ဆောင်းပါး

ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမယ့် ကျူးကျော် ပြဿနာ

မြန်မာနိုင်ငံ မြို့ကြီးအချို့ရဲ့မြေလွတ်လိုနေရာမျိုးတွေမှာ ကျူးကျော်နေထိုင်နေကြတဲ့ လူတန်းစားရာခိုင်နှုန်းဟာ မြန်မာပြည်လူဦးရေရဲ့ သုံးပုံ တပုံစာမျှ ရှိနေပါတယ်။ ကျူးကျော်တွေအထဲမှာ အမှတ်တကယ် နေထိုင်ဖို့အခက်အခဲရှိနေတဲ့သူတွေ ပါဝင်သလို စီးပွားဖြစ်ကျူးကျော်နေတဲ့ သူတွေဟာလည်း မနည်းလှပါဘူး။ ကျူးကျော်နေထိုင်ကြတဲ့သူတွေအတွက် အစိုးရအဆက်ဆက် ဘယ်အစိုးရမှ ပြေလည်သည် အထိဖြေရှင်း ပေးနိုင်ခြင်းလည်း မရှိသေးတာကိုလည်း တွေ့မြင်ရမှာပါ။

ကျူးကျော်ဆိုတာ ဘာလဲ

ကျူးကျော်ကို တနည်းခေါ်ဆိုတာက ပြည်တွင်းရွှေ့ပြောင်းသူများလို့ လူနားဝင်ဆံ့အောင်ခေါ် ကြပါသေးတယ်။ ကျူးကျော်ဆိုတာက အကြမ်းဖျင်း အဓိပ္ပါယ်ဖွင့်ရင် တရားဝင် ပိုင်ဆိုင်ခြင်းမရှိတဲ့ မြေတွေပေါ်မှာ တရားဝင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်သူတွေကို ဆိုလိုပါတယ်။

ကျူးကျော်ဝင်ရောက်နေထိုင်တဲ့ မြေအမျိုးအစား အများအပြားရှိပါတယ်။ နိုင်ငံတော်က ခွင့်ပြုထားခြင်းမရှိတဲ့ နိုင်ငံတော်ပိုင်မြေ၊ အစိုးရဋ္ဌာနပိုင်မြေ၊ သစ်တောမြေ၊ စည်ပင်မြေ၊ အဖွဲ့အစည်းပိုင်မြေ၊ ကုမ္ပဏီပိုင်မြေ၊ သာသနာ့မြေ၊ ပုဂ္ဂလိကပိုင်မြေ၊ မြေနုကျွန်း၊ မီးရထားလမ်းဘေး၊ ကားလမ်းဘေး၊ မြစ်ကမ်းဘေးစတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက ခွင့်ပြုချက် မပေးထားတဲ့ နေရာတွေမှာ ကျူးကျော်နေထိုင်လာကျတာဟာ ဆယ်စုနှစ်တိုင်ခဲ့ပါပြီ။

ကျူးကျော်နေထိုင်သူတွေ အမျိုးမျိုးရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မြေလွတ်မြေရိုင်းတွေကို ခုတ်ထွင်ရှင်းလင်းပြီး ဓားမဦးချ နေလာခဲ့သူတွေရှိသလို အဲ့ဒီထဲမှာမှ အချို့သောလူတွေက တဖြည်းဖြည်းချဲ့ထွင်လာရကနေတဆင့် “ကျူးပြဿနာ” အစပြုခဲ့တာပါ။ အချို့သော ဝိသမလောဘဇောတိုက်နေတဲ့ သူတွေကလည်း မြေတွေကျူးပြီး အဆင့်ဆင့် ရောင်းချရာကနေ ဘုမသိဘမသိ သိန်းဆယ်ချီပေးဝယ်ပြီးနောက် ကျူးကျော်ဘဝကို ခံယူသွားတဲ့သူတွေ ဒုနဲ့ဒေး ရှိနေပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တနေရာရှိ ကျူးကျော်တဲတွင် နေထိုင်သူ အမျိုးသမီးတဦး

အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်က ကျူးကျော်နေထိုင်သူတွေကို ပြန်လည်နေရာချပေးဖို့အတွက် လှိုင်သာယာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းလို ဆင်ခြေဖုံးမြို့နယ်အချို့မှာ တန်ဖိုးနည်း အိမ်ရာတွေကို တည်ဆောက်ပေးဖို့ လျာထားပေမယ့် Covid 19 ကပ်ရောဂါ ဆက်တိုက်ဖြစ်ပွားမှုအပါအဝင် စစ်အာဏာသိမ်းမှုဖြစ်စဉ် ပေါ်ပေါက်လာတာကြောင့် ကျူးကျော်ပြဿနာဟာ ဖြေရှင်းဖို့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။

လေပေါ်မှာ တိုက်ဆောက်ပေးနေတဲ့ အစိုးရများ

ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ၎င်းတို့ အစိုးရသက်တမ်းမှာ ကျူးကျော်နေထိုင်သူတွေ အိမ်ယာရရှိဖို့ စီမံကိန်းရေးဆွဲ အကောင် အထည် ဖော်ဆောင်မယ်လို့လည်း ပြောကြားထားတာရှိခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူ ပမာဏဟာ ငါးသိန်းကျော်ရှိနေတယ်လို့ ဆိုပါတယ်။

ကျူးကျော်နေထိုင်သူအများစုဟာ အလုပ်အကိုင်ရှိနေပေမယ့် နေထိုင်ရေးအတွက် မြေနေရာဝယ်ယူဖို့ အခြေအနေမရှိတာကြောင့် အစိုးရအနေနဲ့ ၎င်းတို့ လုပ်ကိုင်နေတဲ့ အလုပ်ကို အာမခံထားပြီး အိမ်ရာဆောင်ရွက်ပေးမယ့်အပြင် လူနေမှုစနစ် ပြောင်းလဲစေဖို့ ရေ၊ လျှပ်စစ်မီး၊ အမှိုက်စနစ်တကျ စွန့်ပစ်ခြင်းနဲ့ အခြားဝန်ဆောင်မှုတွေကိုပါ ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့ဖူးပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တနေရာရှိ ကျူးကျော်တဲတွင် နေထိုင်သူ ကလေးငယ်များ

ဒါ့အပြင် နေစရာမရှိသူတွေကို စနစ်တကျ စာရင်းကောက်ယူပြီး ရရှိတဲ့ စာရင်းတွေအရ အမှန်တကယ် နေစရာမရှိလို့ ကျူးကျော်နေထိုင်သူတွေကို ဒီဂျစ်တယ် သက်သေခံကတ်ပြားတွေ လုပ်ဆောင်ပေးခဲ့ပါသေးတယ်။ အမှန်တကယ် နေထိုင်စရာမရှိတာမဟုတ်ဘဲ နေရာလိုက်ဦး ပြန်ရောင်းစားနေတဲ့ စီးပွားဖြစ် ကျူးကျော်သူတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့လည်း ဆိုခဲ့ပါတယ်။ ဦးဖြိုးမင်းသိန်း ဒီလိုပြောဆိုပြီးနောက်ပိုင်းမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျူးကျော်သူတွေ ယခင်ထက်ပိုများလာပါတယ်။

ဒါတွေအားလုံးရဲ့ ဇစ်မြစ်ကိုကြည့်ရင် လူဦးရေ များပြားလာမှုကြောင့် လူနေထူထပ်လာတဲ့ အချိုးအစားနဲ့ စနစ်တကျရှိတဲ့ လူနေအိမ်ရာသစ်တွေ ဖော်ထုတ်ပေးနိုင်မှု အချိုးအစား မမျှတတာကြောင့်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။ သို့သော် ဒါတွေအားလုံးဟာလည်း စစ်အာဏာသိမ်းယူပြီးနောက် ဝေဝါးကုန်ပါပြီ။

စစ်အာဏာရှင်တွေဖြစ်တဲ့ ဦးနေဝင်းက အစပြုလို့ ဦးသန်းရွှေ၊ ဦးသိန်းစိန်နဲ့ နောက်ဆုံး ပြည်သူရွှေးချယ်တင်မြှောက်ထားတဲ့ အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာတောင် ကျူးကျော်ပြဿနာကို လက်တွေ့ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲတဲ့ ပုစ္ဆာ တပုဒ်ဖြစ်နေပါသေးတယ်။

