ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပျက်နေသည်များကို အရိုးရှင်းဆုံး ပြောရမည်ဆိုပါက ဗမာနှင့် ဗမာ မဟုတ်သော တော်လှန်ရေးတပ်များ၏ ညီညွတ်သောတပ်ပေါင်းစုသည် ကြီးမားကျယ်ပြန့်သောပိုင်နက်များကို လွတ်မြောက်စေခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
စစ်ကောင်စီတပ်သည် စခန်းငယ်များကိုသာမက အဓိကကျသည့် စခန်းကြီးများကိုပါ ဆုံးရှုံးပြီးနောက် ခံစစ်အနေအထား ရောက်နေပြီး စစ်ရှုံးလုနီးပါး ဖြစ်နေသည်။ သို့သော် အခြေအနေကို ပိုမို နက်နက်ရှိုင်းရှိုင်း လေ့လာကြည့်သောအခါ များစွာ ပိုမိုရှုပ်ထွေးသည့် အခင်းအကျင်းကို ဖော်ပြနေသည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့ စုစည်းထားသည့် ညီနောင်မဟာမိတ်တို့သည် ရှမ်းပြည်မြောက်ပိုင်းတွင် မြို့အများအပြားနှင့် ဆက်သွယ်သည့် လမ်းကြောင်းများ အပါအဝင် ကျယ်ပြန့်သည့် နယ်မြေများကို သိမ်းပိုက်ကြသည်။ သို့သော် ခါးသီးသော အမှန်တရားမှာ ထိုတော်လှန်ရေးတပ်များကို ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသများတွင် အမြဲတစေ အပြည့်အဝ ကြိုဆိုခြင်းမရှိဆိုသည့်အချက် ဖြစ်သည်။
ပလောင် TNLA မှ စစ်ဝတ်စုံနှင့်လူများသည် ရှမ်းတို့အဓိက နေထိုင်သည့် သီပေါနှင့် ကျောက်မဲကိုသာကမက နမ့်ဖတ်ကာနှင့် ကွတ်ခိုင် ပတ်ဝန်းကျင်မှ ကချင်များ နေထိုင်သည့် မြို့များကိုလည်း သိမ်းပိုက်ထားသည်။
သံလွင်မြစ် အရှေ့ဘက်ခြမ်း ကိုးကန့်ဒေသမှ တရုတ်လူမျိုးစုများ ပါဝင်သည့် MNDAA သည် လူမျိုးစုံနေထိုင်သည့် အဓိက မြို့ကြီးဖြစ်သော လားရှိုးကို သြဂုတ်လတွင် သိမ်းပိုက်သည်။ AA က မြန်မာနိုင်ငံအနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်တွင် နေထိုင်သော ရခိုင်တိုင်းရင်းသားများ၏ အကျိုးစီးပွားအတွက် တိုက်ပွဲဝင်နေသည်။
ရှမ်းပြည်မြောက်ပိုင်းမှ တိုက်ပွဲများကြောင့် ပြည်သူ သောင်းနှင့်ချီ ထွက်ပြေးရပြီး ၎င်းတို့တွင် ကားများရှိပါက မန္တလေးနှင့် ရန်ကုန်အထိ ထွက်ပြေးရသည်။ ဆင်းရဲနွမ်းပါးသောသူများသည် ခြေကျင်ဖြစ်စေ၊ ရသည့် မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ၊ ပတ်ဝန်းကျင် သစ်တောများသို့ဖြစ်စေ၊ တောင်ဘက် ထိုင်းနယ်စပ်သို့ဖြစ်စေ သွားရောက်ခိုလှုံရသည်။
ရှမ်းပြည်မြောက်ပိုင်းမှ တိုက်ပွဲများကြောင့် ပြည်သူ သောင်းနှင့်ချီ ထွက်ပြေးရပြီး ၎င်းတို့တွင် ကားများရှိပါက မန္တလေးနှင့် ရန်ကုန်အထိ ထွက်ပြေးရသည်။ ဆင်းရဲနွမ်းပါးသောသူများသည် ခြေကျင်ဖြစ်စေ၊ ရသည့် မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ၊ ပတ်ဝန်းကျင် သစ်တောများသို့ဖြစ်စေ၊ တောင်ဘက် ထိုင်းနယ်စပ်သို့ဖြစ်စေ သွားရောက်ခိုလှုံရသည်။
