ပြည်ပအင်အားစုများကို ကျောထောက်နောက်ခံပြုထားသော အင်အားစုတချို့က မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို နိုင်ငံရေးအရ ဓားစားခံပြု သတင်းမှားများ ထုတ်လွှင့် ကာ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် တရုတ် မြန်မာချစ်ကြည်ရေးကို အနှောင့်အယှက်ပေးနေကြောင်း တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ပြောသည်။
“အစစ်အမှန်မဟုတ်တဲ့ သတင်းတွေ ခဏခဏထွက်လာပါတယ်။ ဒီစီမံကိန်းကို အထင်လွဲ မှားစေပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု တရုတ်သံအမတ် ဟုန်လျှံက ပြီးခဲ့သည့် အင်္ဂါနေ့က ရန်ကုန်မြို့တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် စကားပြန်မှ တဆင့်ပြောသည်။
ထိုအင်အားစုများ၊ ပြည်ပအင်အားစုများကို သံအမတ်ကြီးက အမည်ထုတ်ဖော် ပြောဆိုခြင်းမပြုပဲ “သူတို့ရဲ့ ကြံစည်မှု အပေါ်မှာ ကျနော်တို့ သတိထားဖို့ လိုပါတယ်။” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံ၏အသက်သွေးကြော ဧရာဝတီမြစ်ကြောင်းတည်ရှိရာ ကချင်ပြည်နယ်တွင် တည်ဆောက်မည့် အမေရိကန်ဒေါ်လာ ၃.၆ဘီလျှံ ( ကျပ်ငွေ ၅.၄၆ ထရီလျှံ) တန် ထိုစီမံကိန်းသည် ပြင်းထန်သည့်သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများ ဖြစ်နိုင်ချေ ရှိသောကြောင့် နိုင်ငံတဝှမ်းဆန့်ကျင်မှုအပြီး၂၀၁၁ ခုနှစ်တွင် ဆိုင်းငံ့ခဲ့သည်။ ထိုစီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် မကြာသေးမီက တရုတ်နိုင်ငံက ဖိအားပေးခဲ့ခြင်းသည်လည်း နိုင်ငံတဝှမ်းဆန့်ကျင်မှုများကိုသာ ထပ်မံ မီးထိုးပေးခဲ့သည်။
မြစ်ဆုံဆည်သည် တရုတ်နှင့် မြန်မာအကြား တခုတည်းသော အတားအဆီးသာဖြစ်ကြောင်း ပြောကြားပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးကို ဖျက်ဆီးလိုသူများအား သတိပေးလိုက်ပြီး “မြစ်ဆုံ စီမံကိန်းကို အသုံးပြုပြီး တရုတ် မြန်မာချစ်ကြည်ရေးကို အနှောက်အယှက်ပေးတာ အောင်မြင်မှာမဟုတ်ပါဘူး”ဟု သံအမတ်က ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကချင်ပြည်နယ်သို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် ကချင်ပြည်သူများသည် ထိုစီမံကိန်း ပြန်လည်စတင်ခြင်းကို ဆန့်ကျင်ခြင်းမရှိကြောင်း ဟုန်က ပြောကြားရာမှ ထိုဆည်စီမံကိန်းသည် အများပြည်သူ အာရုံစိုက်မှု ပြန်လည်ရရှိလာခြင်းဖြစ်သည်။ ထင်ရှားသော ကချင်ပါတီများက ထိုပြောဆိုချက်ကို ချက်ခြင်းကန့်ကွက်ခဲ့ကြပြီး မတိကျဘဲ အထင်အမြင်လွဲမှားစေရန် ပြောဆိုချက်သာဖြစ်ကြောင်း ကြေညာသည်။
မကြာသေးမီလများ အတွင်း ထိုစီမံကိန်းကို ဆန့်ကျင်သည့်ဆန္ဒပြပွဲများသည် ရန်ကုန်၊ မြစ်ကြီးနားနှင့်ပုသိမ် အပါအဝင် နိုင်ငံတဝှမ်းရှိမြို့ကြီးများတွင် ပေါ်ပေါက်လာသည်။
ဧပြီလအတွင်းက ထင်ရှားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူများ၊ စာရေးဆရာများနှင့် လူမှု အခြေပြုအဖွဲ့အစည်း ခေါင်းဆောင်များသည် ထိုစီမံကိန်းကို ဆန့်ကျင်ရန် နိုင်ငံလုံးဆိုင်ရာ ကော်မတီတခုဖွဲ့စည်းပြီး စီမံကိန်းပြန်လည်စတင်ပါက ပိုမိုပြင်းထန်သော ဆန့်ကျင်မှုများ ပြုလုပ်မည်ဟု အစိုးရကိုသတိပေးခဲ့သည်။
ထိုစီမံကိန်းကိုဖျက်သိမ်းရန် တရုတ်နိုင်ငံကို လျော်ကြေးပေးရန် ပြည်သူလူထုထံမှ တဦးလျှင်တဒေါ်လာ ကောက်ခံမည့် တဒေါ်လာလှုပ်ရှားမှုကိုလည်း ၎င်းတို့ပြုလုပ်ခဲ့သည်။