စစ်အာဏာသိမ်းယူအပြီး အခြေအနေ

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က ရန်ကုန်-ပုသိမ်လမ်းမပေါ်က ကျူးကျော်တွေကို အင်အားသုံးပြီး ဖြိုဖျက်ခဲ့ပါတယ်။ ဒီလိုဖြိုဖျက်ဖို့အတွက် စစ်ကောင်စီဖက်က စာထုတ်ပြီးသော်လည်းကောင်း၊ အသံချဲ့စက်တွေနဲ့သော်လည်းကောင်း ကြေညာချက်ပြီး ဖယ်ရှားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်တဲများကို ၂၀၁၅ ခုနှစ်အတွင်းက မြင်ရစဉ်/VOA

ဒါဟာ စစ်ကောင်စီအစိုးရလက်ထက် ဆယ်လအတွင်းမှာ ပထမဆုံးအနေနဲ့ ကျူးကျော်ကိစ္စကို ဦးစားပေး လုပ်ဆောင်တာပါ။ အလားတူ မန္တလေးတိုင်းဒေသကြီး မြို့နယ်ခြောက်မြို့နယ်အတွင်းက ကျူးကျော်အိမ်တွေ အားလုံး ဒီဇင်ဘာလအတွင်း အပြီးဖယ်ရှားပေးရမယ်လို့ မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီမှ အသိပေးကြေညာ ထားပြန်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ လူနေထူထပ်ဆုံးဖြစ်တဲ့ လှိုင်သာယာက ကျူးကျော်တွေကို ရှင်းလင်းရာမှာတော့ ဘုရင့်နောင်တံတားနဲ့ အောင်ဇေယျတံတားနှစ်စင်းလုံး ပိတ်လိုက်ပြီး ဘူဒိုဇာကားတွေ၊ အဓိကရုဏ်းနှိမ်နင်းရေး ကားတွေ၊ အချုပ်ကား၊ စစ်ကား၊ ရဲကားနဲ့ စည်ပင်ကားတွေ အင်အား အကုန်သုံးပြီးကို ဖြိုဖျက်ခဲ့ကြတာပါ။ ဒီလိုဖြိုဖျက်ခဲ့ပြီး အနည်းငယ်ကျန်ရှိတဲ့ အိမ်တွေကိုတော့ နိုဝင်ဘာ ၁ ရက်နေ့က ထပ်မံဖြို ဖျက်မှုတွေပြုလုပ်ခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရ တက်စဉ်အချိန်ကလည်း လှိုင်သာယာက ကျူးကျော်တွေကို စက်မှုဇုန်ကိစ္စအကြောင်းပြုလို့ အင်အားသုံးဖယ်ရှားတာတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ ကျူးကျော် ပြဿနာဟာ အစိုးရအဆက်ဆက် ဖြေရှင်းနေရတဲ့ ပြဿနာတရပ်ဖြစ်နေပြီး ဘယ်အစိုးရလက်ထက်မှာမှ သေချာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိခဲ့တာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

“ဒါက နိုင်ငံရေးအပြောင်းအလဲကြောင့်လို့လည်း ပြောလို့ရသလို အစိုးရအပြောင်းအလဲမှာ မူဝါဒပိုင်းတွေကြောင့် ကျူးပြဿနာကို အစဉ်တစိုက်မဖြေရှင်းနိုင်တာ၊ အစိုးရတခုနဲ့ တခုကြားမှာ မူဝါဒပိုင်းကွဲလွဲတာတွေကြောင့်ဆို ပိုမှန်တယ်။ အခုလက်ရှိ နစက အစိုးရလက်ထက်မှာ ဗြုန်းစားကြီးလုပ်တဲ့အတွက် ခံရတဲ့ကျူးတွေက အခက်အခဲတွေနဲ့ ပိုပြီးဝန်ပိစေတယ်။ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မှာက ကျူးကျော်ဦးရေ သိန်းနဲ့ချီရှိတာကို ချက်ခြင်း ဖြေရှင်းဖို့ဆိုတဲ့ကိစ္စက မလွယ်ကူတဲ့ကိစွပါ။ မြို့ပြစနစ် ပိုမိုကောင်းမွန်ဖို့ဆိုပြီး ကျူးကျော်တွေကို ဖယ်ရှားတာက မှန်ပေမယ့် အခြေခံလူတန်းစားတွေရဲ့ ဘဝရှင်သန်ရပ်တည်နိုင်ရေးအတွက်ကို စနစ်တကျ နေရာချပေး ဖို့လိုအပ်ပါတယ်” လို့ မြို့ပြစီမံကိန်း ပညာရှင်တဦးက ပြောကြားပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလက်ထက် ကျူးကျော်များအား ထုတ်ပေးခဲ့သော စမတ်ကတ်

ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်မှာလည်း ကျူးကျော်ပြဿနာတွေနဲ့ပတ်သက်ပြီး စာရင်းကောက်ယူမှုတွေ၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဖော်ဆောင်ဖို့တွေ လုပ်ခဲ့ပေမယ့် ပြီးပြတ်အောင် မဖြေရှင်းနိုင်ခဲ့ပါဘူး။ NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကတည်းက ရန်ကုန်တိုင်းထဲမှာရှိတဲ့ သိန်းနဲ့ချီတဲ့ ကျူးကျော်ပြဿနာကိုဖြေရှင်းဖို့ မြေဧက ၂၀၀၀ ပေါ်မှာ စီမံကိန်းတွေ အကောင်အထည်ဖော်မယ် ဆိုပြီး စာရင်းတွေကောက်ယူတာ၊ ကျူးကျော်နေထိုင်တာ မှန်ကန်ကြောင်း အသိအမှတ်ပြုကတ်တွေ ထုတ်ပေးတာတွေ လုပ်ခဲ့ပေမယ့်လည်း ကျူးပြဿနာကို ဖြေရှင်းနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ လူနေအထူထပ်ဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မှာတော့ ကျူးကျော်နေထိုင်သူအရေအတွက်က တနေ့ထက်တနေ့ ပိုလို့များပြားလာနေပါတယ်။ တချို့သောကျူးကျော်နေထိုင်သူတွေဟာ သက်တမ်း နှစ် ၂၀ ကျော် လောက်ရှိနေတာကို တွေ့ရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာကနေ ရောက်လာတဲ့ ကျုးကျော် မိသားစုဝင်တဦး ဖြစ်တဲ့ မမေသက်က “ မရှိတဲ့သူတွေအနေနဲ့ တော်တော်လေး ဒုက္ခရောက်ပါတယ်။ ဒီအတိုင်းဘဲ စစ်တပ်နဲ့ စည်ပင် လာပြီး ဖျက်သွားတာ။ ဒီနေရာမှာ နေတာကတော့ ရှစ်နှစ် ကိုးနှစ်လောက်ရှိပြီ။ ကျူးကျော်ဆိုပေမယ့် ရပ်ကွက် တခုလိုတောင် ဖြစ်နေတာ။ အိမ်ခြေခြောက်ရာကျော်လောက်ရှိတော့ ကျမတို့လည်း ဒီအတိုင်းပဲ နေလာခဲ့တာ။ နေခစားရိတ်သက်သာတာကြောင့်လည်း မပြောင်းဖြစ်ခဲ့တာပါ။ အခုတော့ အိမ်လည်း ထပ်မငှားနိုင်သေးတဲ့ အတွက် လမ်းဘေးသစ်ပင်အောက်မှာပဲ အခင်းခင်းပြီး နေနေပါတယ်” လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ လှိုင်ယာသာက ကျူးကျော်တဲတွေရှင်းလင်းပြီး သွားပေမယ့်လည်း အခြားကို မပြောင်းရွှေ့နိုင်ပဲ ဖြစ်သလိုနေထိုင်နေရတဲ့ မိသားစု ဆယ်စုလောက်က လမ်းဘေးမှာပဲ ဖြစ်သလိုနေ နေကြတာကိုလည်း တွေ့ခဲ့ရပါတယ်။

တရားဥပဒေ စိုးမိုးရေး ရှုထောင့်

ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း နေစရာမရှိလို့ ကျူးကျော်နေ သူတွေကို နားလည်ပြီး အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ တာဝန်ရှိပေမယ့် ကျူးကျော်တာကလည်း တရားဥပဒေကို ချိုးဖောက်ရာရောက်တာပဲလို့ ကျူးကျော်တွေနဲ့ ပတ်သက်ပြီး မေးမြန်းလာတဲ့အပေါ် ဖြေကြားထားခဲ့ဖူးပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း ကျူးကျော်တဲများအား ဖျက်ဆီးစဉ်

