သေနတ်ပျောက်သည့် စွပ်စွဲချက်ဖြင့် ကော့မှူးမှ ပြည်သူအချို့ ဓားစာခံအဖြစ် ဖမ်းဆီးခံရ
ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ရေကျော် (ဆူးကလပ်ရေကျော်) ရွာတွင် သေနတ် ၂ လက် ပျောက်ဆုံးသည် ဟူသော စွပ်စွဲချက်ဖြင့် အနီးအနား ကျေးရွာအချို့မှ ပြည်သူ ၅ ဦးခန့်အား အာဏာသိမ်း စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးထား ကြောင်း ဒေသခံများက ပြောသည်။
လတ်တလော ဖမ်းဆီးခံထားရသူများမှာ အင်းယာချောင်ကျေးရွာမှ ဒေါ်နုထွေးဆိုသူနှင့် အသက် ၁၂ /၁၃ နှစ်အရွယ် ၎င်း၏ သား ၁ ဦးနှင့် ပြသတိုက်ကျေးရွာမှ ပြည်သူ ၃ ဦးခန့် ပါဝင်ကြောင်း သိရသည်။
ဒေသခံတဦးက “မနေ့က ရွာကို (အင်းယားချောင်) စစ်ကား သုံးစီးနဲ့ လာတယ်။ နောက်တော့ သူတို့ သားအမိနှစ်ယောက်ကို ဖမ်းထားလိုက် တာ။ တခြား သေနတ်လုယူသွားတယ်ဆိုတဲ့ ကောင်လေးတွေရဲ့ မိဘတွေကိုလည်း ဖမ်းထားတယ်။ အခု ထွက်ပြေးသွား တဲ့ ကောင်လေးတွေကိုမိမှ သူတို့ကို ပြန်လွှတ်ပေးမယ်ဆိုပြီးလည်း ပြောနေကြတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ညပိုင်းကလည်း ပြသတိုက်ရွာအတွင်း တပ်စွဲကာ စစ်ဆေးမှုများ ပြုလုပ်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သေနတ် ၁၀ ချက်ခန့် ပစ်ခတ်ခဲ့ပြီး ဖမ်းဆီးခံရသူအချို့ ရှိခဲ့ကြောင်း သိရသည်။
သေနတ်ပျောက်ဆုံးမှုသည် စစ်ကောင်စီ တပ်စွဲထားသည့် ရေကျော်ကျေးရွာတွင် ဒီဇင်ဘာ ၁ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းနေ့တွင်ပင် ကျေးရွာရှိ လူကုန်နီးပါးအား ခေါ်ယူဖမ်းဆီးကာ ကွင်းပြင်နေပူထဲ၌ တနေ့လုံး ထားရှိပြီး စစ်ဆေးမေး မြန်းမှု များ ပြုလုပ်ခဲ့ကြောင်း ဒေသခံတချို့က ပြောသည်။
ထိုသို့ စစ်ဆေးခံရသူများတွင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်ကြောင်း သိရပြီး အမျိုးသား ၃ ဦး ခန့်မှာလည်း ပြင်းထန်စွာ ရိုက်နှက်ထိုးကြိတ်ခံခဲ့ရကြောင်း သိရသည်။
စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဒီဇင်ဘာ ၂ ရက် ညနေပိုင်းတွင် အမျိုးသမီးများအား ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားများ အား ဆက်လက် ဖမ်းဆီးထားကာ စစ်ဆေးမေးမြန်း ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
ဒီဇင်ဘာ ၃ ရက်တွင် ပျောက်ဆုံး သေနတ် ၂ လက်အား ယူဆောင်သွားသူများအဖြစ် ယူဆရသူ လူငယ်အချို့အား တယ် လီဖုန်း တလုံးအတွင်းမှ သေနတ်ဖြင့် တွဲရိုက်ထားသည့် ဓာတ်ပုံများမှတဆင့် တွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးထားသူများအား ယင်းနေ့ ညနေပိုင်းတွင် လွှတ်ပေးခဲ့ကြောင်း သိရသည်။
“မနေ့ကတော့ ပေါ်သွားတယ်ဆိုပြီး ဖမ်းထားသူတွေကို ညနေပိုင်းမှာ ပြန်လွှတ်ပေးတယ်။ အချို့တော့ တော်တော်လေး နှိပ်စက်ခံရပြီး ဒဏ်ရာရတယ်။ ရေတွေထဲလည်း ငုပ်ပြီးရှာခိုင်းတယ်။ နောက်တော့ ရွာက ကြက်ခြံတခုမှာ အလုပ်လုပ်တဲ့ ကောင်လေးတွေကို သေနတ်နဲ့ ရိုက်ထားတဲပုံတွေ တွေ့သွားလို့ သေနတ်ပျောက်တဲ့ကိစ္စ ပေါ်သွားတယ်။ ပါဝင်ပတ် သက်တယ်လို့ ယူဆရတဲ့သူတယောက်ရဲ့ အိမ်လည်း မီးလောင်သွားတယ်” ဟု ဒေသခံတဦးက ပြောသည်။

