာမိတ်တွေနဲ့ ဘာလုပ်နိုင်လဲဆိုတာ ရှင်းပြပေးပါ။
ဖြေ။ ဒီမှာလည်း အရေးပါတဲ့ ကွဲပြားမှုတခု ရှိနေတယ်။ အရှေ့တောင်အာရှ ASEAN က ကျနော့် မိတ်ဆွေတချို့က စစ်ကောင်စီအပါအဝင်နဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ထိန်းသိမ်းထားဖို့ လိုကြောင်း ပြောကြတယ်။ ဒါဟာ ကျိုးကြောင်းဆီလျှော်တယ်။ ဆက်သွယ်ရေးလမ်ကြောင်းတွေရှိတာ အမြဲလိုလို အသုံးဝင်ပါတယ်။ ဒါပေမယ့် သူတို့ကို တရားဝင်အစိုးရလို ဆက်ဆံဖို့၊ သူတို့ကို အစိုးရအဖြစ် တရားဝင်ခွင့်ပေးပြီး ဆက်ဆံဖို့ဆိုတာနဲ့တော့ မတူဘူးလို့ ကျနော်ထင်တယ်။ ဒါကြောင့် ဒါကိုလုပ်ဖို့ တရားဝင်မှုမပေးဘဲ ဆက်ဆံဖို့ နည်းလမ်းတွေရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှာ၊ ဝါရှင်တန်နဲ့အရှေ့တောင်အာရှမှာ ဆွေးနွေးမှုတွေ အများကြီးရှိတယ်လို့ ကျနော်ထင်တယ်။ ပြုလုပ်နေဆဲ ဆွေးနွေးမှုတွေရှိတယ်။ ဒီကိစ္စမှာ တရုတ်-အမေရိကန်ပြဿနာလို့ မမြင်ဖို့ကလည်း အရမ်းကို အရေးကြီးတယ်လို့ ကျနော်ထင်တယ်။ ကျနော်က အဲဒီလိုမထင်ဘူး။ ကျနော်တို့က ဒီကိစ္စမှာ တရုတ်က ဘယ်လိုလဲ ဆိုတာကို ကြည့်နေတာမဟုတ်ဘူး၊ မြန်မာပြည်သူတွေကို ဘာလုပ်ပေးနိုင်မလဲဆိုတာကို ကြည့်နေတာ။ ဒါကြောင့် ဒီကိစ္စဟာ အင်အားကြီးနိုင်ငံတွေ အားပြိုင်မှုရဲ့ အစိတ်အပ်ိုင်းမဟုတ်ဘူး။ မြန်မာပြည်သူတွေကို ထောက်ခံဖို့ မတူညီတဲ့အဖွဲ့အစည်းတွေ အတူတကွ လုပ်ဆောင်နိုင်အောင် ကြိုးစားဖို့ အခွင့်အလမ်းရှိတယ်။ ဆိုင်ကလုန်းနာဂစ်ပြီးနောက် နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို ကူညီခဲ့သလိုပဲ ASEAN ဟာ အခန်းကဏ္ဍတခုကနေ ပါဝင်နိုင်မယ်လို့ ကျနော်မျှော်လင့်တယ်။ ASEAN ဟာ ကျနော် အလေးအနက် ထပ်ပြီးပြောရရင် မြန်မာပြည်သူတွေကို ထောက်ခံဖို့ အတွက် နိုင်ငံတကာ အသိုက်အဝန်းကို ဝင်မှတ်တွေ ဖန်တီးပေးနိုင်တယ်။ ဒါဟာ မြန်မာပြည်သူတွေရဲ့ကွယ်ရာမှာ အပေးအယူတခုလုပ်ဖို့ မဟုတ်ဘူး။ အဲဒါမျိုးကိုလည်း လုံးဝလက်မခံနိုင်ဘူး။
မေး။ ဒီကိစ္စမှာ တရုတ်ကတဖက်၊ အမေရိကန်ပြည်ထောင်စုကတဖက် ဖြစ်နေတာ မဟုတ်ဘူး၊ တရုတ်အမေရိကန် အားပြိုင်မှုမဟုတ်ဘူး လို့ သံအမတ်ကြီး ပြောခဲ့တယ်။ ဒါပေမယ့် နိုင်ငံတွင်းမှာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲ အများအပြားနဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေနဲ့ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းတွေကို ခြိမ်းခြောက်တာမျိုးတွေ ကျနော်တို့တွေ့ခဲ့ရတယ်။ အဲဒီလိုတချိန်တည်းမှာ မြန်မာနဲ့ပတ်သက်ပြီး ဒါမှမဟုတ် မြန်မာပြည်သူတွေအတွက် အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ထင်လား။
