မန္တလေးမြို့ အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်အနီးရှိ “ဟိန်းအာကာ” အပ်ချုပ်ဆိုင်၌ အိမ်အကူ လုပ်ကိုင်နေသည့် အသက် ၁၄နှစ်အရွယ် မိန်ကလေးငယ်အား ရိုက်နှက်ညှဉ်းပန်းသည့်အတွက် ဆိုင်ရှင်လင်မယားကို မြို့နယ် ရဲစခန်းက ပုဒ်မ ၂ခုဖြင့် အမှုဖွင့် အရေးယူလိုက်ကြောင်း သိရသည်။
အဆိုပါ မိန်းကလေးငယ်မှာ လာရှိုးမြို့နယ် နမ့်မော်ကျေးရွာမှ မအေးကျင်အမည်ရှိ ပအိုဝ်အမျိုး သမီးတဦးဖြစ်ပြီး ၂၀၁၆ခုနှစ် နိုဝင်ဘာ ၂၈ရက်နေ့မှ စတင်ကာ ဦးနိုင်အောင်(ခ) အားချိုင်နှင့် ဇနီး မဆောင်းနှစ်သစ်ဦးတို့ ပိုင်ဆိုင်သည့် တောင်သမန်ကျေးရွာအုပ်စုမှ ဟိန်းအာကာအပ်ချုပ်ဆိုင်တွင် တလလျှင် ၅သောင်း ၅ထောင် ကျပ်ဖြင့် အလုပ်လုပ်ကိုင်နေခြင်းဖြစ်သည်။
ယခုအခါ အဆိုပါ အပ်ချုပ်ဆိုင်ပိုင်ရှင် လင်မယားကို အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅၊ ၃၂၆ တို့ဖြင့် အမှုဖွင့် အရေးယူကာ တရားရုံး၌ ယနေ့ ရမန်ယူထားကြောင်း သိရသည်။
“ဆိုင်ရှင်လင်မယားကို ဖမ်းထားတယ်၊ အခု ရမန်ယူထားတယ်၊ အိမ်အကူကောင်မလေးကို နှိပ်စက် ထားတယ်ဆိုတာတော့ မှန်ပါတယ်။ စစ်ဆေးတွေ့ရှိသလောက် တကိုယ်လုံးနီးပါး ရိုက်နှက်ထား တာကို တွေ့ရပါတယ်” ဟု အမရပူရမြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မိုးသူရိန် က ဧရာဝတီသို့ ပြောသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ ယနေ့နေ့လည်ပိုင်းက ထန်းတောကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဆောင်ပိုင်ရှင်တဦးတို့က ပူးပေါင်းပြီး မီဒီယာများကို ဖိတ်ကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ခဲ့ခြင်းဖြစ်သည်။
“သမီးကို ဝါယာကြိုးနဲ့လည်းရိုက်တယ်၊ လက်ကိုဟိုဘက် ဒီဘက်ပေါက်အောင် အပ်နဲ့ထိုးတယ်။ ခြေထောက်နဲ့ ကန်တယ်၊ လက်သီးနဲ့လည်းထိုးပါတယ်။ ခိုင်းတဲ့အတိုင်းမလုပ်ရင် မျက်လုံးကို အပ်နဲ့ ထိုးမယ်လို့လည်း ပြောပါတယ်”ဟု သတင်းစာ ရှင်းလင်းပွဲတွင် အိမ်အကူ မိန်းကလေးက မီဒီယာ များကို ပြောပြခဲ့သည်။
၎င်း မိန်းကလေးငယ်ကို လတ်တလောတွင် တောင်သမန်ကျေးရွာအုပ်စု ထန်းတောရွာ ရာအိမ်မှူး ဦးလှတိုးနိုင်၏ နေအိမ်၌ ယာယီစောင့်ရှောက်ထားကြောင်း သိရသည်။
ရပ်ကွက်နေပြည်သူတဦးက အိမ်အကူမိန်းကလေးအား နှိပ်စက်ညှဉ်းပန်းနေမှုကို အမရပူရမြို့ နယ်ရဲစခန်းသို့ ဖေဖော်ဝါရီလကုန်ပိုင်းက သတင်းပေးတိုင်ကြားခဲ့ရာမှ ယင်း အမှုပေါ်ပေါက် ခဲ့ခြင်းဖြစ်သည်။
ဆိုင်ရှင်လင်မယားအား စွဲဆိုထားသော ပုဒ်မ ၃၂၅ (သာမန်လက်နက်ဖြင့် အပြင်းအထန်နာကျင် စေမှု)သည် ထောင်ဒဏ် ၇နှစ်နှင့် ငွေဒဏ်တို့ ကျခံစေနိုင်ပြီး၊ ပုဒ်မ ၃၂၆ (ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှု) သည် ထောင်ဒဏ်တသက်တကျွန်း (သို့မဟုတ်) ၁၀ နှစ်အထိ ပြစ်ဒဏ်ကျနိုင်သည့် ပုဒ်မများဖြစ်သည်။
၂၀၁၅ ခုနှစ်ကလည်း မန္တလေးမြို့ရှိ ပန်ဒိုရာအဆီချလုပ်ငန်းပိုင်ရှင်အမျိုးသမီးက ဆိုင်ဝန်ထမ်း အမျိုးသမီးငယ် တဦးအား ရိုက်နှက်ခြင်း၊ ခွေးလှောင်အိမ်ထဲ ထည့်ထားခြင်း၊ အစာငတ်ခံ ထားခြင်း စသည့် ညှဉ်းပန်းနှိပ်စက်မှုများ ဖြစ်ပွားခဲ့သေးသလို၊ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းကလည်း ရန်ကုန်မြို့ရှိ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုက ကော့မှူးမြို့နယ်မှ အိမ်အကူမိန်းကလေးငယ် ၂ဦးကို နှိပ်စက်နေသည့်အတွက် လက်ရှိ အမှုရင်ဆိုင်နေရသည်။
အလားတူ မကြာသေးမီကလည်း မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အိမ်အကူလုပ်ကိုင်နေသည့် ၁၄နှစ်အရွယ် မခင်ခင်ထွန်းနှင့် ညီမဖြစ်သူက အိမ်ရှင်က ရေနွေးပူဖြင့် လောင်းကာ နှိပ်စက် သည့်အမှု ဖြစ်ပေါ်ခဲ့သည်။