သေနတ်နှင့် ဓာတ်ပုံတွဲရိုက်ထားသည့် လူငယ်များမှာ ရေကျော်ကျေးရွာနှင့် အိုဘိုကျေးရွာကြားရှိ ကြက်မွေးမြူရေး ခြံတခု တွင် အလုပ်လုပ်ကိုင်သူများ ဖြစ်ကြောင်း၊ လတ်တလော ဓာတ်ပုံတွင်ပါဝင်သူ လူငယ်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက် လျက်ရှိသော်လည်း အင်းယာချောင်ကျေးရွာမှ အသက်မပြည့်သေးသည့် ကလေးငယ်မှာ ဖမ်းဆီးခံထားရကြောင်း သိရ သည်။
သေနတ်နှင့် တွဲရိုက်ထားသည့် လူငယ်များ၏ ပုံများအား တွေ့ရှိခဲ့သည်ဟု ဆိုသော်လည်း ၎င်းပုံများတွင် ပါဝင်သည့် သေနတ်မှာ စစ်ကောင်စီ တပ်သားများ ပျောက်ဆုံးသည်ဆိုသော သေနတ်အမျိုးအစား ဟုတ်မဟုတ် သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးပေ။
ဒေသခံအချို့ကမူ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အနေဖြင့် အမှန်တကယ် သေနတ်ပျောက်ဆုံးခြင်း မရှိဘဲ လုပ်ကြံစွပ်စွဲခြင်း သာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) လူငယ်များ ရှိသည်ဟူသော ယူဆချက်ဖြင့် ဖမ်းဆီးနိုင်ရန် လုပ်ဆောင် ခြင်းသာ ဖြစ်ကြောင်း ယူဆသူများလည်း ရှိနေသည်။
“သေနတ် ယူတယ်ဆိုတဲ့ ကောင်လေးတွေတော့ ဖမ်းမိတယ် မကြားဘူး။ အဲဒီပုံထဲမှာ ပါတဲ့သူတွေရဲ့ အိမ်တွေကို လိုက် ဖမ်းတယ်၊ ရှာဖွေတယ်။ ရေကျော်ရွာက တယောက်ရဲ့ ငါးကန်ကိုလည်း ပြည်သူပိုင် သိမ်းလိုက်ပြီဆိုပြီး ပြောသံလည်း ကြား ရပါတယ်” ဟု အခြားသော ဒေသခံတဦးကလည်း ပြောသည်။
ထို့ပြင် ရေကျော်ရွာခံများ ဖမ်းဆီးခံထားရစဉ် ဒီဇင်ဘာ ၂ ရက်ကလည်း အိုဘိုရွာအနီးရှိ မိုင်တဲလ်တာဝါတိုင်အနီး လက်လုပ် ဗုံး တွေ့ရှိခဲ့ရာ ယင်းနေ့ညပိုင်းတွင် စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်ရပ်များနှင့် ဆက်စပ်ပြီး စစ်ကောင်စီတပ်များ အနေဖြင့် လက်ရှိတွင် ရေကျော်ကျေးရွာနှင့် အနီးဝန်းကျင်မှ အင်း ယားချောင်ကျေးရွာ၊ ပြသတိုက်ကျေးရွာတို့ အပါအဝင် ကျေးရွာအချို့တွင် ဝင်ရောက်ရှာဖွေကာ သေနတ်ယူဆောင်သွားသူ ဟု ယူဆရသည့် လူငယ်များနှင့် ဆက်စပ်သူများအား ဓားစာခံအဖြစ် ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အနေဖြင့် နိုဝင်ဘာ ၂၅ ရက် ညပိုင်းက ရေကျော် (အပြင်ရေကျော်) ရွာရှိ ကြံ့ခိုင်ရေး ပါတီ ထောက်ခံသူတဦး၏ နေအိမ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် နိုဝင်ဘာ ၂၆ ရက်နေ့ ကတည်းက စစ်ကား ၂ စီး ဖြင့် ရေကျော်ကျေးရွာသို့ လာရောက် တပ်စွဲထားခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမယ့် ကျူးကျော် ပြဿနာ
ဝင်ငွေနည်း ပြည်သူများ အလူးအလဲခံနေရသည့် အသေးစား ချေးငွေ ဂယက်
အာဏာသိမ်းစစ်ကောင်စီအောက်က လယ်သမားများ ဘဝပျက်လာ
မြန်မာ့လူဦးရေထက်ဝက် တနေ့လျှင် တဒေါ်လာအောက်သာ ဝင်ငွေရှိတော့မည်