ဖြေ။ အဲဒါကို ကျနော်မသိဘူး။ တကယ်မသိတာပါ။ ဒါပေမယ့် ကျနော်တို့ ဆွေးနွေးသင့်တယ်လို့ ထင်တယ်။ ကျနော်ပြောတဲ့အတိုင်းပဲ ကျနော်သေသေချာချာမသိဘူး။ ကျနော်က တရုတ်အစိုးရကို ကိုယ်စားပြုပြီး စကားပြောလို့လည်း မရဘူး။ ဒါပေမယ့် သူတို့က လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး စိတ်ချမ်းသာနေတယ်လို့ ကျနော်မမြင်ဘူး။ အကျိုးစီးပွားခြင်း ထပ်တူကျနေတာမျိုး များများ မရှိနိုင်ပေမယ့် မြန်မာပြည်သူတွေကို ထောက်ခံတဲ့အနေနဲ့ အတူတကွလုပ်ဖို့ကြိုးစားရင် တချို့အကျိုးစီးပွားခြင်း ထပ်တူဖြစ်သွားနိုင်တယ်။ ဒါဟာ မြန်မာပြည်သူတွေနဲ့ ဒီမိုကရေစီကို ကျနော်တို့က ဂရုစိုက်လို့သာမက ရေရှည်ငြိမ်းချမ်းရေးတဲ့ တည်ငြိမ်ရေးအတွက်လည်း အကောင်းဆုံးနည်းလမ်းလည်းဖြစ်တယ်။ မြန်မာနိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်တွေကို ကျနော်မမြင်တွေ့လိုပါဘူး။ မြန်မာန်ိုင်ငံမှ ပြည်တွင်းတရုတ်လူမျိုးစုတွေ အများကြီးရှိတယ်။ နိုင်ငံမှာ သွေးကွဲတာကို ကျနော်မမြင်ချင်ဘူး။ ပြဿနာအတွက် အဓိကတာဝန်ရှိသူ စစ်ကောင်စီကို ပြည်သူတွေက ဆက်လက်အာရုံစိုက်မယ်လို့ မျှော်လင့်တယ်။ ဒီကိစ္စကို အာရုံမပြတ်ဖို့ အရေးကြီးတယ်လို့ ကျနော်ထင်တယ်။
မေး။ နိုင်ငံမှာ အကြီးမားဆုံး အလှူရှင်နဲ့ ရင်းနှီမြှုပ်နှံမှု အများဆုံးဖြစ်ပြီး ပြည်တွင်းမှာလည်း လက်ခံတဲ့ နိုင်ငံတခုအနေနဲ့ မြန်မာမှာ အဓိက အခန်းက ပါဝင်နေတဲ့ ဂျပန်ကို ကျနော်တို့ မေ့မထားသင့်ဘူး။ သံအမတ်ကြီး မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်စဉ်က ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာတွေ့ခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်အစိုးရ အပေါ်မှာရော စစ်တပ်အပေါ်မှာရော သြဇာကြီးမားတာတွေ့ခဲ့ရတယ်။
ဖြေ။ ဂျပန်ဟာ အရေးပါတဲ့ ပါဝင်ပတ်သက်သူဖြစ်ပြီး အရမ်းကို အပြုသဘောဆောင်တဲ့ ပါဝင်ပတ်သက်သူ ဖြစ်တယ်လို့ ကျနော်မြင်တယ်။ အာဏာသိမ်းပြီးနောက်မှ အတော်လေးပြတ်သားတဲ့ ရပ်တည်ချက်ကို ဂျပန်နိုင်ငံ ချမှတ်လာတယ်။ ဒီတခါလည်း ကျနော်က အရမ်း အကောင်းမြင်ပြန်ပြီနဲ့တူတယ်။ ဒေသတွင်းက နိုင်ငံအများအပြားနဲ့ အမေရိကန်ပြည်ထောင်စုက ဒီဆိုးရွားတဲ့အကျပ်အတည်းကနေ မြန်မာနိုင်ငံ အလျှင်အမြန် လွတ်မြောက်ရေး၊ ကိုယ့်ပြည်သူကိုကိုယ် စစ်အကြမ်းဖက်မှု အဆုံးသတ်ရေးနဲ့ ပြည်သူတွေအနေနဲ့ ကိုယ့်အစိုးရကိုကိုယ် ရွေးချယ်ခွင့်ရမယ့် လုပ်ငန်းစဉ်ကို ထောက်ခံဖို့ နည်းလမ်းရှာဖွေရေးကို စိတ်ဝင်စားကြတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအတွက် စိတ်ချမ်းသာတဲ့ နိုင်ငံသိပ်များများရှိမယ်လို့ ကျနော်မထင်ဘူး။ စစ်ကောင်စီ ဆက်လက်ရှိနေခြင်းဟာ ပိုမိုအကြမ်းဖက်မှုနဲ့ ပိုမိုမတည်ငြိမ်မှုကို ဦးတည်တော့မယ်လို့ အစိုးရအများအပြားက အသိအမှတ်ပြုခြင်းနဲ့ အတူတကွပူးပေါင်းဆောင်ရွက်နေရေးအတွက် နည်းလမ်းရှာဖို့ လမ်းဖွင့်ပေးလိမ့်မယ်။ အနည်းဆုံးတော့ ကျနော်အဲဒီလိုမျှော်လင့်တယ်။ မှန်ပါတယ်။ ဂျပန်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍရှိပြီး အရမ်းကို အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍလို့ ကျနော်ထင်ပါတယ်။
မေး။ ဂျပန်ကမြန်မာနိုင်ငံအတွက် အကူအညီနဲ့ ရင်းနှီးမြှုပ်နှံမှု ရပ်ဆိုင်းသင့်လား။
ဖြေ။ ဂျပန်နိုင်ငံအနေနဲ့ဘာလုပ်သင့်တယ်ဆိုတာကို ကျနော်ကပြောလို့ မရဘူးလေ။ ယေဘုယျ ကျနော့်အမြင်ကတော့ အစိုးရတွေအနေနဲ့ ပြည်သူတွေနဲ့ လူမှုအသိုက်အဝန်းတွေကို အကူအညီပေး နိုင်ရင်၊ စစ်ကောင်စီကို အကူအညီမပေးရင် ဒါကို မရပ်ဆိုင်းသင့်ဘူးလို့ ကျနော်ပြောရမှာပေါ့။ ရင်းနှီးမြှုပ်နှံမှုကျတော့ ခက်ခဲတဲ့အခြေအနေဖြစ်လာတယ်။ ဒီမှာလည်း စစ်ကောင်စီကို အကျိုးကျေးဇူးပြုတဲ့ ရင်းနှီးမြှုပ်နှံမှုဆို လုံး၀ မလုပ်သင့်ဘူး။ ဒါပေမယ့် ပြည်သူတွေကို အလုပ်အကိုင်ပေးတဲ့ ပုဂ္ဂလိကကုမ္ပဏီကျတော့ ဘယ်လိုလုပ်မလဲ။ ရိုးရိုးသားသားပြောရရင် ဒါက တော်တော်ခက်ခဲတဲ့အခြေအနေပဲ။ အခြေခံစည်းမျဉ်းကတော့ဗျာ ခုလိုအခြေအနေမျိုးတွေ ရှေ့ဆက်နေသရွေ့ လတ်တလော ရင်းနှီးမြှုပ်နှံမှု များများလုပ်မရဘူးပေါ့ဗျာ။
မေး။ Quad အဖွဲ့ဝင်တွေ၊ အထူးသဖြင့် သြစတြေးလျ နိုင်ငံအကြောင်းကို ဆွေးနွေးရအောင်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြစတြေးလျ နိုင်ငံသား အကြံပေး ရှောင်တာနဲလ်ကို အခုဖမ်းဆီးထားတယ်။ သြစတြေလျရဲ့ ရပ်တည်ချက်က တောင်ကမ္ဘာခြမ်းမှာဆိုရင် နော်ဝေးလို ဒါမှမဟုတ် အိန္ဒိယလို အရမ်းကို အားနည်းတယ်လို့ စွပ်စွဲခံနေရတယ်။ သြစတြေးလျက ခေါင်းမာပြီး လူတွေကလည်း ဒီနိုင်ငံကို မယုံကြည်ရဘူးလို့ပြောနေကြတယ်။ သြစတြေးလျနဲ့ အိန္ဒိယက ဘာလုပ်နိုင်မယ်လို့ ထင်လဲ။