လူငယ်များကို အတင်းအကျပ် စစ်သားစုဆောင်းခြင်းနှင့် အတင်းတက်အုပ်ချုပ်နေသူများသို့ အခွန်ပေးဆောင်ရခြင်းတို့အတွက် နေရပ်တွင် ကျန်ရစ်သူ (မိသားစုဆွေမျိုးများက) မကျေမနပ် ပြောဆိုနေကြသည်။ မြောက်ပိုင်းမှ ကချင်အများအပြားသည် ရှမ်းပြည်တောင်ပိုင်းမှ တောင်ကြီးသို့ သွားကြသည်။ သို့သော် ပြည်သူများသည် ထိုနေရာတွင်လည်း မလုံခြုံကြပေ။
အဝေးရောက် လွတ်လပ်သော သတင်းဌာန ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ဆီဆိုင်၊ တောင်ကြီး၊ ဟိုပုန်း၊ ပင်လောင်းဒေသ ကျေးရွာများမှ ပြည်သူများက စစ်တပ်နှင့် စစ်တပ်မဟာမိတ် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) သည် မေလကုန်မှ စတင်ပြီး ဒေသခံလူငယ်များကို အတင်းအကျပ် စစ်သားစုဆောင်းနေသည်ဟု ဖော်ပြသည်။ တောင်ကြီးရှိ ကျောက်တလုံးကြီး ဒေသခံများကို လေ့ကျင့်၊ လက်နက်တပ်ဆင်ပေးပြီး ရှေ့တန်းသို့ စေလွှတ်နေသည်။
တချိန်က ပအိုဝ်း သူပုန်အဖွဲ့ဖြစ်သော PNA သည် ၁၉၉၁ ခုနှစ်၊ ဧပြီလတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီး မြန်မာစစ်တပ်၏ အရန်တပ်ဖြစ်လာသည်။ ရှမ်းပြည်မြောက်ပိုင်းမှ မည်သည့်လူမျိုးစုဖြစ်စေ ချမ်းသာသောဒေသခံများသည် မြန်မာမှ လုံးဝစွန့်ခွာပြီး ထိုင်းနိုင်ငံနှင့် အခြားအိမ်နီးချင်းနိုင်ငံများတွင် အခြေချကြသည်။ မြန်မာ၏ လူမျိုးစု အကွဲပြားဆုံးဖြစ်သည့် ပြည်နယ်မှ မည်သည့်လူမျိုးစုမဆိုမှ ဆင်းရဲသူ၊ ချမ်းသာသူ လူတိုင်းသည် စစ်ဖြစ်နေသည့် အုပ်စုများအကြား ကြားညပ်နေပြီး စစ်ကောင်စီလေတပ်၏ ပြင်းထန်သော သိမ်းကြုံးဗုံးကြဲတိုက်ခိုက်မှု ခံနေရသည်။
မြောက်ပိုင်းမှ စစ်ပွဲတွင် TNLA အခန်းကဏ္ဍနှင့် စစ်မြေပြင်မှ မကြုံဖူးသော အောင်မြင်မှုများသည် ထူးခြားသည်။ သူတို့ကိုယ်သူတို့ တအာင်းများဟုခေါ်သည် မွန်-ခမာ စကားပြော ပလောင်များသည် အဓိကအားဖြင့် ရှမ်းပြည်နယ်ဖြစ်သည့်ဒေသမှ တခုတည်းသော ပလောင်ဒေသရှိ တခါက မြို့တော် တောင်ပန်း (ခေါ်) နမ့်ဆန်အနီး တောင်တန်းများတွင် နေထိုင်ကြသည်။
တောင်ပန်း ပလောင်များသည် ရှမ်းယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာကို ခံယူကြပြီး ၎င်းတို့တောင်တန်းများသည် လက်ဖက်စိုက်ခင်းများကြောင့် ကျော်ကြားသည်။ ရှမ်းပြည်မြောက်ပိုင်း တောင်တန်းများတွင် နေထိုင်သည့် ရိုးရာအားဖြင့် ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်ပြီး နတ်ကိုးကွယ်သည့် ပလောင်များလည်း ရှိသည်။ မြန်မာတွင်နေထိုင်သည့် ပလောင် အရေအတွက် အတိအကျကို မသိရသော်လည်း ခန့်မှန်းချက်အရ ၅ သိန်းနှင့် ၆ သိန်းကြားတွင် ရှိသည်။
ပလောင်အမျိုးသားတပ်ဦး (PNF) ဟုခေါ်သည့် ပထမဆုံး ပလောင်သူပုန်အဖွဲ့ကို ရှမ်း-ပလောင် စိုင်းလှအောင် (ခေါ်) ဆိုလိန်းက ၁၉၆၃ ခုနှစ်တွင် ရှမ်းပြည်လွတ်လပ်ရေးတပ်မတော် (SSIA) လက်အောက်ခံအဖွဲ့အဖြစ် ထူထောင်သည်။ မူလ ရှမ်းပြည်တပ်မတော် (SSA) ကို ၁၉၆၄ ခုနှစ်တွင် ရှမ်းပြည်နယ်မှ အခြားအုပ်စု နှစ်ခုနှင့် SSIA ကို ပူးပေါင်း ထူထောင်သောအခါ PNF သည် တပ်မဟာ ၁ ၏ တပ်ရင်း ၅ နှင့် ၆ ဖြစ်လာသည်။

