အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုများနှင့်အတူ မြန်မာငွေဈေး ကျကာ ကုန်ဈေးနှုန်းများ အဆမတန် မြင့် တက်လာမှု ပြဿနာကို ပြည်သူများ ခါးစည်းခံနေရကြသည်။
ငွေကြေးဖောင်းပွမှုကြောင့် ၁ ရက် လုပ်ခလစာနှုန်းသည်လည်း နှစ်ဒေါ်လာအောက် ရောက်နေပြီ ဖြစ်သည်။ ထိုသို့ အခက်အခဲများ ဖြစ်ပေါ်နေသော်လည်း အနည်းဆုံး အခကြေးငွေ တိုးမြှင့်တောင်းခံရေး၌ စစ်အာဏာရှင်စနစ်အောက် အသံကျယ်ကျယ်ပင် မထွက်ရဲသည့်ကိစ္စ ဖြစ်နေသည်။
ရပိုင်ခွင့်များ တိုးမြှင့် ရရှိနိုင်မည်ကို မဆိုထားနှင့် အလုပ်သမားများ ရရှိရမည့် အခွင့်အရေးများကိုပင် လုပ်ငန်းရှင်များက လိုက်နာမှု မရှိဘဲ ချိုးဖောက်နေမှု၊ လုပ်အားခ အမြတ်ထုတ်မှုများကို ကြုံတွေ့နေရကြောင်း သိရသည်။ ထို့ကြောင့် အာ ဏာရှင် စနစ်ဆိုးအောက်တွင် အလုပ်သမားများနှင့် အလုပ်သမား အဖွဲ့အစည်းများ မည်သည့် အခက်အခဲများ ရင် ဆိုင်နေရသည်ကို သိရှိနိုင်ရန် မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ဥက္ကဋ္ဌ ဖြစ်သလို အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) က ဗဟိုအလုပ်အမှုဆောင် ဒေါ်ခိုင်ဇာအောင်ကို ဆက်သွယ် မေး မြန်းထားပါသည်။
မေး။ ။ အခုဆိုရင် ပြည်တွင်းထဲက အလုပ်သမားတွေ အနိမ့်ဆုံး လုပ်ခလစာ တိုးတောင်းနေကြတာကို တွေ့ရပါတယ်။ အစ်မတို့ဆီကို ဘယ်လို အချက်အလက်တွေ တက်လာပါသလဲ။
ဖြေ။ ။ တိုးတောင်းဖို့ကို အလုပ်သမားတွေက မလုပ်ရဲဘူး။ တိုးတောင်းဖို့ မပြောနဲ့ လစာပေးလို့ လိုနေရင်တောင် သွား မပြောရဲကြဘူး။ အနည်းဆုံး အခကြေးငွေ တောင်းတာက ၁ ရုံ၊ ၂ ရုံ တောင်းနေတာတော့ ရှိတာပေါ့။ အလုပ်သမား အများစုကတော့ အဲဒီ ကိစ္စကို မလုပ်ကြသလို လုပ်လည်း မလုပ်ရဲပါဘူး။
မေး။ ။ ဒါဆိုရင် မတောင်းရဲလို့ မတောင်းကြတဲ့ သဘောမျိုးလား ဒါမှမဟုတ်ရင် အခု ရနေတဲ့ လုပ်ခလစာက အဆင် ပြေနေလို့လား၊ မပြောဘဲ တောင့်ခံနေတာမျိုးလား။
ဖြေ။ ။ အဆင်ကတော့ မပြေဘူး။ အလုပ်သမားတွေက ဘယ်လိုဖြစ်နေလဲဆိုတော့ အလုပ်လုပ်ရင်းနဲ့ ထမင်းငတ်နေ ကြတယ်။ အနည်ဆုံး အခကြေးငွေ ၄,၈၀၀ မရတဲ့ အလုပ်သမားတွေလည်း ရှိတယ်။ အများကလည်း နေ့စား အလုပ် သမားတွေ ဖြစ်လာတယ်။ အစမ်းခန့် ဆိုပြီး ၇၅ ရာခိုင်နှုန်း ပေးပြီးတော့မှ၂ လ၊ ၃ လနဲ့ ဖြုတ်တဲ့ ပြဿနာတွေလည်း ရှိတယ်။ ဆိုတော့ ၄,၈၀၀ တောင် မရတဲ့ အလုပ်သမားတွေ အများကြီးပဲ ရှိနေတယ်။