ဖြေ။ နိုင်ငံတော်တော်များများအနေနဲ့ အခြားနိုင်ငံတွေနဲ့ပတ်သက်ပြီး မကျေမနပ်ပြောတာဟာ သိပ်အထောက်အကူ မဖြစ်ဘူးလို့ ကျနော်ထင်တယ်။ ပြဿနာက၊ အမှန်တရားက၊ အခြေအနေကကို အရမ်းခက်ခဲနေတာပဲ။ လွယ်ကူတဲ့အဖြေရှိရင် ဒီပြဿနာကို ကျနော်တို့ ရှင်းပြီးသွားပြီပေါ့။ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ သူတို့တတ်နိုင်သမျှ အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချနေတယ်လို့ ကျနော်ထင်တယ်။ သေချာတာကတော့ သြစတြေလျ နိုင်ငံသားတွေဟာလည်း အရမ်းခက်ခဲတဲ့ အခြေအနေကိုရောက်နေတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ဘာဆက်လုပ်မယ်ဆိုတာ အိန္ဒိယမှာ တက်ကြွတဲ့ ဆွေးနွေးမှုတွေ အခုပေါ်ပေါက်လာပြီ။ ဒီမှာလည်း တခါထပ်ပြောရမှာက မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ပြန်ရောက်ဖို့ နိုင်ငံကပြည်သူတွေ လက်ခံတဲ့ တရားဝင်အစိုးရပြန်ဖြစ်ဖို့ အကောင်းဆုံး အလားအလာကို ရှာဖွေရမှာပဲဖြစ်တယ်။ စစ်ကောင်စီအုပ်ချုပ်ရေးဟာ အဖြေမဟုတ်ဘူးလို့ ကျနော်ထင်တယ်။ အချိန်ကြာလာတာနဲ့အမျှ ပိုမို များပြားတဲ့ အစိုးရတွေက ဒါကိုမြင်လာပြီး အရေးယူဆောင်ရွက်ကြရမယ်လို့ ကျနော်မျှော်လင့်တယ်။
မေး။ ဒုက္ခသည်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ထွက်ပြေးနေကြတဲ့အတွက် ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်အကြောင်း ဆွေးနွေးရအောင်။ ထိုင်းမြန်မာနယ်စပ်က ကရင်အရပ်သားတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်နေတယ်။ လူသားချင်းစာနာမှု ရှုထောင့်က ကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေက ဘယ်လိုတုံ့ပြန်သင့်လဲ၊ အမေရိကန်ပြည်ထောင်စုက သူတို့နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲ။
ဖြေ။ အထူးသဖြင့်တော့ ထိုင်းနိုင်ငံပေါ့။ ထိုင်းက မြန်မာနိုင်ငံက ပဋိပက္ခကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လက်ခံတဲ့ ရှည်လျားတဲ့ သမ်ိုင်းရှိတဲ့ နိုင်ငံဖြစ်တယ်။ ကျနော်တို့ကလည်း ဒုက္ခသည်တွေကို ယာယီလို့ပဲ ထားပါတော့ဗျာ အိမ်ရှင်အဖြစ် လက်ခံထားရတဲ့ ထိုင်းနိုင်ငံရဲ့ ဝန်ထုတ်ဝန်ပိုး သက်သာစေဖို့ သူတို့နဲ့၊ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆေင်ရွက်ခဲ့တဲ့ ရှည်လျားတဲ့ သမိုင်းရှိခဲ့တယ်။ မကြာသေးမီကလည်း ဒုက္ခသည် အများအပြားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားတယ်။ သူတို့ကိုလည်း ဝန်ထုတ်ဝန်ပိုး ကူညီလျှော့ချပေးဖို့ ကျနော်တို့က ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာပဲ။ ဘယ်နိုင်ငံအတွက်မဆို ဝန်ထုတ်ဝန်ပိုးဖြစ်နေတာတွေကို