ရခိုင်ပြည်နယ် မောင်တောဒေသရှိ နယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရသည့် အကြမ်းဖက်မှု ဖြစ်စဉ်နှင့် နယ်မြေရှင်းလင်းမှု ဖြစ်စဉ်များအတွင်း မွတ်ဆလင် ၅၀၈ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်းတို့ အားလုံးကို ဘူးသီးတောင်မြို့နယ် တရားရုံးတွင် ရုံထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဖမ်းဆီးထိန်းသိမ်းခံရသူများတွင် အသက် ၁၉ နှစ် အထက် လူကြီး တရားခံဟု ယူဆရသူပေါင်း ၄၉၆ ဦး၊ အသက် ၁၈ နှစ်အောက် လူ ငယ် တရားခံဟု ယူဆရသူပေါင်း ၆ ဦးနှင့် အသက် ၁၆ နှစ်အောက် ကလေး တရားခံပေါင်း ၆ ဦး စုစုပေါင်း ၅၀၈ ဦးရှိရာ အသက် ၁၃ နှစ် အရွယ် မာမတ်ရှော်ဖီးဆိုသူ ကလေးတဦးမှာ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးသွားခဲ့ကြောင်း ရခိုင်ပြည်နယ် အမှတ် (၁) နယ်ခြား စောင့် ရဲတပ်ဖွဲ့က ပြောသည်။
နယ်ခြားစောင့်ရဲကွပ်ကဲမှူး ဌာနချုပ်မှ ရဲမှူးချုပ် သူရစန်းလွင်က “ပြန်ပြီးတော့မှ ဆူပူမှုကို ရှေ့ရှုမယ့် သတင်းတွေ၊ ရွာတွေမှာ လူပြန် စုဆောင်းပြီးတော့မှ သင်တန်းတွေပေးနေတယ်ဆိုတဲ့ သတင်းတွေ လည်း ကျနော်တို့ ဖော်ထုတ်စစ်ဆေးရရှိသလို တည်ငြိမ်မှုကို ပျက် ပြားအောင်လို့ အကြမ်းဖက်မှုကို ရှေ့ရှု့တဲ့လုပ်ငန်း သတင်းတွေလည်း ကျနော်တို့ လက်ရှိမှာ ဖော်ထုတ် ရရှိနေပါတယ်”ဟု သတင်း ထောက်များကို ပြောသည်။
အစိုးရ၏ အစီအစဉ်ဖြင့် ပြည်တွင်း၊ ပြည်ပ သတင်းစာဆရာ ၁၈ ဦး ပါဝင်သော အဖွဲ့တခုသည် မတ်လ ၂၈ ရက်နေ့ ဧပြီလ ၁ ရက်နေ့ အထိ ရခိုင်ပြည်နယ်သို့ သွားရောက်ခွင့် ရရှိခဲ့ပြီး မောင်တောဒေသတွင် ၂ ရက်ကြာ သတင်းရယူခွင့် ရရှိခဲ့သည်။
မောင်တောဒေသ တိုက်ခိုက်ခံရမှု ဖြစ်စဉ်များတွင် လူသတ်မှုဖြင့် စွဲတင်ခံထားရသူ ၄၂၅ ဦး ရှိပြီး လူသတ်မှု၊ ပေါက်ကွဲစေမှု၊ ပြည်သူ့ ဝန်ထမ်းကို အပြင်းအထန် နာကျင်စေမှု၊ မတရားအသင်းနှင့် ဆက်သွယ်မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်စီးမှုှု စသည့် အမှုကြီး ပုဒ်မများဖြင့် မောင်တောမြို့နယ် ငါးခူရနှင့် ပွင့်ဖြူ ရဲစခန်းတို့တွင် အမှုဖွင့် အရေးယူခံထားရခြင်း ဖြစ်ကြောင်း သိရသည်။
ဘူးသီးတောင် မြို့နယ် တရားရုံးတွင် ဘင်္ဂလီ ၅၀၇ ဦးကို သက်ဆိုင်ရာ အမှုတွဲအလိုက် ရုံးထုတ်စစ်ဆေးလျက်ရှိရာ ရုံးချိန်းများတွင် အမှုဖြစ်စဉ်နှင့် ပတ်သက်သူများနှင့် မိသားစုဝင်များ တွေ့ဆုံနိုင်ရန် အာဏာပိုင်များက စီစဉ်ပေးလျက်ရှိကြောင်း ဘင်္ဂလီများ၏ မိသားစုဝင်များက ပြောသည်။
ဖမ်းဆီးထိန်းသိမ်းခံရစဉ် ကွယ်လွန်သွားသူ မာမတ်ရှော်ဖီး၏ ဖခင် ပွင့်ဖြူချောင်းရွာမှ မာမွတ်အလွန်က“ကျနော်သားကို မသကာင်္လို့ ဆိုပြီး စစ်ဝတ်တွေက ဖမ်းသွားတယ်။ သူက ငယ်ငယ်လေးပဲ ရှိသေးတာ။ နောက်ပိုင်းကျတော့ သေသွားပြီလို့ ကျားခေါင်းတောင် ဗိုလ် လေးက ခေါ်ပြောတယ်။ ၂ ရက်လောက်နေတော့ ဘူးသီးတောင် တပ်ရင်းမှူးက ခေါ်ပြောတယ်။ ဘာကြောင့် သေသွားလဲဆိုတာတော့ မသိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းတို့နေထိုင်သည့် ပွင့်ဖြူချောင်းရွာသို့ တပ်မတော် စစ်ကြောင်း ဝင်ရောက်လာပြီး မကြာမီ မီးလောင်ခဲ့ကြောင်း၊ သေနတ်ဖောက်သံံ ကြား၍ ထွက်ပြေးကြပြီးနောက် မီးလောင်သည်ကို တွေ့မြင်ရကြောင်း၊ ရွာမှ ဘင်္ဂလီ ၆၂ ဦးမှာ ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။