အဲဒီ အနေအထားမှာ အလုပ်သမားတွေက လစာကွာတဲ့ ကိစ္စ မေးတာဖြစ်ဖြစ် နေမကောင်းလို့ ခွင့်ယူချင်ပါတယ် ပြော တာဖြစ်ဖြစ် နင်တို့ နောက်နေ့ အလုပ် မလာနဲ့တော့ ဆိုပြီးတော့ အလုပ်ဖြုတ်ခံရတာတွေ ရှိနေတော့ သူတို့က ဘာမှမ ပြောရဲဘူး။ မပြေလည်နေဘူး သို့သော် ဘာမှ လုပ်လို့မရဘူး။ လစာတိုးပေးပါ ဆိုပြီး လက်မှတ်တွေ ထိုးပြီး စာတင်ထား ရုံနဲ့လည်း ရတဲ့ ထုံးစံ မရှိဘူး။ အလုပ်ရှင်က ပေးနေကျထက် အိတ်ထဲကနေ ပိုပေးရမှာ ဖြစ်တဲ့အတွက် အဲဒါကို အလုပ် ရှင်တွေက ဘယ်တော့မှ ကြည်ကြည်ဖြူဖြူနဲ့ မပေးပါဘူး။
စစ်အာဏာရှင် အုပ်ချုပ်တဲ့ အချိန် မဟုတ်တုန်းကတောင် အဲဒီလိုမျိုးတွေ မဖြစ်ခဲ့ဘူး။ အရင်တုန်းက အခြေအနေကို ကြည့်မယ်ဆိုရင် မပြေလည်ဘူး ဒါပေမယ့် တောင်းရဲတယ်။ ပိုက်ဆံမရဘူး ဆိုရင်တောင် အဖမ်းခံရတာတွေ ချောင်း ရိုက်ခံရမှာတွေ မကြောက်ရဘူး။ ဒီခေတ်ဒီအခါမှာတော့ ဆန္ဒပြလိုက်မယ်ဆိုရင် စက်ရုံကို စစ်တပ်က ရောက်လာတယ် လေ။ အလုပ်သမားတွေကို ဖိအားပေးတယ်။ တောင်းဆိုချက်တွေ ဘာမှ မရခင်မှာပဲ တောင်းဆိုမှုတွေ ပြီးသွားတယ်။
အစုအဖွဲ့ဆိုတာလည်း အလုပ်သမား သမဂ္ဂတွေ အရင်တုန်းက ဖွဲ့ပြီးတော့ စုစည်း တောင်းဆိုတယ်။ အခုဆိုရင် အလုပ် သမားတွေက စုစည်းအင်အားကို မလုပ်နိုင်ဘူး။ စပြီး စည်းရုံးမယ်ဆိုတာနဲ့ အဲဒီ အလုပ်သမားကို ခြိမ်းခြောက်မယ်။ ဒီတော့ စပြီး စည်းရုံးမယ့်လူကိုလည်း လုပ်ဖို့ အတွက် ခွင့်မပေးဘူး။ ဒါကြောင့် အလုပ်သမားတွေက မပြေလည်သော် လည်းပဲ လုပ်အားခ တောင်းဆိုမှုကို လုပ်ဖို့ရာ အခက်အခဲ အများကြီး ရှိနေကြတာ ဖြစ်တယ်။
မေး ။ ။ အခု ပေးနေတဲ့ ၄,၈၀၀ ဆိုတာကရော တကယ်ကို ပြောင်းလဲသင့်နေတဲ့ နှုန်းထားတရပ် ဖြစ်နေပြီလား။