ကျူးကျော်ဆိုတဲ့ အဓိပ္ပာယ်ဟာ စကားလုံးမှာကို အဖြေပါပြီးသားဖြစ်တဲ့အတွက် ဥပဒေနဲ့ မညီညွတ်စွာ နေထိုင် နေကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ နိုင်ငံသားတွေဖြစ်တာကြောင့် သူတို့ရဲ့ အခြေအနေ တွေကို လျစ်လျူရှုထားလို့ မရကြောင်း မြို့ပြပညာရှင်တဦးက ဆိုပါတယ်။

“ကျူးပြဿနာကတော့ဗျာ ဘယ်အစိုးရတက်တက် ပြီးပြတ်အောင် ဖြေရှင်းနိုင်မယ့် ပြဿနာမျိုး မဟုတ်ပါဘူး။ အခုလိုအချိန်မျိုးမှာ ပိုပြီး ဒုက္ခရောက်ရတာကလည်း ကျူးတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်ဟာလည်း ဒါဟာ ဥပဒေနဲ့ မညီညွတ်ဘူးဆိုတာ သိထားရမှာ ဖြစ်ပါတယ်” လို့ မြို့ပြပညာရှင်က ထပ်မံ သုံးသပ်ပြောဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံမြို့နယ်တွေမှာ တရားမဝင်နေထိုင်တဲ့ ကျူးကျော်အိမ်ခြေ ၁၀၅,၄၄၉ ရှိပြီး ကျူးကျော်နေထိုင်သူဦးရေက ၄၃၁,ဝ၅၀ ခန့်ရှိတယ်လို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကထုတ်ပြန်ထားပြီး ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်မှာ ကျူးကျော်အများဆုံး နေထိုင်နေကြကာ ဒုတိယအများဆုံးကတော့ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအစိုးရဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက ကျူးကျော်အိမ်ထောင်စု ၁သိန်းခွဲလောက်ကို ကျူးကျော် သက်သေခံ စမတ်ကဒ်ထုတ်ပေးထားပါတယ်။ လက်ရှိ ရန်ကုန်မြို့မှာ ကျူးကျော်အရေအတွက်က ၄ သိန်းခွဲ လောက် ရှိတယ်လို့ တိုင်းဒေသကြီးအစိုးရက ပြောထားခဲ့တာရှိပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ကျူးကျော်တဲများ ဖျက်ခံရ၍ ပြောင်းရွှေ့နေကြစဉ်

နိုင်ငံအတွင်းမှာ ကျူးကျော်တွေ များနေတယ် ဆိုတာဟာ ဆင်းရဲမွဲတေမှု၊ အိမ်ရာတိုက်ခန်း ရှားပါးမှု၊ စည်းကမ်း စနစ်မရှိမှု စတာတွေရဲ့ ပြယုဂ် ဖြစ်ပါတယ်။ စနစ်တကျ နေထိုင်ကြတာ မဟုတ်တဲ့ ကျူးကျော်တွေ များနေရင် လူဦးရေ သတင်းအချက်အလက် မကောက်ယူနိုင်ဖြစ်ပြီး အုပ်ချုပ်ရေးစနစ်ကိုလည်း ထူထောင်လို့ မရနိုင်ပါဘူး။ ဒီအတွက် တရားဥပဒေ စိုးမိုးမှုလည်း မရှိနိုင်ပါဘူး။ ရာဇဝတ်သားတွေ ခိုအောင်းနေနိုင်သလို အနီးအနား ဧရိယာတွေမှာလည်း ရာဇဝတ်မှုခင်း ပိုပြီး ထူပြောနိုင်ပါတယ်။

“ကျူးကျော်ပြဿနာဆိုတာ ဆင်းရဲခြင်းနဲ့ နေစရာ မရှိခြင်းပါ။ တကယ်တော့ ရန်ကုန်မှာ နေထိုင်စရာ အိမ်ရာ တိုက်ခန်း မရှိသူတွေဆိုတာဟာ ကျူးကျော်တွေချည်းပဲ မဟုတ်ပါဘူး။ မိသားစုတစ်စု တစ်လဝင်ငွေ ၁၀ သိန်း အောက် ဝင်ငွေရတဲ့ မိသားစု အမြောက်အမြားဟာလည်း အိမ်ရာတိုက်ခန်း အပိုင် မရှိကြပါဘူး။ သူတို့တွေဟာ နှစ်ရှည်လများ အိမ်ငှားဘဝနဲ့ နေထိုင်နေကြတဲ့ မိသားစုတွေ ဖြစ်ကြပြီး အရေအတွက်ကလည်း သိန်းနဲ့ချီ ရှိနေပြန်ပါတယ်။ ပြောရရင် အိမ်ရာတိုက်ခန်း လိုအပ်ချက် အလွန်များပြားနေသေးတာပါ။ ဒါကို ဒီအစိုးရ ဘယ်လို ကိုင်တွယ်မလဲ။ စနစ်တကျ မကိုင်တွယ်ရင် ရာဇဝတ်မှုတွေက များပြားလာဦးမှာပါပဲ” လို့ ရန်ကုန်စောင့်ကြည့်အဖွဲ့ ဒေသတွင်းတာဝန်ခံတဦးက ထောက်ပြပါတယ်။

မြို့ပြစီမံကိန်းများနဲ့ မြေဈေးနှုန်း

NLD အစိုးရခေတ်ကတည်းက အိမ်ရာတိုက်ခန်း အရေအတွက် များများ ဆောက်လုပ်ဖို့ ရည်ရွယ်ချက်ရှိခဲ့ပေမဲ့ အဓိက အခက်အခဲကတော့ မြေနေရာ ရရှိရေးပဲလို့ ဆိုပါတယ်။ မြေဈေးတွေ ခေါင်ခိုက်နေတာမို့ ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကလည်း တန်ဖိုးနည်းအိမ်ရာ ဆိုတာမျိုး များများစားစား မဖော်ထုတ်နိုင်ပါဘူး။

“အရင် အစိုးရက စတင်ခဲ့တဲ့၊ လက်ရှိလည်း ဆက်ပြီး အကောင်အထည် ဖော်နေတဲ့ တန်ဖိုးနည်း အိမ်ရာ တိုက်ခန်း စီမံကိန်းတွေဟာ အရေအတွက်နည်းပြီး ဆင့်ပါးစပ် နှမ်းပက်သလောက်ပဲ ရှိတာ။ တန်ဖိုးနည်း အိမ်ရာ ဖြစ်အောင် တန်ဖိုး နည်းနည်းလေး သတ်မှတ်ပေးလိုက်ရုံ၊ မစို့မပို့ တိုက်ခန်းတွေကို မဲဖောက်ပေး လိုက်ရုံနဲ့ ပြဿနာက အေးမသွားဘူး။ နောက်ပိုင်း အဲဒီ တိုက်ခန်းတွေရဲ့ဈေးနှုန်းဟာ သူ့ဈေးကွက်ပေါက်ဈေး ရှိသလောက် ပြန်တက်သွားတာပဲ။ တကယ်လိုအပ်နေတာက အိမ်ရာတိုက်ခန်းတွေ များများ ဖော်ထုတ်ဖို့ပါ။ အရေအတွက် များများ ဖော်ထုတ်နိုင်လေလေ၊ ဈေးကွက်သဘောအရ တိုက်ခန်းဈေးနှုန်းတွေ ကျလေလေ ဖြစ်မှာပါ” လို့ မြို့ပြပညာရှင်တဦးက ထောက်ပြပြောဆိုပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း နေထိုင်ရာတဲများ ဖျက်ဆီးခံရ၍ လမ်းပေါ်တွင် ယာယီနားခိုနေသူများ/ Myanmar Labor News

