သတင်း

CID ဒုရဲမှူးကြီးဇော်ဝင်းကို နေပြည်တော်တွင် ရုံးထုတ်

ဖေ့ဘွတ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မှတ်ချက်ရေးသားခဲ့သည့်အတွက်ကြောင့် ဟုဆိုကာ ဖမ်းဆီးခံထားရသော အင်းစိန် CID သင်တန်းကျောင်းမှ ဒုရဲမှူးကြီးဇော်ဝင်းကိုအား ဖေဖော်ဝါရီလ ၂၄ ရက် မနေ့က နေပြည်တော်ဇမ္မူသီရိမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

“မနေ့က ဇမ္ဗူသီရိတရားရုံးမှာ ပထမဆုံး ရုံးထုတ်ပါတယ်။ ပုဒ်မကတော့ ၅၀၅ (က) ရယ် ရဲစည်းကမ်းရယ် နှစ်ခုနဲ့ အမှု ဖွင့်ခံထားရပါတယ်” ဟု ဒုရဲမှူးကြီးဇော်ဝင်းကို၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။

ဒုရဲမှူးကြီးဇော်ဝင်းကိုသည်၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ပထမပတ်ထဲ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ဆန္ဒပြသူ လူငယ်များအား စစ်တပ်မှ ကားဖြင့် တိုက်ပြီး ဖမ်းဆီးခဲ့ခြင်းနှင့်ပတ်သက်သည့် အကြောင်းကို လူမှုကွန်ရက်စာမျက်နှာပေါ် သဘောထားရေးရာတွင် “လူစိတ်မရှိသော တိရိစ္ဆာန်ထက် ဆိုးသူများ” ဟု ရေးသားခဲ့သည့်အတွက် ဖော်ဖော်ဝါရီလ ၈ ရက်နေ့ က ဖမ်းဆီးခံရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကြားတွင် ပြောဆိုနေကြသည်။

အင်းစိန် CID ရုံးရှိ သင်တန်းဌာနတွင် တာဝန်ထမ်းဆောင်နေသော ဒုရဲမှူးကြီးဇော်ဝင်းကိုအား နေပြည်တော်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စစ်ကောင်စီဖက်က တရားလိုပြုလုပ်ကာ မနေ့ က ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးလာခြင်း ဖြစ်သည်။

ယခု အမှုသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ပုံကိုင်ပုံများနှင့် သဘောမတူသူများ ရှိနေကြောင်း သက်သေပြနေသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် စုစုပေါင်းအင်အား သုံးသောင်းခန့်ရှိပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း CDM လုပ်သူ ထွက်ပြေးသူနှင့် ကျဆုံးသူ စုစုပေါင်းမှာ စုစုပေါင်းရဲတပ်ဖွဲ့အင်အား၏ သုံးပုံတပုံခန့် ရှိလာနေပြီဖြစ်ကြောင်းဟု လေ့လာသူများ ခန့်မှန်းနေကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲတွင် တာဝန်ထမ်းလိုခြင်း မရှိတော့သည့်အတွက် CDM ပြုလုပ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်ပေါင်း ၆ ထောင်နီးပါးရှိသည်ဟု CDM ပြုလုပ်သူများအား ကူညီပေးနေသည့် ပြည်သူ့ရင်ခွင်အဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေပြီး လုပ်သက်ပြည့်၍ ထွက်ခွင့်တင်သော ရဲတပ်ဖွဲ့ဝင်များအား နုတ်ထွက်ခွင့်မပြုတော့ကြောင်းလည်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ကဖမ်းဆီးခံရသူများထဲတွင် အင်းစိန် CID သင်တန်းကျောင်းမှ ဒုရဲမှူးကြီးဇော်ဝင်းကိုမှာ ရာထူးအကြီးဆုံးဖြစ်ပြီး မကြာသေးခင် ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်နွယ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း CDM ရဲအရာရှိအချို့ကkဆိုသည်။ အသေးစိတ်ကို စုံစမ်းဆဲ ဖြစ်သည်။

You may also like these stories:

CID ဒုရဲမှူးကြီး အဖမ်းခံရ

ဒုဗိုလ်ချုပ်ကြီးသန်းလှိုင် ကစထမှူး ရာထူးမှ ဖယ်ရှားခံရ

စစ်ကောင်စီရဲ့ မြေလှန်မီးတိုက်စစ်ဆင်ရေးနဲ့ ပြာပုံထဲက ပြည်သူ့ စိတ်ဓာတ်

ဒီမိုကရေစီညွှန်းကိန်းတွင် မြောက်ကိုရီးယားအောက် မြန်မာရောက်

ဗိုလ်ရှုသဘင်နောက်ပိုင်း နေပြည်တော်တွင် ကိုဗစ်ပိုးတွေ့မှု မြင့်တက်လာ

Loading