ဖြေ။ ။ ကုန်ဈေးနှုန်းတွေ မတက်ခင်ကတည်းက ဒီနှုန်းထားက ပြောင်းသင့်နေတာ။ အရင် ရတဲ့ ၄,၈၀၀ နဲ့ အခု ၄,၈၀၀ က ဝယ်ယူနိုင်တဲ့ ပစ္စည်းချင်း မတူတော့ဘူး။ ငွေကြေး ဖောင်းပွမှုတွေ၊ ကုန်ဈေးနှုန်းမြင့်မားမှုတွေ အတွက်ကြောင့်မို့ လို့။ ဒါကြောင့် လစာကို တိုးမယ်ဆိုရင်တောင်မှပဲ ၂၀၀၊ ၃၀၀ တိုးလို့တော့ မရဘူး။ ၁ လလုံးမှာမှ ၈,၀၀၀၊ ၉,၀၀၀ လောက်တိုးမှာ။ ဒါပေမယ့် နှုန်းထား စပြီး ပြောင်းဖို့ရာကို ခက်နေတာ။ ကိုယ့်အလုပ်သမားတွေ ခက်ခဲနေလို့ သူ့ဘာ သာ တိုးပေးလိုက်တဲ့ အလုပ်ရှင်ဆိုတာတော့ အခုထိ မကြားသေးဘူး အထည်ချုပ် ကဏ္ဍမှာတော့။
မေး။ ။ ဒီလို တိုးတောင်းတဲ့ အခါတွေမှာ အာဏာပိုင်တွေဘက်က တိုးပေးမှ ဆိုတဲ့ ဥပဒေနဲ့ ကိုင်ပြီး လုပ်ငန်းရှင်တွေ ဘက်က ပြောလာတာ ရှိပါတယ်။ လက်ရှိအခြေအနေအရ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရဆိုတဲ့ ၃ ပွင့်ဆိုင် ဆွေးနွေး တဲ့ ယန္တရားက ရှိမနေတော့ ဘယ်လို ဖြေရှင်းသင့်ပါသလဲ။
ဖြေ။ ။ အလုပ်ရှင်တွေ၊ Supervisor နဲ့ စက်ရုံ အုပ်ချုပ်ရေးအပိုင်းတွေက ဥပဒေက မတိုးခိုင်းလို့ မတိုပေးဘူးဆိုတာ ဘယ်ဥပဒေမှာမှ မရှိဘူး။ အလုပ်သမားတွေကို နားမလည်ဘူး ထင်ပြီး လုပ်သွားတာပါ။ ကိုယ်ပေးချင်လို့ ကိုယ့်အလုပ် သမားကို ကိုယ်ပေးတာ။ ဘယ်သူက လာပြီး တရားစွဲမှာလည်း ရှိရော ရှိဖူးလို့လား။ ဥပဒေက မပြင်ထားလို့ ငါတို့ လုံးဝ မပြင်နိုင်ဘူး ဆိုတာ အခြေအမြစ် မရှိတဲ့ စကားပါ။ ပြောရမယ်ဆိုရင်တော့ စကားကို အဆင့်အတန်းရှိရှိ မပြောတာပေါ့။ ကျမကတော့ အဲဒီလိုပဲ မြင်တယ်။
ဒီခေတ် ဒီအခါမှာ ကျမတို့က အလုပ်ရှင်ကနေ ကိုယ့်ကို လစာတိုးပေးတာကို မျှော်လင့်လို့ ရသလားပေါ့။ ကျမကတော့ ဒီအာဏာရှင် လက်အောက်မှာ ရှိနေသရွေ့ကတော့ ဒီထက် ပိုဆိုးသွားဖို့ပဲ ရှိတယ်။ အလုပ်ရှင်တွေက လုပ်ခလစာတွေ တိုးပေးပြီးတော့ အလုပ်သမားတွေကို ပိုကောင်းအောင် လုပ်ပေးလာတယ်ဆိုတာကို မျှော်လင့်လို့ မရနိုင်ဘူး။ ဒီနေ့ ကျမတို့ အလုပ်သမားတွေသည် သူတို့ လုပ်ရတဲ့ လုပ်အားလောက်သာ လစာ ရမယ်ဆိုရင် ဒီလောက် ကျပ်တည်းကြ မှာ မဟုတ်ဘူး။
ငွေကြေး ဖောင်းပွပြီး ကုန်ဈေးနှုန်းတက်တာအပြင် Day ကြေး ရနေတာတွေ ကျသွားတယ်။ ၃၆၀၀ ပဲ ရနေတာတွေ လည်း ရှိတယ်။ အချိန်ပိုကြေးတွေကို ပေးသင့်ရဲ့သားနဲ့ မပေးနေတာတွေလည်း ရှိတယ်။ အလုပ်ရှင်တွေဆီကနေ ပိုရဖို့ ကို ပြောနေတာ ကျမတို့ ရသင့်တာကိုတောင် ရမနေဘူး ဆိုတာကို ပြောကြဖို့ လိုတယ်။ အလုပ်သမားတွေအတွက် ကောင်းမွန်တဲ့ လုပ်ခလစာ၊ ဂုဏ်သိက္ခာရှိတဲ့ လုပ်ငန်းခွင်၊ သင့်တင့်မျှတတဲ့ လုပ်ခလစာနဲ့ အလုပ်ခွင်ကို လိုချင်တယ် ဆိုရင် ကျမတို့ နိုင်ငံမှာ ဒီမိုကရေစီ ရှိဖို့ လိုတယ်။