ရန်ကုန်မှ သာသနာပိုင်ဆရာတော် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ချားလ်ဘိုကလည်း မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရန် မြန်မာနှင့်တရုတ် ခေါင်းဆောင်များကို တောင်းဆိုခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များတွင် မြန်မာနိုင်ငံသားများ၏ ဘဝနှင့်အခွင့်အရေးများကို ကာကွယ်ရန် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
ထိုသို့ မြစ်ဆုံဆည်ကို ဆန့်ကျင်မှုများစွာ ရှိနေသော်လည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် စီမံကိန်းများ အကောင် အထည်ဖော်ရေး အတွက် ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်းနှင့် အနာဂတ်တွင် အားလုံးအကျိုးအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရန် အလားအလာ များစွာ ရှိသည်ဟု တရုတ်သံအမတ်ကြီးက ပြောသည်။
ပြီးခဲ့သော နိုဝင်ဘာလက နှစ်နိုင်ငံတို့သည် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို အောင်မြင်စွာ ပြန်လည်ညှိနှိုင်းခဲ့ပြီး မူဘောင်သဘောတူစာချုပ်တခုကို ချုပ်ဆိုခဲ့သည်။ ထိုစီမံကိန်းသည် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ် အတွက် အိန္ဒိယသမုဒ္ဓရာသို့ ထွက်ပေါက်ပေးမည်ဖြစ်သည်။
လွန်ခဲ့သောလက ကျင်းပသည့် ဒုတိယအကြိမ် ရပ်ဝန်းနှင့် လမ်းညီလာခံတက်ရန် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ဘေဂျင်းသို့ သွားရောက်စဉ် အတွင်း စာချုပ် ၃ ခုကို နှစ်နိုင်ငံ အကြား ချုပ်ဆိုခဲ့သည်။ ထိုစာချုပ်များသည် တရုတ်-မြန်မာစီးပွားရေးစြင်္ကန်(CMEC)၊ ကုန်သွယ်ရေးနှင့်နည်းပညာတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရေးတို့ပါဝင်သည်။
CMEC အရ အကောင်အထည်ဖော်နိုင်ချေ ရှိမည့် ကနဦး စီမံကိန်းစာရင်းကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပြီး မူဆယ်- မန္တလေးရထားလမ်းအတွက် ဖြစ်နိုင်ချေ စစ်တမ်းအစီရင်ခံစာတစောင်ကိုလည်း တရုတ်နိုင်ငံက ပေးအပ်ခဲ့သည်။
မြစ်ဆုံဆည်ကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်သမ္မတရှီကျင့်ပင်တို့ ဆွေးနွေးမည်ဟု အများက မျှော်လင့်ခဲ့သော်လည်း ထိုကိစ္စသည် အစီအစဉ်တွင် မပါဝင်ကြောင်း မြန်မာအရာရှိများက ပြောသည်။
ပြီးခဲ့သည့် အင်္ဂါနေ့ က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင်မူ ဟုန်လျှံက မြန်မာနိုင်ငံ၏ နှစ်ကာလ များစွာကြုံတွေ့နေရသော ဓာတ်အားပြတ်တောက်မှုကိုကိုးကားပြီး မြစ်ဆုံစီမံကိန်းသည် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ဖြည့်ဆည်းရန် ရည်ရွယ်ကြောင်းပြောသည်။
“အခြေခံအဆောက်အအုံ စီမံကိန်းတွေ အကောင်အထည် ဖော်ဖို့ ဆိုရင် မြန်မာနိုင်ငံအတွက် လျှပ်စစ်ဓာတ်အား လိုတယ်” ဟု သူက ပြောသည်။
သို့သော် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ယခု နိုင်ငံတော် လျှပ်စစ်စွမ်းအားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း( SPIC) ဟု ခေါ်သည့် တရုတ်လျှပ်စစ် စွမ်းအားရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း(CPI) တို့ ချုပ်ဆိုသောစာချုပ်အရ ထိုစီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်သို့ ပေးပို့မည်ဖြစ်သည်။