၁၉၇၁ ခုနှစ်တွင် SSA က ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဆိုသည့် နိုင်ငံရေးပါတီ ထူထောင်ပြီး ၁၉၈၁ ခုနှစ်တွင် ဆိုလိန်းသည် ပါတီ ဥက္ကဋ္ဌဖြစ်လာသည်။ သူသည် ၁၉၇၉ ခုနှစ်မှစတင်ပြီး SSA တပ်မှူးလည်းဖြစ်သည်။
SSA မှ ပလောင်များသည် လမ်းခွဲပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် မဟာမိတ်ဖွဲ့ကြသည်။ ယခင် PNF ကို အခြေခံပြီး ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ချုပ် (PSLO) နှင့် ၎င်း၏စစ်တပ် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (PSLA) ကို ၁၉၇၆ ခုနှစ်တွင် ထူထောင်သည်။
သို့သော် ထိုအချိန်မှစတင်ပြီး SSA မှ ပလောင်များသည် လမ်းခွဲပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် မဟာမိတ်ဖွဲ့ကြသည်။ ယခင် PNF ကို အခြေခံပြီး ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ချုပ် (PSLO) နှင့် ၎င်း၏စစ်တပ် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (PSLA) ကို ၁၉၇၆ ခုနှစ်တွင် ထူထောင်သည်။ ထိုအဖွဲ့သည် KIA ၏ မဟာမိတ်ဆက်လက်ဖြစ်နေခဲ့ပြီး PSLO သည် ၁၉၈၆ ခုနှစ်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးပါတီ (PSLP) ဖြစ်လာသည်။
၎င်းတို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ မှီခိုရသည့် အင်အားကြီးမားသော ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၁၉၈၉ ခုနှစ်တွင် ပြိုကွဲပြီးနောက် ၁၉၉၁ ခုနှစ်၊ ဧပြီလတွင် PSLP/PSLA သည် အခြားသူပုန်အဖွဲ့ငယ်များကဲ့သို့ပင် မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး အစိုးရအသိအမှတ်ပြု ပြည်သူ့စစ်များ ဖြစ်လာသည်။
သို့သော် ထိုသို့ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုသောကြောင့် ပလောင်တောင်တန်းသည် ငြိမ်းချမ်းပြီး ပုံမှန်အခြေအနေ ရောက်လာသည့်အဓိပ္ပာယ် မဟုတ်ပေ။ မကြာမီ အစိုးရအသိအမှတ်ပြု ပြည်သူ့စစ်များသည် စနစ်သစ်ကို အခွင့်ကောင်းယူပြီး နမ့်ဆန်ပတ်ဝန်းကျင် တောင်တန်းများတွင် ဘိန်းစတင် စိုက်ပျိုးလာသည်။ မူးယစ်ဆေးစွဲမှု များပြားလာကာ ဘိန်းနှင့်အခြားသန့်စင်ပြီး မူးယစ်ဆေး မှောင်ခိုရောင်းချခြင်းသည် ထိုဒေသ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးကို ထိခိုက်စေသည်။
၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလတွင် အပစ်အခတ်ရပ်စဲရေးကို ဆန့်ကျင်သည့် ပလောင် လူမှုအသိုက်အဝန်း ခေါင်းဆောင်များသည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ယခုဖျက်သိမ်းလိုက်ပြီဖြစ်သည့် အမျိုးသား ဒီမိုကရက်တစ်တပ်ဦး (NDF) ဌာနချုပ် မာနယ်ပလောတွင် တွေ့ဆုံပြီး ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) ကို ဖွဲ့စည်းသည်။ ကနဦးတွင် ထိုအဖွဲ့သည် နိုင်ငံရေး အဖွဲ့အစည်းသက်သက်သာ ဖြစ်သော်လည်း ပလောင်တောင်တန်းဒေသတွင် အခြေအနေများ ပျက်စီးယိုယွင်းလာသောအခါ လက်နက်ကိုင်တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ပြီး ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလတွင် TNLA ကို ထူထောင်သည်။