အရင်ဆုံး စစ်အာဏာရှင် စနစ်ကို ပြောင်းအောင် လုပ်ရမယ်။ ပြီးမှသာ အလုပ်သမားတွေအတွက် ပိုကောင်းတဲ့ လုပ်ခ လစာ၊ လုပ်ငန်းခွင် အခြေအနေဆိုတာကို ပြောရမယ်။ အဲဒီလို အခြေအနေတွေဖြစ်ဖို့ ဆိုရင် အလုပ်သမားသမဂ္ဂတွေ ရှိမှရမယ်။ အလုပ်သမား သမဂ္ဂတွေ မရှိဘဲနဲ့ ဆွေးနွေး ညှိနှိုင်းပေးမယ့် လူတွေ မရှိဘဲနဲ့ ပိုကောင်းတဲ့ လုပ်ငန်းခွင်ဆို တာ မျှော်လင့်လို့ မရပါဘူး။ ဒီနေ့ မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂတွေ မရှင်သန်နိုင်ဘူး။
မေး။ ။ ပြည်တွင်းထဲမှာ ရှိနေတဲ့ အလုပ်သမားတွေ အနေနဲ့ အာဏာသိမ်းခံရပြီးတဲ့ နောက်ပိုင်း ရပိုင်ခွင့်ရှိတဲ့ အခွင့် အရေးတွေ ဆုံးရှုံးနေတယ်လို့ ကြားသိရပါတယ်။ အစ်မတို့ဆီကို ရောက်လာတဲ့ သတင်းအချက်အလက်တွေ အရဆို ဘာတွေ ချိုးဖောက်ခံနေရပါသလဲ။
ဖြေ။ ။ အထည်ချုပ် ကဏ္ဍမှာ ရှိတဲ့ အလုပ်သမားတွေ တွေ့ကြုံနေရတာက နံပါတ် ၁ က အလုပ်အကိုင် အာမခံချက် လုံးဝ မရှိဘူး။ အများစုက နေ့စားအလုပ်သမားတွေ ဖြစ်လာတယ်။ အစမ်းခန့်ဆိုပြီး ၂ လ ၊ ၃ လ ခန့်နဲ့ ပြန်ဖြုတ်တဲ့ လူ တွေ ရှိတယ်။ ဝန်ထမ်းတွေ ဖြစ်ရင်တောင် အလုပ်နားလိုက်ပြီ ဆိုပြီးတော့ စက်ရုံက နောက်ထပ် ၁ လနေ ပြန်ဖွင့်တဲ့ စက်ရုံတွေတောင် တွေ့တယ်။ အဲဒါတွေက ဘာလဲဆိုတော့ ဒီနေ့ စက်ရုံတွေရဲ့ အခြေအနေက မမှန်းနိုင်ဘူး။ ရပ်တည် ဖို့ ခက်ခဲလာတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေက အများကြီးဖြစ် တော့ EU တို့ US တို့က အော်ဒါပေးတဲ့ လူတွေက ပေးဖို့ကို စိတ်ပူပန်ကြောင့်ကြမှုတွေ ရှိတယ်။
အဲဒီလိုအခြေအနေမှာ အော်ဒါပေးတာတွေ အချိန်မရွေး ရပ်သွားနိုင်တယ်။ ဆိုတော့ အဲဒီလို ရပ်သွားရင် အလုပ်သမား တွေကို လုပ်ခလစာ လျော်ကြေးငွေ များများပေးရမှာ စိုးတဲ့အတွက် အလုပ်သမားတွေကို ရပ်ဆိုင်းတာ။ အချိန်ပြည့် ဝန် ထမ်းအနေနဲ့ မခန့်တော့တာတွေ လုပ်လာတာ ဖြစ်တယ်။ လုပ်အားခကို ခေါင်းပုံဖြတ်ချင်တာအတွက်ကြောင့် လုပ်တာ ရှိတယ်။ အဓမ္မ ခိုင်းစေ ခံရတယ်။ နောက်ခွင့်နဲ့ အလုပ်ပိတ်ရက်တွေ ဘာမှ မရတော့ဘူး။