လျှော့ချဖို့ အမေရိကန် ပြည်ထောင်စုဟာ အတော်လေးကို ရက်ရောပြီးတော့ ဆက်လက်လည်း ရက်ရောနေမယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် ဒီနိုင်ငံတွေဟာ အရင်ကတည်းက ဒုက္ခသည်တွေ အများအပြားကို လက်ခံထားပြီးပြီ။ ဒါကို သူတို့ ကြိုက်လို့ မဟုတ်ဘူး။ ဒါဟာ သူတို့တာဝန်ဖြစ်တယ်လို့ ယုံကြည်လို့ လက်ခံထားတာ။ ရှေ့ဆက်ပြီး လက်ခံမည်လို့လည်း ကျနော်မျှော်လင့်တယ်။ အမေရိကန်အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ဒီကိစ္စကို ကိုင်တွယ်ရာမှာ ဘဏ္ဍာရေးအရ အခြားနည်းလမ်းတွေအရ သူတို့တတ်နိုင်တာကို လုပ်ကြမယ်လို့ ကျနော်ထင်ပါတယ်။
မေး။ အမေရိကန်ပြည်ထောင်စုက နောက်ထပ်ပစ်မှတ်ထားအရေးယူမှုတွေ ချမှတ်နေတယ်။ အလုပ်ဖြစ်မယ်ထင်လား။ အမေရိကန်ပြည်ထောင်စုက နောက်ထပ်ဘာလုပ်နိုင်လဲ။
ဖြေ။ ဒီကိစ္စကို ၂၀၁၀ မတိုင်မီနဲ့နောက်ပိုင်းမှာ အကြီးအကျယ်ဆွေးနွေးခဲ့ကြတယ်။ အရေးယူပိတ်ဆို့မှုက အလုပ်ဖြစ်သလား။ ထိတွေ့ဆက်ဆံရေးက အလုပ်ဖြစ်သလားပေါ့။ နိုင်ငံပေါင်းစုံက ကိစ္စပေါင်းစုံ သူတို့တတ်နိုင်တာ လုပ်ဖို့လိုမယ်ထင်တယ်။ အရေးယူပိတ်ဆို့မှုတွေက စစ်ကောင်စီဆီကို ငွေစီးဆင်းမှု လျှော့ချပေးနိုင်တယ်။ ဒါဟာ အထောက်အကူဖြစ်တယ်လို့ ကျနော်ထင်တယ်။ ဥပမာအားဖြင့်ပြောရရင် ဘိုင်ဒင်အစိုးရက နယူးယောက် ဖက်ဒရယ်ဘဏ်က အရံငွေကြေး တစ်ဘီလျံကို သိမ်းဆည်းလိုက်တယ်။ ဒီငွေကို စစ်ကောင်စီက ပြည်သူကိုဖိနှိပ်ဖို့ သူတို့အာဏာခိုင်မာအောင်လုပ်ဖို့ မသုံးနိုင်တော့ဘူး။ ဒါပေမယ့် အရေးယူပိတ်ဆို့မှုတခုတည်းနဲ့တော့ ပြဿနာကိုဖြေရှင်းနိုင်မယ်လို့ ကျနော်မထင်ဘူး။ တကယ်တန်းအရေးကြီးတာက စစ်ကောင်စီကို လက်မခံဘို့ တရားဝင်မှုမပေးဖို့ နိုင်ငံတကာ အားထုတ်မှုပဲ ဖြစ်တယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာကိစ္စဖြစ်ပေမယ့် စစ်ကောင်စီအတွက်က သူတို့ကို လက်ခံတယ်ဆိုတဲ့ ခံစားမှုမျိုးက အရေးကြီးနေတယ်။ ဒါဟာ ဘာကြောင့်လည်းဆိုတော့ အချိန်ကြာလာတာနဲအမျှ ပိုမိုများပြားတဲ့ အစိုးရတွေက သူတို့ကိုလက်ခံလာမယ်လို့ မျှော်လင့်လို့ဖြစ်တယ်ဆိုတာ ထင်ရှားတယ်။ သူတို့နိုင်မှာမဟုတ်ဘူး ထွက်ပေါက်ရှာရမယ်ဆိုတာ စစ်ကောင်စီက သိအောင်ခိုင်မာတဲ့ ဖိအားတွေ ဆက်လက်ဖန်တီးဖို့ သံတမန်ရေး အားထုတ်မှုတွေ ဆက်လက်လိုအပ်တယ်။ ဒီလိုလုပ်တဲ့အခါ အမေရိကန် အပါအဝင် နိုင်ငံများနိုင်သမျှ များများပါအောင် လုပ်ဖို့လိုတယ်။ ကျနော်တို့လုပ်သမျှ အရာရာဟာ မြန်မာပြည်သူတွေတောင်းဆိုနေတာကို တတ်နိုင်သမျှ ထင်ဟပ်စေဖို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်စေ နိုင်ငံတကာအသိုက်အဝန်းက ပြောဆိုနိုင်တဲ့ ပြည်သူတွေဖြစ်စေ သူတို့နဲ့ တတ်နိုင်သမျှ ဆက်လက်ဆွေးနွေးဖို့ အရေးကြီးတယ်။ ဒါ အရမ်းအရေးကြီးတယ်လို့ ကျနော်ထင်တယ်။