လူငယ်လူသစ်များကို ကချင်ပြည်နယ်မှ KIA ထိန်းချုပ်ဒေသများသို့ ပို့ဆောင်ပြီး သင်တန်းတက်စေကာ ၎င်းတို့၏ ပထမဆုံးလက်နက်များကို ရရှိကြသည်။ လအနည်းငယ်လေ့ကျင့်ပြီးနောက် ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လူ ၄၀ နှင့် သေနတ် ၂၇ လက်သည် ရွှေလီမြစ်ကို ဖြတ်ကူးပြီး ရှမ်းပြည်မြောက်ပိုင်းသို့ ဝင်ရောက်လာသည်။
ထိုအဖွဲ့သည် Granma နှင့်တူကြောင်း ၂၀၁၈ ခုနှစ်၊ မေလက မြန်မာ-ယူနန်နယ်စပ်တွင် စာရေးသူနှင့်တွေ့ဆုံသည့် TNLA အရာရှိတဦးက ပြောသည်။ Granma ဆိုသည်မှာ ဖီဒယ်ကက်စထရို၊ ချေဂွေဗားရားနှင့် အခြားတော်လှန်ရေးသမား အနည်းငယ်တို့ တော်လှန်ရေးစတင်ရန် ၁၉၅၆ ခုနှစ်တွင် မက္ကဆီကိုမှ ကျူးဘားသို့ စီးနင်းလာသည့် သင်္ဘောကို ၎င်းက ရည်ညွှန်းခြင်းဖြစ်သည်။
နှစ်နှစ်အတွင်း TNLA သည် ကြောက်မက်စရာကောင်းသော တပ်ဖွဲ့အဖြစ် ကြီးထွားလာသည်။ ခေါင်းဆောင်ပိုင်းတွင် အစိုးရအရာရှိဟောင်းများ အပါအဝင် လူငယ်ပညာတတ် ပလောင်အများအပြား ပါဝင်ပြီး ထိုအဖွဲ့သည် မြန်မာမှ တိုင်းရင်းသားအခြေပြု တပ်မတော်များနှင့်မတူသည့် အဖွဲ့အစည်းဖြစ်လာသည်။ အခြား တိုင်းရင်းသားတပ်မတော် အများစုတွင် မြန်မာနယ်စပ်မှ ရှေ့တန်းစစ်မျက်နှာ တောင်တန်းများတွင် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်နေသည့် အသက်ကြီးသူများက ဦးဆောင်ကြသည်။
TNLA ၏ လက်ရှိ လက်နက်ကိုင်အင်အားမှာ ၈,၀၀၀ နှင့် ၁၀,၀၀၀ ကြားရှိမည်ဟု ယူဆရပြီး ၎င်းတို့ကို ယခင်က လက်နက်ကိုင် လူအများဆုံး ၆၀၀ မှ ၇၀၀ အထိသာရှိသည့် သူပုန်များထက် လက်နက် အလွန် ပိုမိုကောင်းမွန်စွာ တပ်ဆင်ထားသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် TNLA သည် နမ့်ဆန်ကို သိမ်းပိုက်ပြီး ထိုမြို့မှ ပလောင်များစု ပြည်သူများက ၎င်းတို့ကို လွတ်မြောက်စေသူများအဖြစ် ကြိုဆိုနိုင်သည်။ သို့သော် ထို့နောက် ၎င်းတို့သည် ရှမ်းနှင့် ကချင်နေထိုင်သော ဒေသများသို့ စတင်ချဲ့ထွင်ပြီးဖြစ်ကာ ယနေ့ ဖြစ်ပွားလာသည့်ပြဿနာများ ပေါ်ပေါက်လာသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် TNLA သည် နမ့်ဆန်ကို သိမ်းပိုက်ပြီး ထိုမြို့မှ ပလောင်များစု ပြည်သူများက ၎င်းတို့ကို လွတ်မြောက်စေသူများအဖြစ် ကြိုဆိုနိုင်သည်။ သို့သော် ထို့နောက် ၎င်းတို့သည် ရှမ်းနှင့် ကချင်နေထိုင်သော ဒေသများသို့ စတင်ချဲ့ထွင်ပြီးဖြစ်ကာ ယနေ့ ဖြစ်ပွားလာသည့်ပြဿနာများ ပေါ်ပေါက်လာသည်။