လူမှုဖူလုံရေးကြေးတွေကိုလစဉ် အလုပ်သမားတွေက ပေးတော့ ပေးနေရတယ်။ သို့သော် လူမှုဖူလုံရေး ခံစားခွင့်ကို တော့ ပြန်မရကြဘူး။ ဘာအခွင့်အရေးမှ မရှိတဲ့ ငရဲခန်းနဲ့ တူတဲ့ လုပ်ငန်းခွင်ပေါ့။ ငရဲခန်း ဆိုတာ ကျမသုံးတဲ့ အသုံး အနှုန်း မဟုတ်ပါဘူး။ ကျမတို့ကို လာပြီးတော့ တိုင်ကြားတဲ့ အလုပ်သမားတွေက သူတို့ကိုယ်၌ကိုက ငရဲခန်းနဲ့ တူတဲ့ လုပ်ငန်းခွင်လို့ ခံစားနေရတာ ဖြစ်တယ်။
မေး။ ။ ဒီထဲမှာမှ အမျိုးသမီး အလုပ်သမားတွေအနေနဲ့ရော ဘာတွေ တွေ့ကြုံ ခံစားနေရသလဲ။
ဖြေ။ ။ အမျိုးသမီး အလုပ်သမားလို့ ပြောရင် ဒီအထည်ချုပ် ကဏ္ဍမှာ အလုပ် လုပ်တာက အမျိုးသမီး အလုပ်သမား တွေ များတာပဲလေ။ ၈၅ ရာခိုင်နှုန်းလောက်က အမျိုးသမီး အလုပ်သမားတွေ လုပ်နေတာကိုး။ ကိုယ်ဝန်ဆောင်သည် တွေ အလုပ်ဖြုတ်ခံရတာတွေလည်း ရှိတယ်။ ကိုယ်ဝန်ဆောင်သည်တွေက အရင်လို ဘာမှအခွင့်အရေး မရ သလောက်ကို ဖြစ်သွားပြီ။ လစာပြည့်ခွင့် မီးဖွားခွင့် မရတော့ဘူး။ လစာပြည့်နဲ့ မမွေးခင် ၆ ပတ် မွေးပြီး ၈ ပတ်ရနေ ကြသလားဆိုတော့ မရနေတော့ပါဘူး။ မီးဖွားစရိတ် ဆိုတာလည်း မရတော့ဘူး။ အဲဒီတော့ မွေးခါနီးဖွားခါနီးဆိုရင် အလုပ်ကနေ အနားယူရတဲ့ အခြေအနေကို ရောက်သွားပြီ။
အမျိုးသမီးတွေ ဆိုရင်လည်း လုပ်ငန်းခွင်ထဲမှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက် စော်ကားတာတွေ၊ နှုတ်အားဖြင့်ကတော့ နေ့တိုင်းကို ဖြစ်နေတာ။ မကြားဝံ့မနာသာ မိန်းကလေးတွေကို တိရစာ္ဆန်နဲ့ နှိုင်းတာတွေ။ အဖေ၊ အစ်ကို၊ မောင်တွေနဲ့ တုပ်ပြီးတော့ ဆဲတာတွေကလည်း ဖြစ်နေတဲ့ အပြင်ကို အထုပ်နဲ့ ကောက်ပေါက်တာတို့ ထုတာ ရိုက်တာ အဆင့်အထိ ဖြစ်လာတာကို တွေ့ရတယ်။
လုပ်ငန်းခွင်က ဘယ်လိုမှ လုပ်ငန်းခွင်နဲ့ မတူတော့ဘူး။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာမှာ တင်ပြနေတာက အထည် ချုပ်မှာ ရှိတဲ့ အမျိုးသမီးအလုပ်သမားတွေက ခေတ်သစ်ကျွန်ပြုခြင်း ခံနေရတာ ဖြစ်တယ်လို့ ပြောတာပါ။ မေးခွန်း လည်း ပြန်မေးလို့ မရဘူး။ မေးခွန်း မေးရင်လည်း မလာနဲ့တော့ဆိုတာမျိုး အဲဒီ ဘဝကို ရောက်သွားတယ်။