မေး။ ၂၀၁၀ ခုနှစ်မတိုင်မီ ဦးသိန်းစိန်အစိုးရအောက်မှာ မြန်မာန်ိုင်ငံ တံခါးဖွင့်တယ်။ အမေရိကန်ပြည်ထောင်စုက ဒီမိုကရက်ပဲဖြစ်ဖြစ် ရီပတ်ဗလစ်ကန်ပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ဦးဆောင်မှုအခန်းက ပါခဲ့တယ်။ မြန်မာဟာ ဝါရှင်တန်အတွက် အပေါ်ယံ ရွှေမှုန်ကြဲတဲ့ကိစ္စလို့ ဝေဖန်သူတွေကပြောပေမယ့် ဒေသတွင်းနဲ့ နိုင်ငံတွင်းမှာကျတော့ အမေရိကန်ကို အားကိုးမျှော်လင့်မှု မြင့်မားတယ်။ အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်နေတာတွေ လုံလောက်တယ်လို့ ထင်လား။ လုပ်စရာတွေ အရမ်းများနေတယ်လို့ထင်လား။
ဖြေ။ ဒီကိစ္စကို အာရုံစိုက်နေကြတယ်လို့ ကျနော်ထင်တယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်ကလည်း ဒီကိစ္စကို အကြိမ်ကြိမ်ပြောပြီးပြီ။ သမ္မတဂျိုးဘိုင်ဒင်လည်း ဒီကိစ္စကိုပြောတယ်။ ကျနော်တို့ ဘာလုပ်လို့ရမယ်ဆိုတာကို အဆက်မပြတ်လေ့လာနေကြတယ်။ အရေးယူမှုအများအပြားကိုလည်း တွေ့ခဲ့ပြီးပြီ။ ဒါပေမယ့် လူမှုကွန်ရက်မှာ လူတွေက ဟိုဟာ ဘာလို့မလုပ်လဲ၊ ဒီဟာ ဘာလို့မလုပ်လဲပြောနေကြတယ်။ ရိုးရိုးသားသားပြောရရင် သူတို့ပြောတဲ့ ရည်ရွယ်ချက်က ကောင်းပေမယ့် သူတို့ပေးတဲ့ အကြံဉာဏ်တွေကိုကြည့်လိုက်ရင် လုပ်ဖို့မလွယ်ဘူး၊ အထောက်အကူသိပ်မပြုဘူး ဆိုတာ တခါတခါ သဘောပေါက်လိမ့်မယ်။ ကျနော်တို့လုပ်သမျှ အရာရာဟာ အထောက်အကူပြုစေဖို့အတွက် အလုပ်တွေ အများကြီးလုပ်ဖို့လိုတယ်။ အမေရိကန် ပြည်ထောင်စုဟာ ASEAN က လုပ်ဖေါ်ကိုင်ဖက်တွေ၊ ဂျပန်၊ သြစတြေးလျ၊ အိန္ဒိယနဲ့ အဖြေရှာဖို့ စိတ်ဝင်စားတဲ့ အခြားနိုင်ငံတွေနဲ့ ကုလသမဂ္ဂတို့နဲ့ သံတမန်နည်းလမ်းအရ တက်ကြွစွာ ဆက်လက် လုပ်ဆောင်နေမယ်လို့ ကျနော်ထင်တယ်။ အချိန်ကာလတခုအထိ ဒီကိစ္စကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ အမေရိကန်က မြင်တယ်။ ဒါပေမယ့် မြန်မာပြည်သူတွေရဲ့ အပေါ်မှာ အရမ်းကို မူတည်တယ်။ သူတို့ပြောတဲ့ ရှင်းလင်းတဲ့ သတင်းစကားကတော့ စစ်အုပ်ချုပ်ရေးကို သူတို့ ပြန်မသွားနိုင်ဘူးဆိုတာပဲ။ ဒါကြောင့်မို့ အချိန်ကြာရင်ကြာပါစေ သူတို့ရဲ့အားထုတ်မှုကို ထောက်ခံဖို့ ကျနော်တို့ တတ်နိုင်သမျှ အကုန်လုပ်နေတယ်။
