အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၎င်းတို့အကြား ရပ်တန့်နေသော နိုင်ှူံရေး တွေ့ဆုံဆွေးနွေးပွဲများကို အမြန်ဆုံး ပြန်စတင်လိုကြောင်း မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရစီ မဟာမိတ်တပ်မတော် (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့က ယနေ့ ထုတ်ပြန်လိုက်သည့် သဘောထား ထုတ်ပြန် ကြေညာချက်ထဲတွင် ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ကြေညာချက်တွင် “မြန်မာအစိုးရ NRPC နှင့် မိမိတို့ အဖွဲ့အစည်းများအကြား ရပ်တန့်နေသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကိုလည်း အမြန်ဆုံးစတင်လိုပါကြောင်း မိမိတို့ ညီနောင် မဟာမိတ် ၃ ဖွဲ့၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်” ဟု ဖော်ပြထားသည်။
ထို့အတူ လုံခြုံရေး အာမခံချက် ရှိပါက နေပြည်တော်တွင် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်း အဝေးကို တက်ရောက်လိုကြောင်း ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
ထိုကြေညာချက်တွင် “အကြောင်းအမျိုးမျိုးကြောင့် ကျင်းပရန်ကြန့်ကြာနေသော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကိုလည်း ကိုရိုနာ ကူးစက်ရောဂါအား ထိန်းချုပ်နိုင်သော အခြေအနေတခုအောက်တွင် ပြန်လည်ကျင်းပနိုင်ပါက မိမိတို့အဖွဲ့အစည်းများ အနေဖြင့် FPNCC ၏ ဦးဆောင်မှု၊ လမ်းညွန်မှု၊ လုံခြုံရေး အာမခံချက်ရှိသော အခြေအနေ တခုအောက်တွင် တက်ရောက်ရန် ဆန္ဒအပြည့် အဝ ရှိပါသည်” ဟု ဖော်ပြထားသည်။
သို့သော်လည်း အစိုးရက AA ကို မတရားအသင်း၊ အကြမ်းဖက်အသင်းအဖြစ် တံဆိပ်ကပ်ထားခြင်းက ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုကို နောက်ဆုတ် သွားစေနိုင်သည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက်ထဲ၌ ထည့်သွင်း ဖော်ပြထားသည်။ AA ကို အစိုးရနှင့် တပ်မတော်တို့မှ အကြမ်းဖက်အဖွဲ့ အဖြစ် မတ် ၂၃ ရက်တွင် ကြေညာထားသည်။
၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို နေပြည်တော်တွင် သြဂုတ်လ အတွင်း ကျင်းပရန် လျာထားပြီး ပြုလုပ်မည့် ရက်ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) တွင် အတည်ပြုမည်ဖြစ်သည်။ ထို့ပြင် UPDJC အစည်းအဝေးကို ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) သည် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ ဦးဆောင်ပြီး တရုတ်-မြန်မာ နယ်စပ်နှင့် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အခြေစိုက်ကြသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ စုဖွဲ့ ထားသည့် ကော်မတီဖြစ်သည်။
FPNCC သည် အစိုးရနှင့် အခြားတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များ လုပ်ဆောင်နေသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ် မထိုးလိုကြောင်း ငြင်းဆိုထားပြီး အပစ်ရပ် စာချုပ်အသစ် တခုကို ချုပ်ဆိုရန် တောင်းဆိုထားသည့် ကော်မတီလည်း ဖြစ်သည်။
ညီနောင်မဟာမိတ် ၃ဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သတ်၍ သဘောထား မေးမြန်းရာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက TNLA၊ MNDAA ၊ AA တို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာ စုပင်လုံ စတုတ္ထ အစည်းအဝေးကို တတ်ခြင်း မတတ်ခြင်း ၊ ခွင့်ပြုခြင်း၊ မပြုခြင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အပေါ်တွင်သာ မူတည်သည် ဟု ပြောသည်။
ညီနောင်မဟာမိတ် ၃ဖွဲ့မှကိုယ်စားလှယ်များ ညီလာခံသို့ လာတတ်ရောက်ပါက လုံခြုံရေး အာမခံချက် ပေးနိုင်၊ မပေးနိုင်ကို မေးမြန်းရာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “နိုင်ငံတော်အစိုးရက ခွင့်ပြုတာတို့ NRPC တို့က ခွင့်ပြုလို့ တတ်တဲ့ဟာတွေ ရှိလာရင် လုံခြုံရေး အရက နဂိုတည်းကလည်း အာမခံချက် ပေးပြီးသား ဖြစ်ပါတယ်” ဟု ပြန်လည်ဖြေဆိုသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သတ်၍ ဧရာဝတီမှ မေးမြန်းရန် MNDAA နှင့် TNLA တို့၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံများကို ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့နှင့် အစိုးရ အကြား ငြိမ်းချမ်းရေး ဆွေးနွေး မှုများတွင် ကြားဝင် ညှိနှိုင်းပေးနေသည့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ကွန်ရက် (PCG) မှ ဦးဆန်အောင်က AA ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားခြင်းက ငြိမ်းချမ်းရေးအတွက် ညှိနှိုင်း ဆွေးနွေးရာတွင်လည်း ခက်ခဲစေသည်ဟု ပြောသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့မှ ဦးမျိုးဝင်းက “တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့အတွက်ကတော့ လိုပါတယ်။ ကျနော်တို့ကတော့ ဒီဖြစ်စဉ်မှာ အားလုံး ပါဝင်ဖို့ ဖိတ်ကြားဖို့ လိုတယ် ဆိုတာကို ကျနော်တို့ သဘောထားက ပြောထားပြီးသား ဖြစ်ပါတယ်။ အားလုံးပါဝင်ရင်တော့ ကောင်းပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်ဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။
အစိုးရနှင့် တပ်မတော်တို့ အနေဖြင့် သဘောထားကြီးကြီးဖြင့် တနိုင်ငံလုံးရှိ နယ်မြေအားလုံး အကျုံးဝင်သည့် အပစ်အခတ် ရပ်စဲရေးကို ကြေညာသင့်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်မှလည်း မပြေလည်မှုများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာသင့်ကြောင်း ဦးမျိုးဝင်းက တိုက်တွန်းပြောဆိုသည်။
ညီနောင်မဟာမိတ် ၃ဖွဲ့ ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့နှင့် အစိုးရကြား ပဏာမ အပစ်ရပ်စာချုပ် (Bilateral) ချုပ်ဆိုနိုင်ရေးေ ဆွးနွေးနေမှုများတွင် ကြားဝင်ညှိနှိုင်းပေးနေသည့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ကွန်ရက် (PCG)မှ ဦးဆန်အောင်က “Bilateral ဆွေးနွေးဖို့ကလည်း လက်နက်ကိုင်တွေ ကတော့ ဒီအချိန်မှာ စုစည်းရလည်း ခက်တယ်။ တနေရာသွားလိုက် quarantine ပြန်မိလိုက်ဖြစ်နေတော့။ အွန်လိုင်း ကလည်း အဆင်မပြေဘူး။ လူချင်းတွေ့ဖို့က အဆင်ပြေတယ်ဆိုတာ ဖြစ်နေတော့ ဆက်ဆွေးနွေးမယ့်ဟာက ရပ်နေသလို ဖြစ်နေတယ်။ ကိုဗစ်ပေါ်မှာ မူတည်နေသလို ဖြစ်နေတယ်”ဟု ပြောသည်။
AA ကို အကြမ်းဖက်အဖွဲ့အဖြစ် မတ် ၂၃ ရက်တွင် ကြေငြာလိုက်ခြင်းကြောင့်လည်း အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးဖို့ ကြားဝင် ညှိနှိုင်းပေးခြင်းနှင့် ချိတ်ဆက်ပေးရသည့် လုပ်ငန်းစဉ်များမှာ အခက်အခဲများ ရှိသည်ဟု ဦးဆန်အောင်က ဆိုသည်။
KIA ၊TNLA ၊MNDAA နှင့် AA တို့သည် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ အဖြစ် အတူတကွ Bilateral စာချုပ်ကို ဆွေးနွေးပြီး သဘောထား တခုတည်းဖြင့် ရပ်တည်ကာ အတူတကွ လက်မှတ်ရေးထိုးရန် သဘောတူထားကြသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်နေဆဲဖြစ်သည့် ကာလတွင် အစိုးရဘက်မှ Video Conferencing ပြုလုပ်ပြီး ဆွေးနွေးမည်ဟု ဆိုသော်လည်း မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့၏ ခေါင်းဆောင်များ သည် တနေရာတည်းတွင် အတူမရှိခြင်းတို့ကြောင့် လူချင်းတွေ့ဆုံရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အခြေအနေ တည်ငြိမ်သွားမှသာ တွေ့ဆုံရန် အကြောင်းပြန်ထားခဲ့ခြင်း ဖြစ်သည်။
အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှစ၍ Bilateral စာချုပ် တစောင် ချုပ်ရန် သဘောတူပြီးနောက် စတင် ဆွေးနွေးလာကြခြင်း ဖြစ်သည်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့အနေဖြင့် Bilateral စာချုပ်ထဲတွင် တပ်နေရာ ချထားရေးများ ထည့်သွင်း အတည်ပြု ချုပ်ဆိုလိုပြီး အပစ်ရပ်ပြီးနောက်ပိုင်း ပြန်လည်ပစ်ခတ်ပါက ကြားဝင်ညှိနှိုင်းပေးမည့် စောင့်ကြည့်ရေး ကော်မတီတခုကိုလည်း နိုင်ငံတကာ အသိသက်သေများ ထည့်သွင်းကာ ဖွဲ့စည်းလိုကြောင်း အဆိုပြုထားသည်။
သို့သော် တပ်မတော်ဘက်မှ နိုင်ငံတကာ အသိသက်သေများ ပါဝင်ပြီး ဖွဲ့စည်းမည့် ကော်မတီကို လက်မခံ သေးသည့် အပြင် တပ်နေရာချထားရေးကိစ္စရပ်များလည်း ညှိနှိုှုင်း၍ မရသေးပါ။
ဆက်စပ်လင့်
တပ်မတော်နှင့် ပူးတွဲအပစ်ရပ် ကြေညာချက် ထုတ်လိုကြောင်း မဟာမိတ် ၃ ဖွဲ့ ကမ်းလှမ်း
ငြိမ်းချမ်းရေးထဲမှာ မြန်မာနိုင်ငံကို ထားခဲ့ပါ
ကြားလူပျောက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်
၁၉၄၆ ခုနှစ်၊ မတ်လ ပင်လုံညီလာခံ