ကျူးပြဿနာ၊ လူလတ်တန်းစားတွေရဲ့ နေအိမ်တိုက်ခန်း လိုအပ်မှုပြဿနာ၊ ရင်းနှီးမြှုပ်နှံသူတွေအတွက် မြေဈေးနှုန်းတွေ အဆမတန် ကြီးမြင့်နေတဲ့ ပြဿနာ အားလုံး ဆက်စပ်နေပါတယ်။ ဒီပြဿနာတွေ ပြေလည်ရေး အတွက်ဆို ရန်ကုန်မှာ အရင် အတည်ပြုထားပြီးသား မြို့သစ်စီမံကိန်းတွေကို စနစ်တကျ အမြန် စ ဖို့ လိုပါတယ်။ အသုံးချနိုင်တဲ့ မြေကွက်တွေ များများ ဖော်ထုတ်ပြီး တချို့ကို တန်ဖိုးနည်း တိုက်ခန်း တည်ဆောက် ရာမှာ အသုံးပြုပေးဖို့ လိုပါတယ်။ မြေဈေးတွေကျ၊ အိမ်ရာတိုက်ခန်းတွေ အရေအတွက်များပြီး ဈေးတွေ ကျလာရင် ရင်းနှီးမြှုပ်နှံလိုသူတွေနဲ့ လူလတ်တန်းစားတွေရဲ့ အိမ်ရာလိုအပ်ချက် ပြဿနာ ထိုက်သင့်သလောက် ပြေလည်လာမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကျမှသာ ကျူးပြဿနာကိုလည်း စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

ကျူးကျော် ပြဿနာဆိုတာ ဘယ်အစိုးရတက်တက် ဖြေရှင်းရမယ့် ပြဿနာတခုဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာပဲ ရှိတဲ့ လူဦးရေ ၆.၈သန်းမှာ အိမ်ရာ ပိုင်ဆိုင်တဲ့သူက ၄၀ ခိုင်နှုန်းကျော်ပဲ ရှိပါတယ်။

ကျူးကျော်ပြဿနာကို ဖြေရှင်းရာမှာ အစိုးရအနေနဲ့ ရန်ကုန်မှာ လိုအပ်နေတဲ့ တန်ဖိုးနည်း နေအိမ်တိုက်ခန်းတွေ အများအပြား ပေါ်ထွက်လာအောင် လုပ်ကြရမှာဖြစ်သလို့ နေအိမ်တိုက်ခန်းတွေ အများအပြား ဆောက်နိုင်အောင်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အဆင်ပြေအောင် မြေဈေးနှုန်းတွေ ထိုက်သင့်တဲ့ အနေအ ထား အထိကျအောင် ဖန်တီးရမှာဖြစ်ပါတယ်။ အဖြစ်နိုင်ဆုံးနည်းကတော့ မြို့ပြမြေအဖြစ် အသုံးချလို့ရမယ့် မြေကွက်တွေ ဖော်ထုတ်တာ၊ မြို့သစ် စီမံကိန်းတွေ အကောင်အထည် ဖော်တာမျိုး တပြိုင်နက်တည်း လုပ်ကိုင်ဖို့ လိုနေပါတယ်လို့ ပညာရှင်တွေက တညီတညွတ်တည်း ပြောကြားထားပါတယ်။

ဒီလိုမှမဟုတ်ဘဲ ကျူးကျော်တွေကို ဖယ်ရှားလိုက်၊ အချိန်အနည်းငယ်ကြာလာရင် ပြန်ကျူးလိုက်နဲ့ ကျွန်တော်တို့ငယ်ငယ်က သင်ခဲ့ဘူးတဲ့ ဂျာအေးကို သူ့အမေရိုက် ကဗျာထဲကလိုဖြစ်နေဦးမှာပါ။ မည်သို့ပင်ဆိုစေကာမူ အစိုးရတရပ်ရဲ့ ကိုင်တွယ်ပုံ စနစ်တကျမရှိရင် ကျူးပြဿနာက ရွှေပြည်တော်မျှော်တိုင်းဝေးနေဆဲ ဖြစ်နေဦးမယ်လို့သာ ဆိုချင်ပါတယ်။

You may also like these stories:

ဝင်ငွေနည်း ပြည်သူများ အလူးအလဲခံနေရသည့် အသေးစား ချေးငွေ ဂယက်

မြန်မာ့လူဦးရေထက်ဝက် တနေ့လျှင် တဒေါ်လာအောက်သာ ဝင်ငွေရှိတော့မည်

အာဏာသိမ်းစစ်ကောင်စီအောက်က လယ်သမားများ ဘဝပျက်လာ

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ရေစုန်မြောနေပြီ

Loading