TNLA ၏ အဓိက မဟာမိတ်မှာ အနီးရှိ ကချင်များနေထိုင်သည့် တောင်တန်းများမြို့များတွင် လှုပ်ရှားသည့် KIA မဟုတ်တော့သလို အစဉ်အလာအရ သီပေါနှင့် ကျောက်မဲဒေသကို အမာခံထားသည့် SSPP/SSA မဟုတ်သည်မှာလည်း သေချာသည်။ TNLA ၏ အကောင်းဆုံးလက်နက်များကို ၎င်းတို့လှုပ်ရှားမည်ဟု မျှော်လင့်ထားသည့် ဒေသပြင်ပသို့ သြဇာချဲ့ထွင်နေသည့် အခြားအဖွဲ့တခုဖြစ်သော MNDAA က ထောက်ပံ့သည်။
၎င်းတို့အနက် ပထမဆုံးအဖွဲ့ဖြစ်သည့် ကိုးကန့်တော်လှန်ရေးတပ်ဖွဲ့ (KRF) ကို ဒေသခံနိုင်ငံရေးသမား၊ ဘဏ်လုပ်ငန်းရှင်နှင့် ဗိုလ်ချုပ်နေဝင်း၏ ရန်သူ ဂျင်မီယန်း သို့မဟုတ် ယန်ကျင်စိန် (ယန်ကျန်ရှန်း) က ၁၉၆၃ ခုနှစ်တွင် တည်ထောင်သည်။ ဗိုလ်ချုပ်နေဝင်းသည် ထိုမတိုင်မီတနှစ်တွင် အာဏာသိမ်းပြီး ယခင် ဖက်ဒရယ် ဒီမိုကရက်တစ်အဖွဲ့အစည်းများကို ဖျက်သိမ်းခဲ့သည်။
SSA ကို ၁၉၆၄ ခုနှစ်တွင် တည်ထောင်သောအခါ KRF သည် SSA ၏ တပ်မဟာ ၅ ဖြစ်လာသည်။ နောက်ပိုင်းတွင် ဂျင်မီယန်းသည် ဖြုတ်ချခံဝန်ကြီးချုပ် ဦးနု ဦးဆောင်သည့် နေဝင်းအာဏာရှင်စနစ်ဆန့်ကျင်ရေး ညီညွတ်ရေးအင်အားစုနှင့် ပူးပေါင်းသော်လည်း ၁၉၇၃ ခုနှစ်တွင် ပြင်သစ်သို့ ထွက်ခွာသွားပြီး ၁၉၈၀ ပြည့်နှစ် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တွင် မြန်မာသို့ ပြန်လာသည်။ သူသည် ၁၉၈၅ ခုနှစ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။
တရုတ်ကျောထောက်နောက်ခံပြု သူ၏လူများက ၁၉၆၇ ခုနှစ်နှောင်းပိုင်းတွင် ကိုးကန့်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA) ကို ဖွဲ့စည်းလိုက်သောကြောင့် သူ့သြဇာ မရှိတော့ပေ။ ဖုန်ကြားရှင်နှင့် ဖုန်ကြားဖူးတို့ ဦးဆောင်သည့် KPLA သည် ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလတွင် ကိုးကန့်ဒေသသို့ဝင်ရောက်လာပြီး ထိုနှစ် သြဂုတ်လတွင် ဗကပနှင့် တရားဝင် ပူးပေါင်းသည်။
ထိုစဉ်က လူ ၁ သိန်းခန့်နေထိုင်သည့် ကိုးကန့်ဒေသ အများစုသည် ၁၉၈၉ ခုနှစ်တွင် အောက်ခြေတပ်သားများက ဗကပကို ပုန်ကန်သည့်အချိန်အထိ ကွန်မြူနစ်အုပ်ချုပ်ရေးအောက်သို့ ကျရောက်ခဲ့သည်။ အခြား ဗကပတပ်ဖွဲ့ သုံးခုဖြစ်သော ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်ပြည်နယ်မှ ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA) နှင့် ရှမ်းပြည်အရှေ့ပိုင်းမှ အမျိုးသားဒီမိုကရက်တစ်တပ်တော် (NDAA) တို့ကဲ့သို့ပင် MNDAA ကို ဖွဲ့စည်းပြီး မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်များ ချုပ်ဆိုကြသည်။
၂၀၀၉ ခုနှစ်တွင် MNDAA နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲများဖြစ်ပွားပြီး ထိုကိုးကန့်အဖွဲ့သည် စတင်တိုးချဲ့ကာ လက်နက်ပြန်လည်တပ်ဆင်သည်။ ၁၉၈၉ ခုနှစ် ပုန်ကန်မှုနှင့် နောက်ဆက်တွဲ မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေးကာလ၌ MNDAA တွင် စစ်သား ၁,၀၀၀-၁,၅၀၀ ထက် မပိုပေ။ ယနေ့အင်အားကို မသိရသော်လည်း TNLA လောက် အင်အားရှိမည်ဟု ယူဆရသည်။