“စစ်တပ်က ရွာကို ဝင်လာပြီး မကြာခင်မှာ မီးလောင်တယ်။ သူတို့ မီးရှို့တာကိုတော့ မမြင်ဘူး။ ကျနော်တို့က သေနတ်ဖောက်သံကြား တော့ ထွက်ပြေးရတာ။ အဖမ်းခံရတဲ့ အထဲမှာ မာမွတ်ရှော်ဖီးက အငယ်ဆုံးပဲ”ဟု ပွင့်ဖြူးချောင်းရွာမှ မာမွတ်အာရူးက ပြောသည်။
သတင်းမီဒီယာတွင် တွေ့ဆုံခဲ့ကြသည့် ဘင်္ဂလီအများစုက အဖမ်းခံရသူများသည် အကြမ်းဖက်မှုှုများနှင့် မပတ်သက်ကြောင်း၊ ၎င်းတို့ သည်လည်း အကြမ်းဖက်မှုကို မလိုလားကြောင်း ပြောဆိုသည်။
“ရဲက စိတ်မချရဘူး။ တပ်ရှိမှ သူတို့က ကြောက်တာ။ ရဲက ဥပဒေအပိုင်းမှာလည်း ပျော့ညံတယ်။ တပ်မတော်ကတော့ ထိရောက်တယ်။ သူတို့က အမိန့်ကို မနာခံရင်တော့ ပစ်မှာပဲ”ဟု ဘင်္ဂလီရွာများနှင့် ကပ်နေသည့် ဖားဝက်ချောင်း ကျေးရွာမှ ရခိုင် တိုင်းရင်းသား ဦးသိန်းလှမောင်က ပြောသည်။
“သူတို့က ရခိုင်ပြည်နယ်ကို လာလုတာ။ ရိုဟင်ဂျာနိုင်ငံ ထူထောင်ချင်နေတာ။ မကျော်နိုင်လို့သာ ငြိမ်နေကြတာ။ အဓိကကတော့ ဘာသာရေးကြောင့်ပဲ၊ အခုလည်း NVC ကတ်ကို မယူကြဘူး”ဟု ၎င်းက ဆက်ပြောသည်။
ရဲမှူးချုပ် သူရစန်းလွင်ကလည်း မောင်တော ဒေသတည်ငြိမ်မှု ရရှိစေရန်အတွက် တပ်မတော်က ကျေးရွာအပြင် ဒေသများကို တာ ဝန်ယူရပြီး ရွာထဲတွင် ရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် နိုင်ငံတကာ သတင်းများတွင် လုံခြုံရေး တာဝန်ယူသူများကို ထင်ရောင်ထင်မှား ဖြစ်အောင် ရည်ရွယ်ချက် တခုနှင့် လိုအပ်သည်ထက် ပိုမို ထုတ်လွှင့်နေခြင်းမျိုးကို တွေ့ရှိရကြောင်း မီဒီယာများသို့ ပြောသည်။
“အခြေအနေတခု တည်ငြိမ်လာတဲ့အခါမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့က နယ်မြေတည်ငြိမ်ရေးနဲ့ တရား ဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ပြီး တော့ တပ်မတော်က ပူးပေါင်းဆောင်ရွက်တဲ့ အနေအထားမျိုးနဲ့ လုပ်ဆောင်နေတယ်ဆိုတာ နိုင်ငံတော်က အသိပေး ကြေညာပြီး ဖြစ်ပါတယ်”ဟု ရဲမှူးချုပ်က ပြောသည်။
မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်ကလည်း ဒေသအလိုက်၊ ကျေးရွာအလိုက် အခြေအနေတည်ငြိမ်အောင် လုံခြုံရေးပေးနိုင် သော်လည်း လူတဦးချင်းစီ၏ လုံခြုံမှုကို အာမမခံနိုင်ကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်းက ၎င်းတို့၏ လူများကို ကျေးရွာ အုပ်ချုပ်ရေး ပိုင်းတွင် ပါဝင်ခွင့် ရရှိစေရန် ကြိုးပမ်းမှုများ ရှိနေကြောင်း မီဒီယာများသို့ ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရိုဟင်ဂျာ မွတ်ဆလင်ခေါင်းဆောင် ဆိုသူ အတာအူလာဆိုသူက ၎င်း၏ ပထမဆုံး မီဒီယာအင်တာဗျူးဖြစ်သည့် Reuters သတင်းနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် ကသာ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လူနည်းစု မွတ်ဆလင်အရေးကို အကာအကွယ်ပေးရန် ပျက်ကွက်ပါက လူတသန်းပင် သေဆုံးစေကာမူ ၎င်းတို့ အဖွဲ့အနေဖြင့် ဆက်လက်တိုက်ပွဲဝင်မည်ဟု ပြောဆိုခဲ့သည်။