မေး။ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ၂၀၁၆ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စုက ရုတ်သိမ်းဖို့ ဆုံးဖြတ်လိုက်တော့ အငြင်းပွားမှုတွေဖြစ်တယ်။ တချို့လူတွေအပေါ် အရေးယူပိတ်ဆို့မှု ရုတ်သိမ်းတာနဲ့ပတ်သက်ပြီး တချို့က မလိုလားဘူး။ စစ်မှန်တဲ့အပြောင်းအလဲဖြစ်တဲ့အထိ အရေးယူပိတ်ဆို့မှုတွေ ဆက်ထားသင့်တယ်လို့ တချို့ထင်ကြတယ်။
ဖြေ။ အရေးယူပိတ်စို့မှု ရုတ်သိမ်းရေးကို ကျနော်ထောက်ခံခဲ့ပြီး အဲဒီအချိန်တုန်းက ကျနော်သိထားတဲ့အပေါ်အခြေခံရင် ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ယူဆတုန်းပါပဲ။ အဲဒီတုန်းက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေဟာ မျှတတဲ့ ရွေးကောက်ပွဲအထိပဲဆိုတာကို သတိရဖို့ လိုတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ ပြီးပြည့်စုံမှု မရှိဘူးဆိုတာ ထင်ရှားပါတယ်။ စစ်တပ်က လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းကို ယူထားတယ်။ ဒါပေမယ့် ဒီမိုကရေစီလိုလားတဲ့ လှုပ်ရှားမှုက အများအပြားက ဒီရွေးကောက်ပွဲမှာ ထောက်ခံပါဝင်ကြတယ်။ အစိုးရတာဝန်ကို ယူကြတယ်။ ဒုတိယအချက်အနေနဲ့ အဲဒီအချိန်တုန်းက ကျနော်တို့ရဲ့ အရေးယူပိတ်ဆို့မှုတွေက ကျနော်တို့မျှော်မှန်းထားတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို တောင့်တင်းစေမယ့် စီးပွားရေးတိုးတက်မှုကို အားပေးတဲ့ရင်းနှီးမြှုပ်နှံမှုမျိုးတွေကို အတားအဆီးဖြစ်နေတယ်။ “ခင်ဗျားတို့ ပြုပြင်ပြောင်းလဲရေး ဆက်လုပ်ဖို့ လိုတယ်။ ဒါပေမယ့် ခင်ဗျားတို့အတွက် အခက်အခဲဖြစ်အောင် ခင်ဗျားတို့ စီးပွားရေးကို ကျနော်တို့က ဆက်လက်ထိန်းချုပ်ထားဦးမယ်” လို့ သွားပြောလို့မရဘူး။ ကျနော်ပြောချင်တဲ့ နောက်တချက်ကတော့ တခါတခါ ပိတ်ဆို့အရေးယူမှုရဲ့ သြဇာသက်ရောက်မှုကို ချဲ့ကားပြောဆိုတတ်တဲ့ သဘောတွေရှိတယ်။ စစ်တပ်က ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ကလူတွေကို ရက်စက်စွာ အကြမ်းဖက်တဲ့အတွက် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းမှာ ရှိနေတယ်။ ဒီလိုပိတ်ဆို့အရေးယူလို့လည်း သူတို့ဖက်က ရပ်မသွားဘူး။ စစ်တပ်အပေါ်မှာ ပိတ်ဆို့အရေးယူမှုတွေ ဆက်လက်ထားရှိခြင်းဟာ ရခိုင်ပြည်နယ်က လုပ်ရပ်တွေ ဒါမှမဟုတ် စစ်အာဏာသိမ်းမှုကနေ တားဆီးနိုင်မယ်ဆိုတာကို ယုံကြည်ဖို့ ခက်ခဲတဲ့ အချိန်တွေကို ကျနော်ဖြတ်သန်းခဲ့ဖူးတယ်။ ဒီကိစ္စကို သက်သေပြလို့ မရဘူး။ ဒါပေမယ့် ဒါကိုထောက်ခံတဲ့ အထောက်အထားလည်း မရှိဘူး။ ဒါကြောင့် အဲဒီတုန်းက အဲဒီဆုံးဖြတ်ချက်က မှန်တယ်။ အရေးယူပိတ်ဆို့မှုရဲ့ သြဇာသက်ရောက်မှုနဲ့ပတ်သက်ပြီး လူတွေက ချဲ့ကားပြောတတ်တဲ့ သဘောသဘာဝလည်း ရှိတယ်လို့ ကျနော်ထင်တယ်။