မေး။ ။ အာဏာသိမ်းပြီးနောက် ဒီလိုနိုင်ငံတွင်း အခြေအနေတွေကို အလုပ်အပ်တဲ့ Brand တွေ အနေနဲ့က သိပါ သလား။ သိရဲ့သားနဲ့ ဒါတွေကို မသိကျိုးကျွံ ပြုထားတယ်လို့ သုံးသပ်နိုင်လား။
ဖြေ။ ။ သူတို့ သိကြပါတယ်။ ပြောင်ပြောင်းတင်းတင်းကို ချိုးဖောက်မှု ပြုလုပ်နေတာ။ အမှုပေါင်း ရာကျော် ကောက်ယူ ပြီးတော့ Database သွင်းတယ်။ သတင်း မီဒီယာတွေမှာ ထုတ်ပြန်တာ ရှိတယ်။ သူတို့ကို ပို့တယ် အမှုတွေ ရှင်းဖို့ ကြိုး စားတယ်။ သဘောတူ စာချုပ်တွေကို ချိုးဖောက်ပြီးတော့ အလုပ်သမားတွေရဲ့ လစာကို ဖြတ်တောက်ထားတာကို မြင် နေရပါလျက်နဲ့ သူတို့ကိုယ်တိုင်ကလည်း ချိုးဖောက်မှု ဖြစ်တယ်လို့ ပြောပါလျက်နဲ့ အလုပ်သမားကို ပေးဖို့ အလုပ်ရှင် ကို ဖိအား မပေးဘူး။ ဒီစက်ရုံမှာပဲ အော်ဒါ ဆက်အပ်နေတဲ့ Brand တွေ ရှိတယ်။
ဒီကိစ္စကို EU က မသိဘူးလား ဆိုတော့လည်း သိပါတယ်။ ကျမတို့ စာရင်းတွေလည်း ပို့တာပဲ။ ဒါပေမယ့် အားလုံးက လျစ်လျူရှုပြီးတော့ မိမိတို့ အကျိုးစီးပွားအတွက်ကိုပဲ လုပ်နေကြတယ်။ အဲဒီတော့ စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာ ပြည်မှာ ဆက်နေတာက အလုပ်သမား အလုပ်အကိုင် ရရှိဖို့ ဆိုပေမယ့် ဒီနေ့ ကျမတို့ နိုင်ငံက အလုပ်သမားတွေက အလုပ် လုပ်ရင်း ထမင်းငတ်နေကြတယ်။ အခုဆိုရင် Brand တွေကို ပြောထားတယ်။ သူတို့မှာ လိုက်နာရမယ့် ကျင့် ဝတ်တွေ ရှိပါတယ်။ ဒါတွေကို မလိုက်နာနိုင်ဘူးဆိုရင် မြန်မာပြည်မှာ မလုပ်ပါနဲ့ ထွက်သွားပါ။
တကယ်က လိုက်နာလို့လည်း မရပါဘူး။ အခု နိုင်ငံရေး အခြေအနေနဲ့က။ ဥပမာ စစ်တပ်က အလုပ်သမား သမဂ္ဂတွေ ရဲ့ နာမည်စာရင်းတွေကို တောင်းတယ်ဆိုတာမှာ အဲဒါသည် Brand ရဲ့ ကျင့်ဝတ်နဲ့ မညီဘူး။ စက်ရုံက ပေးလို့ မရဘူး။ အလုပ်သမားသမဂ္ဂအတွက် ထိခိုက်မှုတွေ ရှိလာမှာမို့လို့။ သို့သော် အဲဒါကို Brand က စက်ရုံကို မပေးနဲ့လို့လည်း ပြော လို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ စက်ရုံရဲ့ လုံခြုံရေးကို သူတာဝန် မယူနိုင်ဘူး။ စက်ရုံကလည်း စစ်ကောင်စီကို မပေး ဘူးလို့ မပြောရဲဘူးလေ။ ဆိုတော့ Brand တွေအနေနဲ့ ကျင့်ဝတ်တွေကို လိုက်နာလို့မရတဲ့ အခြေအနေ ရှိနေတဲ့ နိုင်ငံ မှာ ဆက်ပြီး လုပ်နေတာကိုက ကျင့်ဝတ် မရှိတာ၊ ဂုတ်သွေးစုပ်တာ ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း မြင်နေရတယ်။