ဆည်စီမံကိန်းကို ဆိုင်းငံ့ထားသည်မှာ ၈ နှစ်ကျော်ပြီဖြစ်ကြောင်းနှင့် ထိုစီမံကိန်းကို အကောင်အထည်ဖော်သည့် ကုမ္ပဏီသည် ဆုံးရှုံးမှုများ ရင်ဆိုင်နေရကြောင်း ဟုန်လျှံက ပြောသည်။
မြန်မာအစိုးရသည် ပြည်တွင်း၌ လာရောက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားကုမ္ပဏီတခုကို တည်ဆဲဥပဒေ အရ ဆောင်ရွက်သည့်နေရာတွင် ၎င်းတို့ရဲ့အကျိုးစီးပွားကို အကာအကွယ်ပေးရန် လိုအပ်ကြောင်း သူက သုံးသပ်သည်။
မြစ်ဆုံဆည်နှင့်ပတ်သက်ပြီး အပြီးသတ်ဆုံးဖြတ်ချက်ချနိုင်ရန် မြန်မာအစိုးရက စိတ်အားထက်သန်စွာ ဆွေးနွေးနေကြောင်းနှင့် ဖြစ်နိုင်ချေ ၃ ခုကို စဉ်းစားနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းက ဇန်နဝါရီလနှောင်းပိုင်းက ပြောကြားထားသည်။
ဖြစ်နိုင်ချေ ၃ ခုသည် ဆည်၏ အရွယ်အစားလျှော့ချခြင်း၊ တည်နေရာ ရွှေ့ပြောင်းခြင်းနှင့် အစားထိုးစီမံကိန်းများ ဆောင်ရွက်ခြင်းတို့ဖြစ်သည်။ ထိုရွေးချယ်စရာများအနက် မည်သည့်အစီအစဉ်ကို ပိုမိုနှစ်သက်သည်ကို အင်္ဂါနေ့က ကျင်းပခဲ့သောသတင်းစာရှင်းလင်းပွဲတွင် တရုတ်သံအမတ်ကြီးက ပြောကြားခြင်း မရှိပါ။
“ဒီကိစ္စကို ပြေလည်စွာ ဖြေရှင်းတဲ့နေရာ နှစ်ဦးနှစ်ဖက် အတွက် အကျိုးရှိတဲ့ နည်းလမ်းကို ရှာဖွေဖို့ကျနော်တို့ သဘောတူထားပါတယ်” ဟု ဟုန် က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် ထိုစီမံကိန်းနှင့် စီမံကိန်း၏ သဘာဝပတ်ဝန်းကျင်နှင့်လူမှုအသိုင်းအဝန်းများ အပေါ် ထိခိုက်မှုကို လေ့လာရန် ကချင်ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် အဖွဲ့ဝင် ၂၀ ပါဝင်သော ကော်မရှင်ကို ၂၀၁၆ ခုနှစ်က ဖွဲ့စည်းခဲ့သည်။ ယနေ့အထိ ထိုကော်မရှင်သည် အစီရင်ခံစာ၂ စောင် တင်သွင်းပြီး ဖြစ်သော်လည်း အစိုးရက မည်သည့်အစီရင်ခံစာကိုမျှ မထုတ်ပြန်သေးပါ။
“စူးစမ်းလေ့လာရေးကော်မတီ က အစီရင်ခံစာ အဖြေထုတ်ဖို့ စောင့်နေပါတယ်။ ပြဿနာကို ကျနော်တို့ ချောချောမွေ့မွေ့ဖြေရှင်းနိုင်ရင် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုကို အထောက်အကူပြုမယ်။ နှစ်နိုင်ငံအကြား ယုံကြည်မှုကိုလည်း အထောက်အကူပြုမယ်” ဟု ဟုန်က ရှင်းပြသည်။
မြစ်ဆုံဆည်နှင့်ပတ်သက်ပြီး လူထုအနေဖြင့် စိတ်ရှည်ရန် လိုအပ်ကြောင်း “မြန်မာနိုင်ငံ အစိုးရ က ထိုကိစ္စကိုသင့်တော်တဲ့ အချိန်မှာ ပြည်သူပြည်သားများ ကျေနပ်မယ့် အဖြေတခု ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု သူက ပြောသည်။
လေးနှစ်ကြာတာဝန်ထမ်းဆောင်ပြီးနောက် တရုတ်သံအမတ်သည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေသည်။ သူသည် လွန်ခဲ့သော အပတ်က နေပြည်တော်တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် ထိပ်တန်းခေါင်းဆောင်များအား နှုတ်ဆက်တွေ့ဆုံခဲ့သည်။
(ဧရာဝတီအင်္ဂလိပ်ပိုင်းသတင်းဌာနတွင် မတ်လ ၂၂ ရက်က ဖော်ပြခဲ့သည့် “Foreign Countries Behind Myitsone Dam Opposition: Chinese Ambassador “ ကိုဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန် – တရုတ်သံအမတ် ဟုန်လျံကို မြစ်ဆုံနှင့် တွဲလျက် အမှတ်ရနေကြမည်
You may also like these stories:
မြန်မာအလံ တရုတ်တို့ ဖြုတ်ချခဲ့မှု ၂ နိုင်ငံ ဆက်ဆံရေး ထိခိုက်၍ နယ်နိမိတ်ပြန်သတ်မှတ်မည်
မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၅
မြစ်ဆုံစီမံကိန်း ကန့်ကွက်သည့် လက်မှတ်များကို တရုတ်သမ္မတထံ ပေးပို့မည်