မေး။ သံအမတ်ကြီး မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်တုန်းက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရ အရာရှိတွေနဲ့သာမက စစ်ဖက်ထိပ်တန်းခေါင်းဆောင်တချို့နဲ့လည်း အတူတကွ လုပ်ဆောင်ခဲ့ဖူးတယ်။ ရာထူး သက်တမ်းကုန်ဆုံးတဲ့အခါ မြန်မာနိုင်ငံဟာ အမှောင်ခေတ်ကို ပြန်သွားတော့မယ့် အရိပ်အမြွက်၊ လက္ခဏာတွေ ခံစားရလား။ ဘယ်လိုခံစားရလဲ။
ဖြေ။ ခြုံပြီးပြောရရင် ရခိုင်ပြည်နယ် အခြေအနေနဲ့ပတ်သက်ပြီး ကျနော်တို့ စိုးရိမ်တာတွေရှိတယ်။ ငြိမ်းချမ်းရေး မတိုးတက်တာနဲ့ပတ်သက်ပြီး စိုးရိမ်တယ်။ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာစုဝေးခွင့်နဲ့ပတ်သက်ပြီး ကျနော်တို့မျှော်မှန်းထားတဲ့ အဆင့်လောက် မဖြစ်တာကို စိုးရိမ်တယ်။ နောက်သေချာတာက စစ်တပ်ရဲ့အပြုအမူနဲ့ပတ်သက်ပြီး စိုးရိမ်တယ်။ အဲဒီတုန်းကတောင် ဆိုးရွားနေပြီ။ ဒါပေမယ့် စစ်အာဏာသိမ်းမှုကိုတော့ ကြိုတင်မမြင်ဘူး။ လုံးဝမမြင်ဘူး။ ဒါကြောင့် ကျနော်က ဆက်လက်အကောင်းမြင်ခဲ့တယ်။ မျိုးဆက်သစ်တခုလုံး နိုးကြားလာတာတွေ့ရလို့၊ ပိုပြီး ပညာတတ်လာတာ တွေ့ရလို့၊ သတင်းအချက်အလက်တွေ ပိုမိုအသုံးပြုနိုင်တာ တွေ့ရလို့၊ ပိုမို ပွင့်လင်းလာတာ တွေ့ရလို့ ရေရှည်အတွက် အကောင်းမြင်ပြီး ဒါဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့မျှော်လင့်ချက်ဖြစ်တယ်လို့ ထင်ခဲ့ပြီး အခုလည်း အဲဒီလိုမြင်နေတုန်းပါ။ အခု ဒီလူငယ်တွေက အရမ်းကို တက်ကြွတယ်၊ တိုင်းရင်းသားအချင်းချင်း ဆက်ဆံရေးတွေပြောင်းဖို့ လိုတယ်ဆိုတဲ့ ကိစ္စမျိုးကိုတောင် သူတို့အချင်းချင်းပြောနေကြတယ်။ ဒါဟာမြန်မာနိုင်ငံမှာ ရေရှည်အတွက် အကောင်းမြင်ဖို့ ကြီးမားတဲ့ အကြောင်းရင်းဖြစ်တယ်။ ဒါပေမယ့် ရေတိုမှာတော့ စစ်အာဏာသိမ်းမှုကို ကျနော်ကြိုမြင်မထားခဲ့ဘူး။ ဒီအကျပ်အတည်းအတွက် ကျနော် အရမ်းဝမ်းနည်းပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ This Is Not ‘Just Another Coup’: Ex-US Ambassador to Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
မြန်မာ့အကျပ်အတည်း တုံ့ပြန်မှုပေါ် ASEAN အနာဂတ် မူတည်နေ
ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်ကို လျှော့မတွက်နဲ့
စစ်အာဏာသိမ်းခြင်းက နေ့သစ်ဆီ လမ်းဖွင့်ပေးခဲ့သည်