ပြီးခဲ့သည့် သြဂုတ်လတွင် စစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် လားရှိုးနှင့် ချင်းရွှေဟော်ကဲ့သို့ တရုတ်နှင့်အရေးပါသည့် နယ်စပ်ဂိတ်များကို MNDAA သိမ်းပိုက်ခြင်းသည် စစ်တပ်အသိုက်အဝန်းကို တုန်လှုပ်စေသည်။
ပြီးခဲ့သည့် သြဂုတ်လတွင် စစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် လားရှိုးနှင့် ချင်းရွှေဟော်ကဲ့သို့ တရုတ်နှင့်အရေးပါသည့် နယ်စပ်ဂိတ်များကို MNDAA သိမ်းပိုက်ခြင်းသည် စစ်တပ်အသိုက်အဝန်းကို တုန်လှုပ်စေသည်။
ထိုအချိန်မှစတင်ပြီး MNDAA သည် လာရှိုးတွင် အုပ်ချုပ်ရေးထူထောင်သော်လည်း မြို့ဒေသခံ ၁၃၀,၀၀၀ အနက် မည်မျှ ဆက်လက်နေထိုင်သည်နှင့် ထိုမြို့ကို အုပ်ချုပ်သူသစ်များအား လူထုထောက်ခံမှု မည်မျှရှိသည်မှာ မသေချာပေ။
၎င်းတို့အဖွဲ့အတွင်းမှ အမိန့်မနာခံသူများကို လူမြင်ကွင်းတွင် သေဒဏ်ပေးသောအခါ ယခုနှစ် ဧပြီလတွင် ဥရောပသမဂ္ဂက MNDAA ကို ရှုတ်ချပြီး ထိုပြစ်ဒဏ်များသည် လူ့ဂုဏ်သိက္ခာကို ပစ်ပယ်သည့် လူမဆန်၊ သိက္ခာကျဆင်းစေသော ပြစ်ဒဏ်များဖြစ်ကြောင်း ပြောသည်။ MNDAA သည် ရွှေ့ပြောင်းလုပ်သားများကို အတင်းအကျပ် စစ်သားစုဆောင်းကာ တပ်မှ ထွက်ပြေးသူများကို သတ်ဖြတ်သည်ဟု ဧရာဝတီသတင်းဌာနက မေလ ၁၆ ရက်နေ့တွင် ဖော်ပြသည်။
AA ကို ၂၀၀၉ ခုနှစ်တွင် ထူထောင်သော်လည်း ရခိုင်ပြည်နယ်တွင် မဟုတ်ပေ။ ၎င်းတို့၏ ပထမဆုံးတပ်ဖွဲ့များကို ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းများတွင် လုပ်ကိုင်နေသည့် ရခိုင်များဖြင့် ဖွဲ့စည်းသည်။ ကနဦးတွင် KIA က လေ့ကျင့်ပေးသည့် AA သည် ၂၀၁၅ ခုနှစ်က ရှမ်းပြည်မြောက်ပိုင်းတွင် MNDAA နှင့်အတူ မြန်မာစစ်တပ်ကို တိုက်ခိုက်သောအခါ စတင်လှုပ်ရှားခဲ့သည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ဆက်လက်ရှိနေသော်လည်း မကြာမီ AA သည် ၎င်းတို့စစ်ဆင်ရေးဒေသကို ရခိုင်ပြည်နယ်သို့ ရွှေ့ပြောင်းပြီး ဗုဒ္ဓဘာသာလူများစု ပြည်သူများ၏ ကြီးမားသော ထောက်ခံမှုရသည်။ ယနေ့ AA ခေါင်းဆောင် ထွန်းမြတ်နိုင်အောက်တွင် လက်နက်ကိုင်အမျိုးသား၊ အမျိုးသမီးအင်အား အနည်းဆုံး ၁၀,၀၀၀ ရှိမည်ဟု ယူဆရပြီး ထွန်းမြတ်နိုင်သည် အင်္ဂလိပ်စကား ကောင်းကောင်း ပြောနိုင်သည်ကို အင်တာနက်ဗီဒီယို အများအပြားတွင် တွေ့ရသည်။
ရန်ကုန်တွင် ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ခဲ့သော်လည်း ထွန်းမြတ်နိုင်သည် သူ့ဇာတိမြေနှင့် ပြည်သူများအတွက် စစ်သားပီသသော စစ်သားဖြစ်ကြောင်း ပြသနိုင်ခဲ့သည်။ TNLA ကဲ့သို့ပင် AA သည် ငယ်ရွယ်တက်ကြွသောသူများက ဦးဆောင်သည့် သူပုန်တပ်ဖွဲ့ပုံစံသစ်တမျိုး ဖြစ်သည်။