မေး။ ။ ဒါတွေနဲ့ ပတ်သက်ပြီး အစ်မတို့လို အဖွဲ့အစည်းတွေအနေနဲ့ ဘာတွေ ကူညီဆောင်ရွက်ပေးနေတာ ရှိပါသလဲ။
ဖြေ။ ။ မနှစ်ကတည်းက ကြိုးစားတယ်။ ဖြေရှင်းနိုင်တဲ့ အမှုတွေလည်း ရှိခဲ့တယ်။ သို့သော် အမှု တခု ဖြေရှင်းပြီးတိုင်း မှာ အလုပ်သမား သမဂ္ဂတွေမှာ အများကြီးကို အန္တရာယ် ရှိတယ်။ ဥပမာ အချက်အလက် ပေးတဲ့လူ စက်ရုံနဲ့ ညှိနှိုင်း ပေးတဲ့လူတွေက လက်တုံ့ပြန် ခံရတယ်။ အဲဒီလို လက်တုံ့ပြန်ခံရမှာကြောက်လို့ သူတို့ အိမ်ကနေ ထွက်ပြေး တိမ်း ရှောင်ခဲ့ရတယ်။
အလုပ်သမားတွေသည် စက်ရုံမှာ ဖြစ်နေတဲ့ကိစ္စကို သူတို့ နည်းနည်း ထုတ်ဖော်ပြီးတော့ မတိုင်ရဲတော့ဘူး။ ဥပမာ အချိန်ပိုဆင်းပြီး ပိုက်ဆံ မရတာတွေဆိုရင် Brand ကို လှမ်းပြောပြီးတော့ ဖြေရှင်းပေးလို့ ရနိုင်ရမယ့် ကိစ္စတွေ ဖြစ်ရ မယ်။ သို့သော် ဒီလိုကိစ္စတွေ ဖြစ်လာရင် Brand ဘက်က တောင်းတာက မရတဲ့ အလုပ်သမား စာရင်းကိုပေး တရုံး လုံးက မရတာကို လက်မခံဘူး။ ကျမတို့ ဒီအခြေအနေကို ကျော်ဖြတ်ချင်တယ်ဆိုရင် စစ်နစ်ကို ပြင်ရမယ်။ နိုင်ငံ တကာကို ဖိအားပေးဖို့ လိုတယ်။
မေး။ ။ အစ်မ အနေနဲ့ ဘာများ ဖြည့်စွက် ပြောချင်တာရှိပါသေးလဲရှင့်။
ဖြေ။ ။ ကျမတို့ အလုပ်သမားတွေ ကြုံတွေ့ရနေတဲ့ အခက်အခဲ၊ ဆင်းရဲဒုက္ခတွေ ရှိတယ်။ ဒါတွေက သိပ်ကိုမှ ကြေကွဲ စရာ ကောင်းတယ်။ ကျမတို့ လုပ်ငန်းခွင်ထဲမှာ လုပ်နေရင်း ထမင်းငတ်နေသလို သန်းနဲ့ချီသော ပြည်သူတွေက တော၊ တောင်ထဲမှာ လျှောက်ပြေးနေရင်းနဲ့ နေစရာ စားစရာ မရှိ ဖြစ်နေတယ်။ ဒါကြောင့် ဒီနေ့ ကြုံနေရတဲ့ အခက်အခဲတွေ ကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီးတော့ အတူတကွ ဒီမိုကရေစီ စနစ်ဆောင်ရွက်ရေးကို ဆောင်ရွက်သွားကြမယ်။
You may also like these stories:
Adidas ဖိနပ်ချုပ် စက်ရုံလုပ်သားများ လစာတိုးရေး တောင်းဆို
မြန်မာ အလုပ်သမားသမဂ္ဂများ ပျောက်ကွယ်လာနေဟု ILO အစီရင်ခံ
အခြေခံ လူတန်းစားများ “ထမင်း မဝတော့ပါ”
စစ်အာဏာသိမ်းမှုအောက် ဆိတ်သုဉ်းသွားတဲ့ အလုပ်သမားထုအသံ