ပိုမိုသက်တမ်းရှည်သည့် အခြား ရခိုင်အဖွဲ့အစည်းတခုဖြစ်သော ရခိုင်လွတ်မြောက်ရေးပါတီ/တပ်မတော်သည် မြန်မာစစ်တပ်နှင့် ၂၀၁၅ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသော်လည်း ထိုအဖွဲ့သည် သေးငယ်သောအုပ်စုတခုဖြစ်ကာ ထိုင်းနယ်စပ် KNU ဒေသတွင် စစ်သားလက်တဆုပ်စာသာရှိပြီး ရခိုင်ပြည်နယ်အတွင်း မည်သည့်အခါကမှ မတိုက်ခိုက်ဖူးပေ။
ညီနောင်မဟာမိတ်များ ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လျင်မြန်စွာ အင်အားတိုးတက်လာခြင်းသည် မြန်မာမှ အင်အားအကြီးမားဆုံးနှင့် လက်နက်အကောင်းဆုံး တပ်ဆင်ထားသည့် ၎င်းတို့၏ အဓိက မဟာမိတ် UWSA ၏ အကြီးအကျယ် ထောက်ခံမှုမပါဘဲ မဖြစ်နိုင်ပေ။
ညီနောင်မဟာမိတ်များ ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လျင်မြန်စွာ အင်အားတိုးတက်လာခြင်းသည် မြန်မာမှ အင်အားအကြီးမားဆုံးနှင့် လက်နက်အကောင်းဆုံး တပ်ဆင်ထားသည့် ၎င်းတို့၏ အဓိက မဟာမိတ် UWSA ၏ အကြီးအကျယ် ထောက်ခံမှုမပါဘဲ မဖြစ်နိုင်ပေ။
အင်အား ၂၅,၀၀၀ မှ ၃၀,၀၀၀ အထိ ရှိမည်ဟု ခန့်မှန်းရသည့် UWSA သည် တရုတ်နယ်စပ်တလျှောက် ကြားခံပြည်နယ်ဖြစ်သည့် ရှမ်းပြည်အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းမှ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသဖွယ် ဖြစ်သည့် စတုရန်းကီလိုမီတာ ၂၀,၀၀၀ ကျယ်သောဒေသကို ထိန်းချုပ်ထားသည်။
တရုတ်ဘာသာ အင်တာနက်စာမျက်နှာတခုတွင် မကြာသေးမီက ဖော်ပြသည့်အတိုင်းဆိုပါက UWSA သည် ယနေ့စစ်ပွဲတွင် ကြားနေသည်ဟုဆိုသော်လည်း ညီနောင်မဟာမိတ်နှင့် ဗမာလူမျိုးစု လက်နက်ကိုင်အချို့အတွက် အဓိက လက်နက်ရင်းမြစ် ဖြစ်သည်။ တဖက်တွင် ထိုသေနတ်များကို တရုတ်ထံမှရရှိသောကြောင့် ယခုစစ်ပွဲတွင် တရုတ်၏ အခန်းကဏ္ဍကို မေးခွန်းထုတ်စရာ ဖြစ်နေသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းအောင်လှိုင်က နေပြည်တော်နှင့် ရန်ကုန်သို့ တင့်ကားများ မောင်းလာပြီး အာဏာသိမ်းသောကြောင့် တာဝန်မထမ်းဆောင်လိုက်ရသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ညီနောင်မဟာမိတ်များသည် နှုတ်အားဖြင့် မဟာမိတ်ပြုကြကာ နိုင်ငံတကာတွင် တော်လှန်ရေး အင်အားစုကို တက်ကြွစွာလိုလားပြီး နိုင်ငံရေးအရ ထောက်ခံကြသည်။
ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက် အလုပ်ဖြစ်သည့် အစိုးရသစ်ကို ဖွဲ့စည်းနိုင်မည်ထင်သည့် မင်းအောင်လှိုင်နှင့် သူ့စစ်တပ်၏ နားလည်မှုလွဲမှားသော စိတ်ကူးကြောင့် ကြီးမားသော ခုခံတော်လှန်မှုနှင့် သွေးချောင်းစီးစစ်ပွဲသည် နယ်စပ်ဒေသများတွင်သာမက မြန်မာနိုင်ငံအလယ်ပိုင်းတွင်ပါ ဖြစ်ပွားလာသည်။ ၁၉၇၀ ပြည့်နှစ်များက မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဗကပ လှုပ်ရှားပြီးနောက် ယင်းဒေသ၌ ပထမဆုံးအကြိမ် စစ်ပွဲဖြစ်ပွားခြင်းဖြစ်သည်။
သို့သော် ပြောစရာမလိုသည့်ကိစ္စမှာ စစ်၏ လမ်းကြောင်းကို NUG က ခေါင်းဆောင်သည်ဟု ယူဆပြီး နိုင်ငံတဝန်း ဘုံရည်မှန်းချက်အတွက် တိုက်ခိုက်နေသော တော်လှန်ရေးအင်အားစုများ ပါဝင်သည့် စိတ်ကူးယဉ် ညီညွတ်ရေးတပ်ဦးက ဆုံးဖြတ်မည် မဟုတ်ပေ။
ညီနောင်မဟာမိတ်နှင့်သာမက KIA အပါအဝင် အခြားလူမျိုးစုအခြေပြု တော်လှန်ရေးတပ်များနှင့် မင်းအောင်လှိုင် စစ်ကောင်စီနှင့်ပါ နီးကပ်သောဆက်ဆံရေးရှိသည့် တရုတ်သည် ဒုက္ခရောက်နေသည့် အိမ်နီးချင်းနိုင်ငံတွင် ငြိမ်းချမ်းရေးအတွက် ကြားဝင်ညှိနှိုင်းသူဖြစ်ရန် နည်းလမ်းနှင့် စိတ်အားထက်သန်မှုရှိသည့် တခုတည်းသော ပြင်ပအင်အားကြီးနိုင်ငံ ဖြစ်သည်။
ဒေသတွင်းမှ ရပ်ဝန်းနှင့်လမ်းအစီအစဉ် စီမံကိန်းများအား လုံခြုံစေလိုသော တရုတ်၏ အကျိုးစီးပွားကြောင့် မြန်မာတွင် စစ်အကြီးအကျယ်ဖြစ်နေခြင်းကို မမြင်လိုပေ။ ထိုစီမံကိန်းများတွင် အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်အဖြစ် အသုံးပြုခွင့်ပေးနိုင်သည့် တခုတည်းသော အိမ်နီးချင်း မြန်မာနိုင်ငံမှ စီမံကိန်းများ ပါဝင်သည်။
စောင့်ကြည့်ရမည့် နောက်ထပ် ဖြစ်ပေါ်တိုးတက်မှုမှာ တရုတ်က ၎င်း၏ဝှက်ဖဲများကို မည်သို့ ထုတ်ကစားမည်ဆိုသည့် ကိစ္စဖြစ်သည်။ တရုတ်သည် ပဋိပက္ခတွင်ပါဝင်သည့် ဘက်များအားလုံးကို ယခင် မအောင်မြင်ခဲ့သည့် တကြိမ်ကထက် ပိုမိုများပြားသည့် ဖိအား နောက်တကြိမ်ပေးကာ ငြိမ်းချမ်းရေး တည်ဆောက်သူအဖြစ် လုပ်ဆောင်မည်ဖြစ်သည်။
ထို့ကြောင့် စောင့်ကြည့်ရမည့် နောက်ထပ် ဖြစ်ပေါ်တိုးတက်မှုမှာ တရုတ်က ၎င်း၏ဝှက်ဖဲများကို မည်သို့ ထုတ်ကစားမည်ဆိုသည့် ကိစ္စဖြစ်သည်။ အသိဉာဏ်ကို အခြေခံသော ခန့်မှန်းချက်တခုမှာ တရုတ်သည် ကြားဝင်ပြီး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမည်ဖြစ်သည်။ တရုတ်သည် ပဋိပက္ခတွင်ပါဝင်သည့် ဘက်များအားလုံးကို ယခင် မအောင်မြင်ခဲ့သည့် တကြိမ်ကထက် ပိုမိုများပြားသည့် ဖိအား နောက်တကြိမ်ပေးကာ ငြိမ်းချမ်းရေး တည်ဆောက်သူအဖြစ် လုပ်ဆောင်မည်ဖြစ်သည်။
သို့သော် ထိုသို့လုပ်ဆောင်ခြင်းကို အပြောင်းအလဲအချို့၊ ပြင်ဆင်ဖြည့်စွက်မှုအချို့ဖြင့် မူလအခြေအနေကို ပိုနေမြဲ ကျားနေမြဲ ပြန်လည်ထိန်းသိမ်းခြင်းသာ ဖြစ်နိုင်သည်။ မည်သည့်နည်းနှင့်မှ တနိုင်ငံလုံးက ပြည်သူအများစု မြင်လိုသည့် ဒီမိုကရက်တစ်မြန်မာ ဖြစ်လာမည် မဟုတ်ပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ Making Sense of the Mess in Myanmar’s Shan State ကို ဘာသာပြန်သည်။ Bertil Lintner ဘာတေးလ် လင့်တနာသည် အာရှအကြောင်း ဆယ်စုနှစ် လေးခုနီးပါး ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား
လွတ်မြောက်သည့် ရှမ်းမြောက်ပိုင်း၏ ပဋိပက္ခသစ်များ
အပြိုင်အဆိုင် စစ်သားစုမှုကြား ပူပန်နေရတဲ့ ရှမ်းပြည်သားတွေ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်
ဒဏ္ဍာရီများနှင့် ပဋိပက္ခများတည်ရာ မြန်မာနယ်စပ်များ
ရခိုင်စစ်မျက်နှာ အောင်ပွဲနှင့် ရခိုင်ရိုးမ အရှေ့ဘက် စစ်မျက်နှာ